မြန်မာပြည်အောက်ပိုင်းတနင်္သာရီတိုင်းမှဒုတိုင်းမှုးနဲ့နယ်လုံဝန်ကြီးတို့ကိုစစ်ကောင်စီတပ်မှအချင်းချင်းပြန်လည်ဖမ်းဆီးသွားတယ်။ဌာနတွင်းသတင်းပေါက်ကြားမှုတွေနဲ့လာဘ်စားမှုတွေကြောင့်နေပြည်တော်ကအထူးအဖွဲ့ကိုယ်တိုင်လာရောက်ဖမ်းဆီသွားတာဖြစ်တယ်။မကြာသေးခင်ကလဲကချင်ပြည်နယ်ဘက်ကတိုင်းမှုးကိုကေအိုင်အေနဲ့ဆက်သွယ်တယ်ဆိုပြီးအလားတူဖမ်းဆီးသွားသေးတယ်။
အခုနောက်ပိုင်းစစ်ကောင်စီကထိပ်ပိုင်းအရာရှိတွေဖမ်းဆီးခံနေရတာတွေတွေ့နေရပြီ။အရင်တုန်းကတပ်ရင်းမှုးအဆင့်လောက်သာအမိန့်မနာခံမှုကြောင့်အဖမ်းခံရတာမျိုးသာရှိပြီးအခုဆိုရင်တိုင်းမှုးအဆင့်လောက်ထိဖြစ်လာပြီ။သူတို့ဘယ်လိုပဲအကြောင်းပြပါစေဒါဟာစစ်အုပ်စုထဲမှာအချင်းချင်းမယုံကြည်မှုတွေကြီးထွားလာတာကိုပြသနေတာပဲ။တချို့ကတော့ဒီလိုဖြစ်ရပ်တွေကြောင့်တပ်တွင်းပုန်ကန်မှုတွေဖြစ်လာမယ်လို့မျှော်လင့်ကြတယ်။ဒါပေမယ့်ဒါဟာဖြစ်နိုင်ချေနည်းသေးတယ်လို့ယူဆတယ်။တဖက်ကတွေးကြည့်ရင်မင်းအောင်လှိုင်ဟာအခုလိုမထင်ရင်မထင်သလိုအရေးယူနေတာကြောင့်စစ်တပ်ထဲမှာအကြောက်တရားပိုမိုကြီးထွားလာပြီးမင်းအောင်လှိုင်အလိုကျနေမယ့်သူတွေသာများလာနိုင်တယ်။မကြာသေးမှီကပဲစစ်ကောင်စီရဲ့အစိုးရအဖွဲ့ကိုမင်းအောင်လှိုင်ကသူယုံကြည်ရတဲ့သူတွေနဲ့ပဲပြောင်းလဲဖွဲ့စည်းလိုက်တယ်လေ။ဒါကြောင့်တပ်တွင်းပုန်ကန်မှုဖြစ်လာဖို့အလားအလာတော့အခုအချိန်ထိမတွေ့သေးဘူး။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။