ဒီနှစ်အတွက်အင်ဒိုနီးရှားနိုင်ငံကဦးဆောင်ပြီးအာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်လျက်ရှိတယ်။တနှစ်သာကုန်သွားပေမယ့်မြန်မာ့အရေးကိုအာဆီယံရဲ့ကြိုးစားအားထုတ်မှုဟာအရင်အတိုင်းရှိနေဆဲပဲ။ဒီနှစ်မှာတော့အင်ဒိုနီးရှားဟာမြန်မာ့အရေးသက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့တွေ့ဆုံပြီးသူတို့တွေရဲ့အသံကိုနားထောင်ခဲ့တယ်။အဲ့ဒီမှာသိလိုက်ရတာကစစ်ကောင်စီကိုဘယ်သူမှအယုံအကြည်မရှိကြဘူးဆိုတာပဲ။စစ်ကောင်စီကိုဘယ်သူမှမယုံတဲ့အကြောင်းသုံးနှစ်ကြာမှသိရှိခွင့်ရတဲ့အာဆီယံပါ။
ဒီနှစ်ပြီးရင်၂၀၂၄မှာလာအိုနိုင်ငံကအလှည့်ကျဥက္ကဌဖြစ်လာလိမ့်မယ်။ဒါပေမယ့်ဒီတခေါက်မှာတော့မြန်မာ့အရေးကိုအလှည့်ကျဥက္ကဌခေါင်းပေါ်မပုံပဲ၂၀၂၃၊၂၀၂၄၊၂၀၂၅ဥက္ကဌသုံးနိုင်ငံကပူးပေါင်းတာဝန်ယူမယ်လို့ဆုံးဖြတ်ကြတယ်။လာအိုလိုစစ်ကောင်စီဘက်ပင်းတဲ့နိုင်ငံတွေအလှည့်ကျဥက္ကဌဖြစ်လာရင်အာဆီယံအဖွဲ့ရဲ့စည်းလုံးမှုကိုထိခိုက်လာနိုင်တယ်လို့ယူဆကြတယ်။အခုတောင်မြန်မာ့အရေးနဲ့ပတ်သက်ပြီးအာဆီယံကနှစ်ခြမ်းကွဲနေပြီလေ။ဒီလိုဆုံးဖြတ်လိုက်ခြင်းအားဖြင့်စစ်ကောင်စီဟာသူတို့နဲ့အဆင်ပြေတဲ့အာဆီယံနိုင်ငံတွေအလှည့်ကြဥက္ကဌဖြစ်လာရင်သူတို့ဖက်ပါလာအောင်ဆွဲဆောင်နိုင်ဖို့အခွင့်အလမ်းနည်းပါးသွားတယ်။
နိုဝင်ဘာ ၂၅၊ ၂၀၂၃။ (စနေ)
တော်လှန်ရေးအဖွဲ့တွေဟာစစ်ကိုင်းတိုင်းထဲကတတိယမြောက်မြို့အဖြစ်ရွှေပြည်အေးမြို့ကိုထပ်မံသိမ်းယူလိုက်နိုင်တယ်။ရွှေပြည်အေးမြို့ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့ကြီးတစ်ခုဖြစ်တဲ့ဟုမ္မလင်းမြို့အောက်ဘက်မှာတည်ရှိပြီးတော်လှန်ရေးအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်တုန်းကတစ်ခါသိမ်းပိုက်နိုင်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကအခုလိုတနိုင်ငံလုံးမှာတိုက်ပွဲတွေမပြင်းထန်သေးတဲ့အတွက်စစ်တပ်ကအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လို့ပြန်ပေးလိုက်ရတယ်။အခုတော့အပြီးသိမ်းနိုင်လိုက်ပါပြီ။ ချင်းပြည်နယ်မှာလဲဒုတိယမြောက်မြို့တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်နိုင်တယ်။ချင်းပြည်နယ်တောင်ပိုင်ကလိုင်လင်းပီမြို့လေးပါ။လတ်တလောမှာချင်းပြည်နယ်ထဲကဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံးကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်နေပြီလို့သိရတယ်။ဟားခါး၊မင်းတပ်မတူပီစတဲ့မြို့ကြီးတွေကိုဝင်ရောက်သိမ်းပိုက်ဖို့ပဲကျန်တော့တယ်။ထိုမြို့တွေကထိန်းချုပ်နိုင်ရင်အရင်ကပြောခဲ့သလိုပဲချင်းပြည်နယ်ဟာပထဝီအနေအထားအရပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်။