အောက်တိုဘာလဆန်းတုန်းက စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ။
အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံရမယ့် ပမာဏ၊ အတိမ်းအစောင်းမခံတဲ့ နည်းပညာ၊ ဖြတ်သန်းရမယ့် နိုင်ငံတကာ ခွင့်ပြုချက်၊ ၁၀ နှစ် ကျော် စီစဉ်တည်ဆောက်ရမယ့် ကာလ၊ မြန်မာပြည်ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ နိုင်ငံတကာအရေး အခြေအနေ အရပ်ရပ် စသည်တို့နဲ့ လားလားမှ မအပ်စပ်ဘဲ ဘယ်လိုမှ အကောင်အထည်ဖော်ဖို့ မလွယ်ပါ။
မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံး နျူဓာတ်အားပေးစက်ရုံကို ကြည့်ပါ။ ရူပူး (Rooppur) နျူဓာတ်အားပေးစက်ရုံဟာ မဂ္ဂါဝပ် ၂၄၀၀ ထွက်ရှိမှာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၆၅ ဘီလီယံကုန်ကျပါတယ်။ ၁ မဂ္ဂါဝပ်ကို ဒေါ်လာ ၅ သန်းကျော်နှုန်း ကုန်ကျတာပါ။ နျူဓာတ်အားပေးစက်ရုံဆိုတာကလည်း ခုလို မဂ္ဂဝပ် ထောင်ချီမှ တွက်ခြေကိုက်တာပါ။ ဒိထက်သေးယင် ကုန်ကျစရိတ်နဲ့ စီးပွါးဖြစ် လုပ်လို့ မရဘူး။ ကုန်ကျစရိတ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ရုရှားက ထုတ်ချေးတာဖြစ်ပြီး ၂၈ နှစ် အတွင်း အကြေဆပ်ရပါ့မယ်။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ ခွင့်ပြုချက်ကို ၂၀၁၁ မှာ ရရှိခဲ့ပြီး ၂၀၁၆ မှာ စတင်တည်ဆောက်ခဲ့ကာ ၂၀၂၄ ခု နှစ်ဆန်းမှာ ပထမအလုံး မဂ္ဂါဝပ် ၁၂၀၀ ကို စတင်လည်ပတ်မှာ ဖြစ်ပါတယ်။ တည်ဆောက်သူကတော့ စစ်ကောင်စီနဲ့ ဖက်လှဲတကင်း အမြဲလုပ်နေတဲ့ ရုရှားအစိုးရပိုင် Rosatom ပါ။
တကယ်တော့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နျူဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရူပူးရွာမှာ ၁၉၆၃ ခုနှစ်ကတည်းက မြေယူထားပြီးပြီဖြစ်ပါတယ်။ အဲ့ဒီကတည်းက အမျိုးမျိုးသော နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းနေခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာပြည်ထက် နိုင်ငံရေးတည်ငြိမ်တယ်။ လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့ ကြီးကြီးမားမား မရှိဘူး။ အစိုးရက နိုင်ငံတကာအသိအမှတ်အပြု ခံရတယ်။ စီးပွါးရေး ပုံမှန် တက်လာနေတယ်။ ငွေကြေးတည်ငြိမ်တယ်။ မြန်မာပြည်က စစ်အစိုးရ အဆက်ဆက်လို စစ်ဗိုလ်တွေကို သူတို့ဘာမှ နားမလည်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဆီ စေလွှတ်တာဝန်ပေးထားတာမျိုး မရှိဘူး။
ခြုံပြောရယင် တိုင်းပြည်က အခြေအနေကောင်းတယ်။ ငွေထုတ်ချေးတဲ့ ရုရှားအတွက် ကိုယ့်ပိုက်ဆံပြန်ရနိုင်တယ်။ နောက်ပြီး အဲ့ဒီအချိန် ၂၀၀၅ ခုနှစ် ကာလတွေမှာ ရုရှားက ရေနံတွေ သဘာဝဓာတ်ငွေ့တွေရောင်းရငွေတွေနဲ့ ဝင်ငွေကောင်းတယ်၊ ခရိုင်းမီးယားအရေးလည်း မဖြစ်သေးတာမို့ နိုင်ငံတကာနဲ့လည်း အဆင်ပြေတယ်။ အဲတော့ ပေးနိုင် ချေးနိုင်တယ်။
ခုတော့ သူလည်း ယူကရိန်းစစ်စရိတ်နဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် မနည်းရုန်းကန်နေရပါပြီ။ မြန်မာပြည်ကလည်း လက်နက်ကိုင်တိုက်ပွဲတွေ နေရာအနှံ့ဖြစ်နေပြီး ဘယ်သူမှအသိအမှတ်မပြုတဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့အောက်မှာ၊ ကျပ်ငွေတန်ဖိုးကလည်း ၆၀ ရာခိုင်နှုန်း ကျသွားပြီး အစိုးရပိုင် လျှပ်စစ်ဌာနကလည်း သောက်သောက်လဲ ရှုံးနေပါတယ်။
အဖက်ဖက် စဉ်းစားကြည့်၊ ဘယ်သူချေးချေး ဆုံးဖို့များနေတဲ့ကြွေး ဘယ်သူအရဲစွန့်ချေးမှာလဲ။ ဒါကြောင့် နျူကလီးယားစွမ်းအင်ဆိုတာ စစ်ကောင်စီက သူ့လူ နလပိန်းတုံးတွေအတွက် မတန်မရာ ဟန်ပြလုပ်ပြနေတာသာ ဖြစ်ပါတယ်။
စွမ်းအင်ဝန်ကြီးအသစ်၏ စိတ်ကူးယဉ်ပြောကြားချက်များ
စွမ်းအင်ဝန်ကြီးအသစ် ကိုကိုလွင်ဟာ Mechanical အင်ဂျင်နီယာ တယောက်သာဖြစ်ပြီး ကိုယ့်လူမျိုးအချင်းချင်း သတ်ဖို့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်တဲ့အလုပ်ပဲ တသက်လုံးလုပ်လာခဲ့သူပါ။ စွမ်းအင်နှင့်ပတ်သက်ပြီး နကန်းတလုံးမှ သိသူ မဟုတ်တာနှင့်အညီ ကာဇက်စတန်နှင့် ရုရှားခရီးစဉ်အတွင်း လူရယ်စရာကောင်းလောက်အောင် အဓိပ္ပါယ်မဲ့တွေ ပြောဆိုခဲ့ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟောင်း ကာဇက်စတန်ကိုရောက်တုန်းက သူတို့နိုင်ငံလိုမျိုး လျှပ်စစ်ကို ကျောက်မီးသွေးနဲ့ များများစားစား ထုတ်နိုင်အောင် မြန်မာပြည်ကို ကူညီဖို့ ပြောခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။ ကာဇက်ဆီက ဘာအကူအညီများ လိုချင်တာပါလဲ။ နည်းပညာလား၊ အတွေ့အကြုံလား၊ ငွေကြေးလား၊ ကုန်ကြမ်းလား။
ကာဇက်စတန်ဆိုတာ ကမ္ဘာပေါ်မှာ အရည်အသွေးမြင့်ကျောက်မီးသွေး အထွက်ဆုံး ၁၀ နိုင်ငံထဲမှာ ပါပါတယ်။ မြန်မာပြည်မှာ သူတို့လို အမျိုးအစားကောင်းကောင်း ကျေက်မီးသွေး ထွက်ပါသလား။ ပြည်တွင်းထွက် ကျောက်မီးသွေးနဲ့ ဓာတ်အားပေးစက်ရုံ တည်ချင်ပါတယ်လို့ ခေတ်အဆက်ဆက် တင်ပြနေကြတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကိုလည်း မေးကြည့်ပါဦး။ သူတို့ ကျောက်မီးသွေးလို အရည်အသွေးနဲ့ တန်ဘယ်လောက် ထွက်ရှိနိုင်သလဲ၊ နိုင်ငံတကာအသိအမှတ်ပြု အဖွဲ့အစည်းတွေနဲ့ သေသေချာချာ လေ့လာစူးစမ်းမှုတွေ လုပ်ထားပြီးပြီလားလို့။
ဆိုဗီယက်ခေတ်က တည်ဆောက်ထားခဲ့တဲ့ ဓာတ်အားပေးစက်ရုံတွေဆီက နည်းပညာကိုတော့ မလိုချင်ပါနဲ့တော့။ နည်းပညာဆိုယင်တော့ ခုချိန်မှာ ဂျပန်၊ တရုတ်၊ အိန္ဒိယတို့မှာ ရှိပါတယ်။ အတွေ့အကြုံအနေနဲ့ဆိုလည်း လူသူမနီး ကန္တာရသာသာ ဗဟိုအာရှမှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတခု တည်ဆောက်လည်ပတ်တာနဲ့ လူဦးရေ သန်း ၇၀၀ လောက်နေထိုင်တဲ့ လှုပ်လှုပ်ရှားရှား လူနေမှုစနစ်ဖြစ်ထွန်းနေတဲ့ အရှေ့တောင်အာရှမှာ တည်ဆောက်ရတာ လုံးဝ မတူပါဘူး။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံမှာ ငွေကြေးရင်းနှီးမြှုပ်နှံဖို့ ကာဇက်ကိုခေါ်တယ်ဆိုတာလည်း သူတို့က ဒါမျိုးလုပ်တဲ့သူတွေမှ မဟုတ်တာ။ သူတို့အကြောင်း နည်းနည်းလေ့လာကြည့်ပါဦး။
ရုရှားရောက်တော့လည်း ရေနံချက်စက်ရုံဆောက်ဖို့နဲ့ ရေနံတင်သင်္ဘောတွေအတွက် ဆိပ်ကမ်းဆောက်ဖို့တွေ ဆွေးနွေးပြန်တယ်။ မြန်မာပြည်ရဲ့စက်သုံးဆီအသုံးက ရေနံချက်စက်ရုံတွေ ဆိပ်ကမ်းတွေကို ဒေါ်လာဘီလီယံချီအကုန်ခံပြီး ရင်းနှီးမြှုပ်နှံတည်ဆောက်ဖို့ အင်မတန်သေးနေသေးတာ ဘာလို့မသိတာပါလဲ။ ရင်းနှီးမြှုပ်နှံမည့်သူက ဒီအချက်ကို မစဉ်းစားပဲ ကိုယ်ခေါ်တာနဲ့ ပြေးလာမည့်အတိုင်းပဲ ပြောနေတာက ဟိုကလူတွေ အထက်ကခိုင်းလို့ ကြိတ်မှိတ် လက်ခံတွေ့နေပုံပါပဲ။
သည့်အတွက်ကြောင့် ရန်ကုန်နဲ့ ၃ ရက်ခရီးသာရှိတဲ့ စင်္ကာပူက ရေနံချက်စက်ရုံကြီးတွေကနေ ချက်ပြီးသား ဒီဇယ်၊ ဓာတ်ဆီတွေကို ပေါ့ပေါ့ပါးပါးနဲ့ တင်သွင်းနေကြတာဆိုတာ သိထားသင့်တယ်။ တိုင်းပြည်သာ စီးပွါးရေးကောင်းနေပြီး အုပ်ချုပ်သူကလည်း ရွေးချယ်ခံအစိုးရဆိုလို့ကတော့ တနေ့မှာ အဲ့စက်ရုံတွေ ရောက်လာမှာပါ။ ကိုယ်တောင်ခေါ်နေစရာ မလိုဘူး။
ခြုံပြောရယင် စွမ်းအင်ဝန်ကြီးရဲ့ နိုင်ငံခြားမှာ ပြောစကားများက အင်မတန်လည်း ရှက်ဖို့ကောင်းပါတယ်။ စွမ်းအင်နဲ့ စီးပွါးရေး အခြေခံလေးတွေတောင် နားမလည်ပဲ ခလေးအတွေးသာသာနဲ့ သူ့ဘော့စ် ကျေနပ်အောင် လုပ်ပြနေတာသာ ဖြစ်ပါတယ်။ သူတို့ဘက်က ထောက်ခံသူတွေ မစားရ ဝခမန်း ပြောလို့ရအောင် လုပ်ပြနေတာသာဖြစ်ပါတယ်။ တကယ်က စွမ်းအင်နဲ့ပတ်သက်ရင် စစ်ကောင်စီဟာ ပျောက်သောလမ်းမှာ စမ်းတဝါး ဆိုတာထက် ပိုဆိုးပြီး လုံးဝကို မျှော်လင့်ချက်မရှိ လမ်းပျောက်နေပြီ ဖြစ်ပါတယ်။
SOURCE – IRRWADDY