၁၀၂၇စစ်ဆင်ရေးသုံးရက်မြောက်နေ့ပါ။၃ရက်မြောက်တဲ့အထိစစ်ကောင်စီဟာထိရောက်တဲ့တုန့်ပြန်မှုဘာမတစ်ခုမှမလုပ်နိုင်သေးပါဘူး။မနေ့ကလက်လွတ်လိုက်ရတဲ့ချင်းရွေဟော်မြို့အနီးကိုလေထီးနဲ့အင်အား၈၀ခန့်လာချခဲ့သေးတယ်။ဒါပေမယ့်တော်လှန်ရေးအဖွဲ့တွေကသိရှိသွားလို့ထိုလေထီးခုန်စစ်ကူအဖွဲ့ကိုအမြစ်ပြတ်သုတ်သင်နိုင်ခဲ့တယ်။ထိုစစ်ကူအဖွဲ့ဟာစစ်ကိုင်းတပ်မ၃၃ကရွာစဉ်လှည့်လူသတ်မီးရှို့နေတဲ့အဖွဲ့ကလို့သိရတယ်။အခုတော့အဖွဲ့လိုက်ငရဲကိုသွားကြပြီပေါ့။အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်နေတဲ့စစ်သူပုန်မှန်သမျှနောက်ဆုံးမှာဒီလမ်းပဲသွားရမှာပဲ။အနှေးနဲ့အမြန်ပဲကွာမယ်။ရန်သူသိမ်းပိုက်ထားတဲ့စစ်ဆင်ရေးနယ်မြေထဲကိုလေထီးနဲ့စစ်ကူပို့ရဲတဲ့အထိစစ်တပ်ရဲ့စစ်ရေးစွမ်းရည်ဟာအတွေးအခေါ်မရှိနုံခြာစုတ်ပြတ်နေပါပြီ။မြေပြင်မှာလဲစစ်ကူလွတ်လိုက်တဲ့အင်အား၇၀ကိုတော်လှန်ရေးအဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်၄၀ခန့်သေဆုံးသွားပြီးကျန်တဲ့စစ်သူပုန်တွေထွက်ပြေးသွားတယ်။စစ်ကောင်စီဟာစစ်ဆင်ရေးနယ်မြေထဲကိုမြေပြင်ကနေစစ်ကူလွတ်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ဒါ့ကြောင့်တပ်စခန်းတွေသာတစ်ခုပြီးတစ်ခုလက်လွတ်နေရတယ်။အခုချိန်ထိစစ်ကောင်စီတပ်စခန်းပေါင်း၆၀ခန့်အထိသိမ်းပိုက်ရရှိထားပြီးပါပြီ။ရရှိထားတဲ့လက်နက်ခဲယမ်းတွေလဲမနည်းမနောပဲ။တနိုင်ငံလုံးကစစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေကလဲ၁၀၂၇စစ်ဆင်ရေးကိုတခဲနက်ထောက်ခံနေကြတယ်။
ဒီနေ့မှာလဲမဟာဗျူဟာအရအရေးပါတဲ့သိန္ဒီမြို့ကိုညီနောင်မဟာမိတ်အဖွဲ့တွေထိန်းချုပ်လိုက်နိုင်ပြီလို့သိရတယ်။သိန္ဒီမြို့ဟာတရုတ်ကုန်သွယ်ရေးနယ်စပ်မြို့နှစ်ခုဖြစ်တဲ့မူဆယ်နဲ့ချင်းရွေဟော်ကိုသွားမယ့်လမ်းဆုံလမ်းခွမှာတည်ရှိနေတယ်။ထိုမြို့ကိုထိန်းချုပ်လိုက်နိုင်ခြင်းကြောင့်ရှမ်းမြောက်တခွင်လုံးကိုစစ်တပ်ကမြေပြင်မှစစ်ကူပို့ပေးဖို့ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ပြောမယ့်သာပြောရတယ်၊စစ်ကောင်စီဟာတိုက်ခိုက်ခံနေရတဲ့သူစခန်းတွေကိုစစ်ကူပို့ပေးဖို့နေနေသာသာသူတို့ရဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့လားရှိုးမြို့တောင်ခြိမ်းခြောက်ခံနေရပါပြီ။မနေ့ညကလားရှိုးမြို့နားမှတိုက်ပွဲတွေဖြစ်နေပြီးစစ်ကောင်စီကအတွဲလိုက်ဒုံးတွေနဲ့ဆက်တိုက်ပစ်နေတယ်။လာရှိုးမြို့တောင်အဝိုင်းခံနေရပြီလားမပြောတတ်ဘူး။
နိုဝင်ဘာ ၂၅၊ ၂၀၂၃။ (စနေ)
တော်လှန်ရေးအဖွဲ့တွေဟာစစ်ကိုင်းတိုင်းထဲကတတိယမြောက်မြို့အဖြစ်ရွှေပြည်အေးမြို့ကိုထပ်မံသိမ်းယူလိုက်နိုင်တယ်။ရွှေပြည်အေးမြို့ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့ကြီးတစ်ခုဖြစ်တဲ့ဟုမ္မလင်းမြို့အောက်ဘက်မှာတည်ရှိပြီးတော်လှန်ရေးအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်တုန်းကတစ်ခါသိမ်းပိုက်နိုင်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကအခုလိုတနိုင်ငံလုံးမှာတိုက်ပွဲတွေမပြင်းထန်သေးတဲ့အတွက်စစ်တပ်ကအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လို့ပြန်ပေးလိုက်ရတယ်။အခုတော့အပြီးသိမ်းနိုင်လိုက်ပါပြီ။ ချင်းပြည်နယ်မှာလဲဒုတိယမြောက်မြို့တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်နိုင်တယ်။ချင်းပြည်နယ်တောင်ပိုင်ကလိုင်လင်းပီမြို့လေးပါ။လတ်တလောမှာချင်းပြည်နယ်ထဲကဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံးကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်နေပြီလို့သိရတယ်။ဟားခါး၊မင်းတပ်မတူပီစတဲ့မြို့ကြီးတွေကိုဝင်ရောက်သိမ်းပိုက်ဖို့ပဲကျန်တော့တယ်။ထိုမြို့တွေကထိန်းချုပ်နိုင်ရင်အရင်ကပြောခဲ့သလိုပဲချင်းပြည်နယ်ဟာပထဝီအနေအထားအရပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်။