ဒီနေ့ဟာမြန်မာပြည်မှာစစ်အာဏာရှင်အမြစ်ဖြတ်လက်နက်ကိုင်တော်လှန်ရေးနောက်တဆင့်တက်လှမ်းလိုက်တဲ့နေ့တစ်နေ့ပါ။မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့MNDAA/TLNA/AAတို့ဟာ၁၀၂၇စစ်ဆင်ရေးကိုအကောင်အထည်ဖော်လိုက်ပါပြီ။ထိုစစ်ဆင်ရေးကိုတရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကိုတိုက်ဖျက်ဖို့အကြောင်းပြထားပေမယ့်နောက်ကွယ်မှာစစ်တပ်ကိုအမြစ်ဖြတ်ဖို့ရည်ရွယ်ချက်တွေလဲပါနေတယ်။
ဒီနေ့မနက်အစောပိုင်းကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းတခွင်လုံးကစစ်ကောင်စီတပ်စခန်းအားလုံးကိုထိုမြောက်ပိုင်းသုံးဖွဲ့တပ်တွေအလုံးအရင်းနဲ့အလစ်အငိုက်ဝင်ရောက်ခိုက်နေပါပြီ။စစ်ဆင်ရေးလုပ်တဲ့ဧရိယာဟာအတော်ကျယ်ပြန့်ပြီးစစ်ကောင်စီအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိတဲ့လားရှိုးမြို့မြောက်ပိုင်းနယ်မြေတွေအားလုံးပါဝင်နေတယ်။အဓိကအားဖြင့်တော့လောင်းကစားဝိုင်းတွေကြီးစိုးရာလောက်ကိုင်မြို့ကိုပစ်မှတ်ထားတယ်လို့ယူဆရတယ်။အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့်စစ်ကောင်စီတပ်စခန်းတွေပရမ်းပတာဖရိုဖရဲတွေဖြစ်ပြီးဆက်တိုက်သိမ်းပိုက်ခံနေရတယ်။အချိန်တိုအတွင်းမှာစစ်ကောင်စီတပ်စခန်းအနည်းဆုံး၂၀ခန့်ကျဆုံးသွားပြီးတော်လှန်ရေးအဖွဲ့တွေကသိမ်းပိုက်လိုက်ပါပြီ။
တိုက်ပွဲတွေကြောင့်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့လားရှိုးမူဆယ်ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့တော်လှန်ရေးအဖွဲ့တွေကကြေငြာထားတယ်။ကြေငြာချက်ကိုမလိုက်နာပဲဖြတ်သန်းသွားလာသူမှန်သမျှကိုစစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်းအဖြစ်သတ်မှတ်ပြီးအရေးယူမယ်လို့လဲပြောထားတယ်။ဒီနှစ်ဆန်းမှာကတည်းကမြောက်ပိုင်းအဖွဲ့တွေနဲ့စစ်သူပုန်တွေတိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်နေကတည်းကထိုတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းတချိန်မှာအပိတ်ခံရလိမ့်မယ်လို့ပြောခဲ့တယ်။အခုတော့ထိုအချိန်ကိုရောက်လာခဲ့ပါပြီ။
နိုဝင်ဘာ ၂၅၊ ၂၀၂၃။ (စနေ)
တော်လှန်ရေးအဖွဲ့တွေဟာစစ်ကိုင်းတိုင်းထဲကတတိယမြောက်မြို့အဖြစ်ရွှေပြည်အေးမြို့ကိုထပ်မံသိမ်းယူလိုက်နိုင်တယ်။ရွှေပြည်အေးမြို့ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့ကြီးတစ်ခုဖြစ်တဲ့ဟုမ္မလင်းမြို့အောက်ဘက်မှာတည်ရှိပြီးတော်လှန်ရေးအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်တုန်းကတစ်ခါသိမ်းပိုက်နိုင်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကအခုလိုတနိုင်ငံလုံးမှာတိုက်ပွဲတွေမပြင်းထန်သေးတဲ့အတွက်စစ်တပ်ကအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လို့ပြန်ပေးလိုက်ရတယ်။အခုတော့အပြီးသိမ်းနိုင်လိုက်ပါပြီ။ ချင်းပြည်နယ်မှာလဲဒုတိယမြောက်မြို့တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်နိုင်တယ်။ချင်းပြည်နယ်တောင်ပိုင်ကလိုင်လင်းပီမြို့လေးပါ။လတ်တလောမှာချင်းပြည်နယ်ထဲကဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံးကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်နေပြီလို့သိရတယ်။ဟားခါး၊မင်းတပ်မတူပီစတဲ့မြို့ကြီးတွေကိုဝင်ရောက်သိမ်းပိုက်ဖို့ပဲကျန်တော့တယ်။ထိုမြို့တွေကထိန်းချုပ်နိုင်ရင်အရင်ကပြောခဲ့သလိုပဲချင်းပြည်နယ်ဟာပထဝီအနေအထားအရပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်။