မြောက်ပိုင်းသုံးဖွဲ့၏ စစ်ဆင်ရေး ၁၀၂၇ သည် ယခုအခါ ၁၀ ရက်ကျော်ခဲ့ပြီ ဖြစ်၏။ တိုက်ပွဲအရှိန်သည် သိသိသာသာ ကျမသွားသေးပေ။ စစ်ဆင်ရေးစပြီး တပတ်ခန့်ကြာသည်အထိ စစ်ကောင်စီတပ်မှ ပြန်လည်ထိုးစစ်ဆင်မှု စတင်နိုင်ခြင်း မရှိသေးပေ။ ယခုမှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်ကြုံးဝါး ဟန်ရေးပြရုံသာ ရှိသေးသည်။
စစ်ဆင်ရေး ၁၀၂၇ မြေပြင်အခြေအနေ
တပတ်ခန့်အတွင်း စစ်စခန်း ၁၀၀ နီးပါးခန့် ကျသွား၏။ မြောက်ပိုင်းသုံးဖွဲ့က လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိသွားသည်။ မြောက်ပိုင်းသုံးဖွဲ့၏ ထိုးစစ်ကို ကြံကြံ့ခံထားနိုင်သည့် စခန်းများမှာ ကွန်လုံ၊ မုန်းကျက်၊ နန့်ပေါင် (လာရှိုး-တန့်ယန်းလမ်းမပေါ်)၊ မုန်းကိုးတို့သာ ရှိ၏။ ကျန်စခန်းအများစုမှာ မယုံနိုင်စရာ အချိန်တိုအတွင်း မြောက်ပိုင်းသုံးဖွဲ့လက်တွင်း ကျဆင်းသွား၏။ သံချပ်ကာနှင့် တင့်ကား ခြောက်စီးပါသွား၏။ ချင်းရွှေဟော်၊ ကြူကုတ် ပန်ဆိုင်းနှင့် ဖောင်းဆိုင်တို့ ကျသွားကြောင်း မြန်မာစစ်တပ်က ဝန်ခံခဲ့ရသည်။
နမ္မတူမြစ်မြောက်ဘက်ရှိ သိန္နီမြို့ကို မြောက်ပိုင်းသုံးဖွဲ့က ထိန်းချုပ်ထားသော်လည်း နမ္မတူမြစ်တောင်ဘက်တွင် စကခ ၁၆၊ ခလရ ၆၉ တပ်များက ခံစစ်ဆင်နေဆဲဖြစ်၍ သိန္နီမြို့ ကျပြီဟု မြန်မာစစ်တပ်က ဝန်ခံခြင်း မရှိသေးပေ။ ထို့ပြင် မုန်းကိုးဒေသတွင် စစ်ကောင်စီတပ်စခန်းအချို့ ကျသွားပြီဖြစ်သော်လည်း ဗျူဟာကုန်း မကျသေး၍ မုန်းကိုးကျပြီဟု စစ်ကောင်စီက ဝန်မခံသေးပေ။
သို့သော်လည်း ရှမ်းပြည်မြောက်ပိုင်းရှိ ဆက်သွယ်လမ်းကြောင်းများ အပိုင်းပိုင်း ပြတ်တောက်သွားသည်။ ထို့ပြင် ချင်းရွှေဟော်၊ ကွန်လုံ၊ သိန္နီ၊ ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ်၊ ၁၀၅ မိုင်၊ ကြူကုတ်ပန်ဆိုင်း၊ ဖောင်းဆိုင်၊ နောင်ချို၊ ကျောက်မဲ စသည့်မြို့များတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယား ပျက်ပြားသွား၏။ ၁၀၅ မိုင်၊ မူဆယ်၊ ကျင်းစန်းကျော့နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ရပ်တန့်သွား၏။ စစ်ကောင်စီဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ရှမ်းမြောက်တွင် လားရှိုး၊ သီပေါ၊ တန်ယန်း၊ ဟိုပန်၊ ပန်လုံတို့တွင်သာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားထိန်းထားနိုင်၏။ ရှမ်းမြောက်မြို့အများစုတွင် အုပ်ချုပ်ရေးယန္တယား ပျက်သွားပြီဖြစ်၏။
မြန်မာစစ်တပ်၏ တုန့်ပြန်နိုင်စွမ်း
စစ်ကောင်စီတပ်သည် ၁၀၂၇ စစ်ဆင်ရေး စပြီးနောက် ပထမအဆင့်အဖြစ် လေကြောင်းဖြင့် တပ်အင်အားဖြည့်တင်းပြီး လားရှိုးမြို့ လုံခြုံရေးကို အားဖြည့်နေရ၏။ ဒုတိယအဆင့် ကွန်လုံသို့ လေကြောင်းဖြင့် တပ်အင်အားဖြည့်တင်းပြီး ကွန်လုံခံစစ်ကို အားဖြည့်နေရ၏။
တတိယအနေဖြင့် သိန္နီမြို့တောင်ဘက်ရှိ စကခ ၁၆ သို့ စစ်ကူအင်အား အနည်းငယ်ဖြည့် တင်း၏။ စတုတ္ထအနေဖြင့် အပိုင်းပိုင်း ဖြတ်တောက်ခံထားရသည့် ရှမ်းမြောက်ရှိ စခန်းများအား လေကြောင်းမှ ရိက္ခာ၊ ခဲယမ်းပို့နေရ၏။ အချို့ကို ရဟတ်ယာဉ်နှင့်ပို့ပြီး အချို့အား လေထီးဖြင့် ချပေးသည်ကို တွေ့ရသည်။
ပဉ္စမအနေဖြင့် ပြင်ဦးလွင်မှ သံချပ်ကာကားများအပါအဝင် တပ်အင်အား အချို့စေလွှတ်ပြီး နောင်ချိုကို ထိုးစစ်ဆင်ချီတက်ခိုင်းသည်ကို တွေ့ရ၏။
ထိုစစ်ကူများကို ပြင်ဦးလွင်နှင့်နောင်ချို ကြားရှိ အုမ္မတီး၊ အုမ္မခါး၊ ရွှေညောင်ပင်တဝိုက်တွင် မန္တလေး PDF နှင့် TNLA ပူးပေါင်းအင်အားများက ဖြတ်တောက်တိုက်ခိုက်ထားသဖြင့် ရှေ့မတိုးနိုင်သေးပေ။
သို့ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်အများစု ကြံ့ကြံ့ခံ၍ ခုခံနိုင်ခြင်းမရှိဘဲ အချိန်တိုအတွင်း ပြိုဆင်းသွားသည်။ ရှမ်းမြောက်ရှိ မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းများ အပိုင်းပိုင်း ဖြတ်တောက်ခံရ၏။ ဤအခြေအနေတွင် စစ်ကောင်စီတပ် ခေါင်းဆောင်ပိုင်းသည် တပတ်ခန့်ကြာသည်အထိ ပြန်လှန် ထိုးစစ်ဆင်နိုင်ခြင်း မရှိ။ လားရှိုး၊ ကွန်လုံမြို့များနှင့် သိန္နီမြို့အနီးတွင်သာ ခံစစ်အင်အား ဖြည့်နိုင်သေး၏။ ကျန်မည်သည့်နေရာကိုမှ ပြန်လှန် ထိုးစစ်ဆင်နိုင်ခြင်း မရှိသေးပေ။ နောင်ချိုသို့ စေလွှတ်သည့်တပ်များမှာလည်း နှစ်ရက်ကြာသည့်တိုင် ရှေ့မတိုးနိုင်သေးပေ။ အပိုင်းပိုင်းပြတ်နေသော ဆက်သွယ်ရေး လမ်းကြောင်းများကိုလည်း ပြန်လည်ထိန်းသိမ်းနိုင်ခြင်း မရှိသေးပေ။
၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်၏ တပ်အင်အား မလုံလောက်မှုပြဿနာမှာ ပေါ်လွင်လာ၏။ ယခု လားရှိုးသို့ လေကြောင်းဖြင့်ပို့သော တပ်များသည် စကခ ၁၄ နှင့် စကခ ၁၈ တို့မှ ထုတ်နုတ်လာသည်ဟု သိရ၏။ ထိုတပ်များအား ရှမ်းတောင်နှင့် ကရင်နီဒေသမှ ဆွဲထုတ်လာခြင်းဖြစ်၏။ ပြင်ဦးလွင်မှ နောင်ချိုသို့ တက်လာသည့်တပ်မှာ ပခုက္ကူ တပ်မ ၁၀၁ မှ ဆွဲထုတ်လာသည့်တပ်ရင်း ဖြစ်၏။ သို့သော် အင်အား ၁၅၀ ခန့်သာရှိ၍ နောင်ချိုသို့ မတိုးနိုင်ဘဲ စစ်အင်အားဖြည့်တင်းရန် လိုအပ်နေသည်။
သို့သော် စစ်ကောင်စီတပ်အတွက် ရှမ်းပြည်မြောက်ပိုင်းသို့ စစ်အင်အား စိတ်ကြိုက် ဖြည့်တင်းနိုင်ရန် မလွယ်ကူပေ။ လက်ရှိ စစ်မျက်နှာဖွင့်ထားသည့် ကချင်၊ ကရင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ စသည့် လက်ရှိတိုက်ခိုက်နေရသည့် စစ်မျက်နှာများအပြင် မြောက်ပိုင်းသုံးဖွဲ့၏အဖွဲ့ဝင်ဖြစ်သော AA တပ်အများစုရှိသည့် ရခိုင်စစ်မျက်နှာနှင့် မြောက်ပိုင်းသုံးဖွဲ့နှင့်မဟာမိတ်ဖြစ်သော SSPP တပ်ဖွဲ့များ အားကောင်းမောင်းသန်ရှိသည့် ရှမ်းပြည်တောင်ပိုင်းတွင် စစ်မျက်နှာသစ် ဖွင့်လာနိုင်ချေများနေသည်ကို ထည့်သွင်းတွက်ချက်နေပုံရ၏။
ရှမ်းပြည်မြောက်ပိုင်းတွင် ကချင်၊ တအာင်းပလောင်၊ ကိုးကန့်တို့က ထိန်းချုပ်နယ်မြေများ တခုပြီးတခု ရနေချိန်တွင် ရှမ်းများက တနေရာမှမရဘဲ ထိုင်ကြည့်နေရန် ခက်ခဲလိမ့်မည်။ ကချင်စစ်မျက်နှာနှင့် ရှမ်းမြောက်စစ်မျက်နှာတွင်သာမက စစ်ကိုင်းတွင်ပါ AA တပ်ဖွဲ့ ပါဝင်နေသည်ကို ဗြောင်အတိအလင်း ကြေညာထားသည်။ စစ်ကောင်စီခေါင်းဆောင်များသည် KIA, MNDAA, TNLA တို့အား ပြစ်တင်ကြိမ်းမောင်းနေသော်လည်း AA နှင့်ပတ်သက်၍ တခွန်းတပါဒမှ ထည့်သွင်း ပြောဆိုသည်ကို မတွေ့ရပေ။
AA ကို အပစ်အခတ်ရပ်စဲရေး NCA ထိုးခွင့်မပြုနိုင်၊ လက်နက်စွန့်ရမည်ဟု ခပ်မာမာဆိုခဲ့သော မြန်မာစစ်တပ်၊ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဇွတ်ကြေညာခိုင်းခဲ့သော မြန်မာစစ်တပ်သည် ယခုအခါတွင် AA နှင့်ပတ်သက်၍ အသံမထွက်ရဲသည်ကို တွေ့ရ၏။ ရခိုင်တွင် စစ်မျက်နှာသစ်ဖွင့်ရမည်ကို မြန်မာစစ်တပ် လွန်စွာစိုးရိမ်နေသည့်အချက်၊ မြန်မာစစ်တပ် တပ်အင်အား မလုံလောက်သည့်အချက်ကို ရှင်းရှင်းလင်းလင်း တွေ့ရ၏။
ထို့ပြင် စစ်ကောင်စီတပ်သည် မြောက်ပိုင်းသုံးဖွဲ့၏ နိုင်ငံရေးမဟာမိတ်ဖြစ်သော UWSA နှင့် NDAA ကိုလည်း စိတ်ချပုံမရပေ။ ယခုရက်ပိုင်းတွင်း ကျိုင်းတုံ-မိုင်းလား ကားလမ်းကို တာပင်းဂိတ်မှ သွားလာခွင့်အပါအဝင် မိုင်းလားဒေသမှ ကျိုင်းတုံဒေသသို့ သွားလာသည့်လမ်းများအား ပြန်လည် ပိတ်ပင်လိုက်သည်ကို တွေ့ရ၏။ ရှမ်းအရှေ့ တြိဂံတိုင်းတွင် တိုင်းတပ်နှင့် စကခ ၁၄၊ ၁၈ စုစုပေါင်း တပ်ရင်း ၄၀ ရှိရာမှ ၁၅ ရင်းခန့် ထုတ်နုတ်ထားသည်ဖြစ်ရာ ရှမ်းအရှေ့အတွက်လည်း ရတက်မအေး ဖြစ်နေပုံရသည်။
မြန်မာစစ်တပ်လော်ဘီများက ၁၉၈၆၊ ၁၉၈၇ စီစီဝမ် တာပန်တိုက်ပွဲများမှသည် ၂၀၁၅ ခုနှင့် ကိုးကန့် စစ်ပွဲကာလအထိ ရည်ညွှန်းပြီး နောက်ဆုံးတွင် ရွှေဘအနိုင်ရမည်၊ မြန်မာစစ်တပ်က အနိုင်ရမည်ဟု ဆိုနေကြသော်လည်း လက်တွေ့တွင် မြန်မာစစ်တပ် ပြန်လှန်ထိုးစစ်ဆင်ရန်အတွက် စုစည်းစရာ တပ်မရှိပေ။
စီစီဝမ် တာပန်ကာလက တပ်မ ၃၃၊ တပ်မ ၉၉ နှင့် ရမခ တပ် စုစုပေါင်း အင်အား ၁ သောင်းခန့် စုစည်းနိုင်သည့် အခြေအနေသည် လည်းကောင်း၊ ၂၀၁၅ ကိုးကန့် စစ်ပွဲကာလက တပ်မ၊ စကခများ၊ တိုင်းနှင့် ဒကစတပ်များ စုစုပေါင်း အင်အား ၇,၀၀၀ ခန့် စုစည်း ထိုးစစ်ဆင်နိုင်ခဲ့သည့် အခြေအနေသည်လည်းကောင်း အတိတ်တွင် ကျန်ခဲ့ပြီဖြစ်၏။
လောလောဆယ် စစ်ဆင်ရေး ၁၀၂၇ တွင် စစ်ကောင်စီတပ်သည် တပ်ရင်း ၂၀ ကျော်ခန့်အင်အား ၂,၀၀၀ ကျော်ခန့် ထုတ်နုတ်စုစည်းရန် စီစဉ်နေသည်ဟု သိရသော်လည်း လက်တွေ့ချက်ချင်း ထုတ်နုတ်စုစည်းရန် ခက်ခဲနေသည် တွေ့ရ၏။
တဖက်တွင်လည်း လက်ရှိ ရှမ်းမြောက်တွင် ရင်ဆိုင်နေရသော မြောက်ပိုင်းသုံးဖွဲ့နှင့် PDF, PLA, BPLA စုစုပေါင်းအင်အား ၂၀,၀၀၀ ခန့်ရှိရာ စစ်ကောင်စီတပ်သည် ထိုအင်အားထက် သာလွန်သည့် စစ်အင်အားကို စုစည်းရန် မဆိုထားနှင့် ထိုအင်အားကို ယှဉ်နိုင်သည့် စစ်အင်အားကို စုစည်းရန် မလွယ်ကူပေ။ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး ၊ မန္တလေး၊ ပဲခူးဒေသများကလည်း စစ်ရှိန်မြှင့်လာနေ၏။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ တပြိုင်တည်း ဖော်ဆောင်လာရာ မြေပြင်စစ်ကူ မဆိုထားနှင့် လေတပ်ပင် မလုံလောက်တော့ပေ။
ထို့ကြောင့်လည်း ရှမ်းမြောက်ရှိစခန်းများကို မဆုတ်တမ်းခံစစ်အဖြစ် မကျင့်သုံးဘဲ ခွာစစ်ဆင်ပြီး စခန်းကြီးများတွင် ပူးပေါင်းရန် တိုက်တွန်းနေသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ရှမ်းမြောက်ရှိ မြောက်ပိုင်းသုံးဖွဲ့ သိမ်းပိုက်ထားသည့် စခန်းအားလုံးကို ပြန်လည်စစ်ဆင်ရန် မဆိုထားနှင့် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းမ ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည် ထိန်းချုပ်နိုင်ရန်ပင် အချိန်တိုအတွင်း မဖြစ်နိုင်ပေ။
မြောက်ပိုင်းသုံးဖွဲ့နှင့် KIA ကလည်း တနေရာပြီးတနေရာ သိမ်းနေရာ ယခုအခါ နမ့်ခမ်းမြို့ဝင်ဂိတ်၊ ကြိုးတံတားစခန်းများ အသိမ်းခံရပြီး နမ့်ခမ်းမြို့ ပင်မစခန်းကြီးသာ ကျန်တော့၏။ မုန်းကိုး၊ မုန်းပေါ်တို့မှာလည်း ဆက်လက် တိုက်ခိုက်ခြင်းခံနေရပြီး စစ်ကူပို့နိုင်ခြင်း မရှိပေ။
စစ်ပွဲရပ်တန့်ရေး
လက်ရှိအချိန်တွင်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူများက ရှမ်းမြောက်မှ စစ်ပွဲများကို ရပ်တန့်ပြီး တွေ့ဆုံဆွေးရန် တိုက်တွန်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်သည်ကို တွေ့ရ၏။
တရုတ်အဖို့ဆိုရလျှင် တရုတ်နယ်စပ်တလျှောက် တည်ငြိမ်စေလိုသည်။ ရပ်တန့်သွားသော တရုတ်နယ်စပ် ကုန်သွယ်ရေး ပြန်လည် ပုံမှန်လည်ပတ်စေလိုသည်မှာ သဘာဝကျပေသည်။ သို့သော် လက်ရှိ မြန်မာပြည်၏ နိုင်ငံရေး၊ အခြေအနေနှင့် ရှမ်းပြည်မြောက်ပိုင်း စစ်ရေးအခြေအနေတို့ကြောင့် လက်ရှိအချိန်တွင် ရှမ်းပြည်မြောက်ပိုင်းစစ်ပွဲအား ရုတ်ချည်းရပ်တန့်ရန် မဖြစ်နိုင်သေးပေ။
ပထမအချက်မှာ စစ်ပွဲပြီးရပ်တန့်ပြီး ဆွေးနွေးမှုများပြုလုပ်ရန် နှစ်ဖက်တပ်များသည် ရောက်သည့်နေရာတွင် ရပ်တန့်ပြီး မိမိတပ်ရှိရာနယ်မြေကို ထိန်းချုပ်ကြမည်ဖြစ်ရာ လက်ရှိမြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်ထားသည့် မြို့များ၊ စခန်းများကို စစ်ကောင်စီတပ်က အသိအမှတ်ပြုရန် မဖြစ်နိုင်ပေ။
လက်ရှိ မြောက်ပိုင်းသုံးဖွဲ့ ထိန်းချုပ်ထားသည့် နေရာများကို ပေးလိုက်ရပါက တရုတ်နယ်စပ်ကုန်သွယ်ရေး တခုလုံး မြောက်ပိုင်းသုံးဖွဲ့ လက်ထဲ အပ်လိုက်ရပေလိမ့်မည်။ သို့ဖြစ်ရာ လက်လွှတ်ခဲ့ရသော နေရာများ၊ စခန်းများ၊ မြို့များကို ပြန်လည်ထိန်းချုပ်နိုင်အောင် စစ်ကောင်စီတပ်က ပြန်လည် ထိုးစစ်ဆင်ဦးမည်သာ ဖြစ်သကဲ့သို့ မြောက်ပိုင်းသုံးဖွဲ့ကလည်း ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ဦးမည်ဖြစ်၏။
တဖက်ကလည်း မြောက်ပိုင်းသုံးဖွဲ့အား ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိန်းချုပ်ထားနိုင်ခဲ့သည့် နေရာများမှ ဖယ်ရှားပေးရန် စစ်ကောင်စီတပ်က တောင်းဆိုလာပါကလည်း မြောက်ပိုင်းသုံးဖွဲ့ဖက်က လိုက်လျောဖွယ် မရှိပေ။
ဒုတိယအချက်အနေဖြင့် စစ်ဆင်ရေး ၁၀၂၇ ၏ စစ်ရေးရည်မှန်းချက်သည် ယခုအချိန်အထိ ပေါက်မြောက်သေးပုံ မရသေးပေ။ ပိတ်ဆို့ ဖြတ်တောက်ထားနိုင်သည် မှန်သော်လည်း ထိန်းချုပ်ဧရိယာတခု ပီပီပြင်ပြင် ပုံပေါ်မလာသေးပေ။ ၁၀၂၇ စစ်ဆင်ရေး၏ စစ်ရေးရည်မှန်းချက်သည် ထိန်းချုပ်ဧရိယာတခု၊ ဒေသတခု ပီပီပြင်ပြင် ပေါ်လာရေးဖြစ်ပုံရ၏။ ထို့ကြောင့် စစ်ပွဲ အမြန်ရပ်တန့်ရန် ခက်ခဲမည်ဖြစ်၏။
ဤသို့သော မြေပြင်စစ်ရေး အခြေအနေအောက်တွင် ရှမ်းပြည်မြောက်ပိုင်း၌ စစ်ပွဲရပ်ပြီး ဆွေးနွေးကြရန်ဆိုသည်မှာ ဖြစ်နိုင်ချေ လွန်စွာနည်း ပါးနေသေးသည်ဟု သုံးသပ်ရသည်။ ထို့ပြင် နိုင်ငံရေးဆိုလျှင်လည်း မြန်မာပြည်နိုင်ငံရေး အခြေအနေသည် လက်ပူတိုက်၍ ဆေးမြီးတိုနှင့် ကု၍ရနိုင်တော့သည့် အခြေအနေမျိုး မဟုတ်ပေ။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။