Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

တယ်လီဂရမ်က စစ်ကောင်စီ၏ ဝါဒဖြန့် လက်နက်ပုန်းဖြစ်လာ

July 30, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

လွန်ခဲ့သော နှစ်နှစ်ကျော်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် Facebook နှင့် နည်းပညာသုံး မီဒီယာပလက်ဖောင်းအများအပြားမှ ဖယ်ရှားခံထားရသော စစ်ကောင်စီ၏ လူမှုကွန်ရက်အခြေခံ ဝါဒဖြန့်ချိမှုယန္တရားမှာ တယ်လီဂရမ် (Telegram ) လူမှုကွန်ရက်တွင် အမည်အမျိုးမျိုးဖြင့် အားကောင်းမောင်းသန် ခြေကုပ်ယူထားသည်။

တယ်လီဂရမ်စာမျက်နှာများကို အသုံးပြု၍ စစ်ကောင်စီနှင့် ၎င်းတို့၏ ဘက်တော်သားများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ထောက်ပံ့လှူဒါန်းသူများ၊ ဆန့်ကျင်သူများကို အပုပ်ချရန်၊ တိုက်ခိုက်ရန်၊ ဖမ်းဆီးရန် ကွန်ရက်သဖွယ် ချိတ်ဆက် လုပ်ဆောင်နေသလို ဝါဒဖြန့်ချိမှုအတွက်ပါ အသုံးချနေသည်။

၂၀၂၁ ခုနှစ်တွင် စတင်စုဖွဲ့ပြီး ၂၀၂၂ စက်တင်ဘာလမှ စတင်ကာ လုပ်ငန်းဆောင်ရွက်ခဲ့သည့် ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး (BACS) အဖွဲ့အစည်းက စောင့်ကြည့် မှတ်တမ်းတင်ကာ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ၎င်းတို့အချင်းချင်း ချိတ်ဆက်အလုပ်လုပ်နေသည့် စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ် ၄၀ ကျော်ရှိနေသည်ဟု သိရသည်။

BACS အဖွဲ့က ၂၀၂၃ ဇန်နဝါရီလမှ မတ်လအထိ သုံးလတာအတွင်း စစ်တပ်ထောက်ခံသော အမည်ခံသတင်းဌာန ၆ ခု၊ လူသိများသော စစ်တပ်လော်ဘီချန်နယ် ၆ ခုနှင့် သတင်းစိစစ်ရေးချန်နယ် ၁ ခုတို့ကို စောင့်ကြည့်ကာ အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များအနက် Fifty Two News, Myanmar Update News, Myanmar Hard Talk, Myanmar Nation Post, News of Myanmar, People Media, Han Nyein Oo, Shwe Ba, Ko That, Ba Nyunt, Kyaw Swar, Thazin Oo, သတင်းစိစစ်ရေး စသည့် ချန်နယ်များကို BACS က စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။

BACS ၏ လေ့လာမှုများအရ ထိုချန်နယ်များတွင် စစ်ကောင်စီ၏ လှုပ်ရှားမှုဆိုင်ရာ ဝါဒဖြန့်ချိသတင်းများ၊ NUG, PDFနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (ERO) ကို ပုံဖျက်တိုက်ခိုက်သည့် သတင်းများ အများဆုံးဖော်ပြကြောင်း သိရသည်။

PDF များနှင့် ERO များကြောင့် ဒေသခံပြည်သူများ သေဆုံးရသည်၊ လမ်းတံတားများ ပျက်စီးသည်၊ မြို့ပေါ်တွင် အကြမ်းဖက်ဗုံးခွဲနေသည် ဆိုသည်တို့ကို အဆိုပါ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် အဓိက ဖော်ပြလေ့ရှိသည်။

BACS ၏ စောင့်ကြည့်ကာလ သုံးလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဝါဒဖြန့် တိုက်ခိုက်သည့် အကြိမ်အရေအတွက် ၈၀၀ ကျော်ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံတောင်ပိုင်းအခြေစိုက် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)တို့မှာ အကြိမ်ရေအများဆုံးဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံမြောက်ပိုင်း ကချင်ပြည်န​ယ်တွင် အင်အားကောင်းစွာဖြင့် နှစ်ကာလရှည်ရပ်တည်နေသည့် ကချင်အမျိုးသားလွတ်လပ်ရေးအဖွဲ့ (KIO/KIA) ကို စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်များက သုံးလနီးပါးအတွင်း အကြိမ် ၃၀၀ နီးပါး တိုက်ခိုက်ခဲ့ရာ ဒုတိယအများဆုံး ဝါဒဖြန့်တိုက်ခိုက်မှုဖြစ်သည်ဟု BACS က ဆိုထားသည်။

ယင်းအပြင် စစ်တပ်ဆန့်ကျင်သူများနှင့် NUG, PDF ထောက်ခံသူများကို Han Nyein Oo, Kyaw Swar, Ba Nyunt ချန်နယ်များက ရှာဖွေပြီး စစ်ကောင်စီထံ သတင်းပေးတိုင်တန်းခြင်းကြောင့် နာမည်ကြီးအနုပညာရှင်များအပါအဝင် ဖမ်းဆီးခံရသူနှင့် ထွက်ပြေးတိမ်းရှောင်ရသူ အများအပြားရှိခဲ့ရသည်အထိ တယ်လီဂရမ်အခြေပြု စစ်ကောင်စီ ဝါဒဖြန့်ချိမှုယန္တရား လည်ပတ်နေကြောင်း တွေ့ရသည်။

အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီတွင် ဆန္ဒပြပွဲများ၌ တက်ကြွစွာပါဝင်ပြီး Facebook တွင် NUG ကို ထောက်ခံကြောင်းနှင့် စစ်တပ်က မကျေနပ်ကြောင်း စာများရေးတင်ဖူးသူ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသားတစ်ဦးဆိုလျှင် Han Nyein Oo ချန်နယ်တွင် သူ့ကို ဖမ်းဆီးရန် ရေးသားလှုံ့ဆော်မှုကြောင့် ၂၀၂၂ အတွင်းမှစ၍ တိမ်းရှောင်နေရသည်ဟု ကာယကံရှင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။

“သူ့ကို ဟန်ငြိမ်းဦး (Han Nyein Oo) က ပို့စ်တင်ပြီး ဖမ်းခိုင်းတာ သိတော့ ညတွင်းချင်း ပြေးရတာလေ။ သူ့အမေနဲ့ သူ့ညီမလည်း အိမ်မှာ မနေရဲဘူး အိမ်ကြီးထားခဲ့ပြီး ပြေးရတာပဲ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။

ရန်ကုန်မြို့မှ အမျိုးသားဆရာဝန်တစ်ဦးကလည်း စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ်များကြောင့် အလားတူဖြစ်ရပ်မျိုး ကြုံရဖူးသည်ဟု ပြောသည်။ ၂၀၁၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းသည့် နှစ်ပတ်လည်နေ့ အသံတိတ်သပိတ်ဆင်နွှဲရန် ၎င်း၏ Facebook စာမျက်နှာ၌ ရေးခဲ့ရာ Han Nyein Oo ချန်နယ်က ဖမ်းဆီးရန် လှုံ့ဆော်သဖြင့် မိသားစုလိုက် ယနေ့တိုင် ထွက်ပြေးနေရသည်ဟု ပြောသည်။

“ဟန်ငြိမ်းဦးထဲမှာ ပါလာတယ်လို့ မိတ်ဆွေတွေ လှမ်းပြောဖို့ ဝင်ကြည့်မှ သိတယ်။ တစ်မိသားစုလုံးကို ထည့်ရေးထားတယ်။ ကျွန်တော့်မိသားစုကို အမြန်ခေါ်ပြီး ကပ်သီလေး လွတ်လာတယ်။ ကျွန်တော်ကတော့ ဆေးခန်းဖွင့်ထားတော့ ဆေးခန်း Facebook စာမျက်နှာက ရှိနေတော့ အဲဒီကနေ အတိအကျရသွားတဲ့ ပုံစံမျိုးပေါ့။ ဆေးခန်းနာမည်နဲ့ဆိုတော့ ရှာရလွယ်သွားတာ” ဟု သူက ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် အထက်ပါကဲ့သို့ လုပ်ဆောင်မှုများအပြင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သူများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေသယောင် ဘာသာရေးမှိုင်းတိုက်သည့် အရေးအသားများကိုလည်း ဖော်ပြလေ့ရှိကြောင်း၊ လွတ်လပ်သော သတင်းဌာနများကိုလည်း တိုက်ခိုက်လေ့ရှိကာ Khit Thit, Mizzima, မြေလတ်အသံတို့ အများဆုံး အပုပ်ချခံရကြောင်း BACS ၏ အစီရင်ခံစာက ဆိုထားသည်။

စစ်ကောင်စီက တရားဝင်အမည်မခံသည့် အထက်ပါ တယ်လီဂရမ်ချန်နယ်များအပြင် ၎င်းတို့ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား စသည့် ဝါဒဖြန့်ချိမှုယန္တရားများပါ တယ်လီဂရမ်၌ လည်ပတ်နေသည်။

နိုင်ငံအနှံ့ ဆန့်ကျင်ပုန်ကန်မှုများစွာ ကြုံနေရ၊ နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းရင်ဆိုင်နေရသည့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်တွင် ဝါဒဖြန့်ချိရေးလုပ်ငန်းကို အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်။

သို့သော် ၎င်းတို့စီစဉ်ဆောင်ရွက်ထားသည့် မိုဘိုင်းအီလက်ထရောနစ်နည်းပညာအခြေခံ မီဒီယာယန္တရားများကို မိုဘိုင်းအက် သိုမှီးရာ App Store နှင့် Google Play Store တို့ကလည်း လက်မခံဘဲ ဖယ်ရှားခဲ့၍ ၂၀၂၂ မေလတွင် စစ်ကောင်စီ အရှက်ကွဲခဲ့ရဖူးသည်။

ထိုအခြေအနေတွင် ၎င်းတို့ကို သုံးစွဲခွင့်ပေးထားဆဲဖြစ်သော လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်သည့် တယ်လီဂရမ်ကို စစ်ကောင်စီက အားပြုနေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ သတင်းဌာနအမည်ခံ တယ်လီဂရမ်ချန်နယ်များက ၎င်းတို့ ဖြန့်လိုသည့် အကြောင်းအရာကို အကြိမ်ရေများများ ဝါဒဖြန့်လေ့ရှိကြောင်း၊ ၎င်းတို့ကို ဆန့်ကျင်သည့် ပြည်သူများနှင့် သက်ဆိုင်သော ကိစ္စမျိုးဆိုလျှင် Han Nyein Oo, Ko Thet စသည့် လူအမည်ပေးထားသော ချန်နယ်များက ရေးသားလေ့ရှိကြောင်း၊ စစ်ရေးဆိုင်ရာ ကိစ္စများကိုမူ Ba Nyunt,  Kyaw Swar စသည့် ချန်နယ်များက အများဆုံးရေးသား ဝါဒဖြန့်သည်ကို တွေ့ရကြောင်း BACS ပြောရေးဆိုခွင့်ရှိသူ မဂျူလီယာက ပြောသည်။

“ဒီသတင်းတော့ ဒီလိုထွက်မယ်၊ ဒီသတင်းတော့ ဒီလိုထုတ်ဆိုတဲ့ပုံစံမျိုး စောင့်ကြည့်တဲ့ pattern (ပုံစံ) မြင်ရတယ်။ စစ်ကောင်စီဟာ သတင်းထုတ်ပြန်မှုနဲ့ action  (လုပ်ဆောင်ချက်) က အမြဲကပ်တွဲနေတာကို တွေ့ရတယ်။ သူတို့ရဲ့ pattern အရ သူတို့ဘက်က မလျော့ကျရေးမူကို အဓိကသွားတယ်” ဟု မဂျူလီယာက ဆိုသည်။

၂၀၁၃ ခုနှစ်တွင် စတင်ထူထောင်သည့် တယ်လီဂရမ်သည် ဗြိတိသျှပင်လယ်ရပ်ခြားနယ်မြေတစ်ခုဖြစ်သော British Virgin Islands တွင် မှတ်ပုံတင်ကာ လုပ်ငန်းများကို အာရပ်စော်ဘွားများပြည်ထောင်စု၏ မြို့တော် ဒူဘိုင်းတွင် လည်ပတ်နေသည်။

တယ်လီဂရမ်ကို ထူထောင်သူ ညီအစ်ကိုနှစ်ဦးသည် ရုရှားလူမှုကွန်ရက် VK ကို အသက်သွင်းပေးခဲ့သူများလည်းဖြစ်သည်။ လက်ရှိတွင် ရုရှားက ချုပ်ကိုင်ထားသည့် VK သည် တယ်လီဂရမ်နည်းတူ စစ်ကောင်စီ ဝါဒဖြန့်ချိရေးယန္တရားများကို လွတ်လပ်စွာခွင့်ပြုထားသည့် လူမှုကွန်ရက်တစ်ခုအဖြစ် ရှိနေသည်။

Source – Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English