၂၀၂၃ ခုနှစ်၊ ဇူလိုင်လဆန်းတွင် ကချင်ပြည်နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း ဗန်းမော်၊ ဆဒုံးဒေသတွင် စစ်ရိပ်စစ်ငွေ့များဖြင့် စစ်သံပေးလာသည်ကို တွေ့ရ၏။ ၂၀၁၁ ခုနှစ်မှ ပြန်လည်စတင်ခဲ့သည့် ကချင်ပြည်နယ် တကျော့ပြန်စစ်ပွဲသည် ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ငြိမ်သက်သွားခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အလော့ဘွမ်တိုက်ပွဲမှစ၍ ကချင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်လာခဲ့သည်ဖြစ်ရာ ကချင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ခြင်းသည် မထူးဆန်းလှဟု ဆိုနိုင်သော်လည်း ယခုစစ်သံပေးသည့်နေရာမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာကို ဗဟိုပြုထားသည့်ဒေသဖြစ်၍ အများက စိတ်ဝင်စားကြ၏။
KIA သည် အလော့ဘွမ်တိုက်ပွဲမှစ၍ တိုက်ပွဲများ ပြန်လည်စတင်ခဲ့သော်လည်း အလော့ဘွမ်တိုက်ပွဲ ပြီးသည့်နောက်ပိုင်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ သူ၏ ဗဟိုဌာနချုပ်ရှိရာဒေသအား အလေးထား ကိုင်တွယ်သည်ကို တွေ့ရ၏။ မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် KIA ၏ စစ်ဆင်ရေးများကို ဆွမ်ပရာဘွမ်၊ ပူတာအိုဒေသ၊ တနိုင်း၊ ရှဒူဇွပ်ဒေသ၊ ကာမိုင်း၊ လုံးခင်း၊ ဖားကန့်၊ ဝှေခါဒေသ၊ ဆယ်ဇင်းဒေသ၊ မိုးညှင်းသံလမ်းရိုး၊ ကသာ၊ ရွှေကူဒေသတို့တွင် တိုက်ပွဲများစွာ ဖော်ခဲ့သော်လည်း သူ၏ ဗဟိုဌာနချုပ်ရှိရာ ဆဒုံးနှင့်ဗန်းမော်ဒေသတွင် အထူးသတိပြု ကိုင်တွယ်သည်ကို တွေ့ရ၏။
မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ကားလမ်း၊ ဗန်းမော်၊ မန်စီ၊ မဒယန်၊ နမ့်ခမ်းကားလမ်း၊ မိုးမောက်၊ စိန်လုံ၊ ယောယုံ၊ လွယ်ဂျယ်ကားလမ်းစသည့် ဒေသတလျှောက်တွင် KIA ဘက်ကစ၍ တိုက်ပွဲဖော်ခြင်း မပြုပေ။ ကရင်အမျိုးသားအစည်းအရုံး (KNU) က သူ့ဌာနချုပ်ရှိရာ တပ်မဟာ ၇ နယ်မြေတွင် လုံးဝ တိုက်ပွဲမဖော်သကဲ့သို့ပင် ဖြစ်သည်။
၂၀၂၁ ခုနှစ် နှစ်ဆန်းတွင် အလော့ဘွမ်စခန်းကို KIA က သိမ်းပိုက်ပြီးနောက် မြန်မာစစ်တပ်သည် ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးစားသော်လည်း မရခဲ့သည့်အပြင် ရဟတ်ယာဉ်တစီး ပစ်ချခံလိုက်ရသည်။ ထို့နောက် မြန်မာစစ်တပ်သည် အလော့ဘွမ်ကို လက်လွှတ်လိုက်ပြီး ထိုးစစ်များ ရပ်နားသွား၏။ အလော့ဘွမ်တိုက်ပွဲ ပြီးနောက် KIA တို့ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖော်သည်ကို မတွေ့ရပေ။
၂၀၂၂ ခုနှစ်ထဲတွင် လီဆူး ပြည်သူ့စစ် (ပသစ) များနှင့် KIA ကြား တိုက်ပွဲဖြစ်ရာမှာ ဝိုင်းမော်အရှေ့ဘက် တကြောသို့ မြန်မာစစ်တပ် ထိုးစစ်ဝင်လာသည်ကို တွေ့ရသကဲ့သို့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်သည် မိုးမောက်၊ စိန်လုံဒေသရှိ KIA စခန်းများသို့ ထိုးစစ်ဆင်သည်ကို တွေ့ရ၏။ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပြီး နောက်ပိုင်း တိုက်ပွဲများ ရပ်တန့်သွား၏။ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် နန်ဆန်ယန်ဒေသသို့ မြန်မာစစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ဖြစ်ပွားသည်ကို တွေ့ရ၏။ အလော့ဘွမ်တိုက်ပွဲပြီးသည့်နောက် ထိုနယ်မြေရှိ တိုက်ပွဲများသည် KIA က စတင်ခြင်း မဟုတ်ဘဲ မြန်မာစစ်တပ်က စတင်သည့်တိုက်ပွဲများ ဖြစ်သည်ကို တွေ့ရ၏။
ဖြစ်ပွားသည့်တိုက်ပွဲများက မပြင်းထန်သော်လည်း လိုင်ဇာ KIA ဗဟိုဌာနချုပ်အနီးဖြစ်၍ အများက စိတ်ဝင်စားကြ၏။ ထိုသို့စိတ်ဝင်စားမှုမြင့်တက်စေသည့် အခြားအကြောင်းတခုမှာ စစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ပြောဆိုမှုများကြောင့်လည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် တကျော့ပြန်တိုက်ပွဲများအပြီး မြန်မာစစ်တပ်က လိုင်ဇာဌာနချုပ်အား လက်လှမ်းမီသည့် အမြောက်တပ်စခန်းတခုကို သိမ်းပိုက်ရရှိထားသည့်အပြင် ထိုစခန်းမှ အမြောက်နှင့်ပစ်၍ လိုင်ဇာမြို့ပေါ်နှင့် KIA ဗိုလ်သင်တန်းကျောင်းတို့သို့ ထိမှန်၍ လူသေဆုံးမှုများ၊ ကျဆုံးမှုများရှိသည်ဖြစ်ရာ ယခုလည်း မြန်မာစစ်တပ်က လိုင်ဇာကို တိုက်ခိုက်တော့မည်လောဟူ၍ စိတ်ဝင်စားမှုမြင့်တက်နေ၏။
ဤအကြိမ် လိုင်ဇာအနီး နန်ဆန်ယန်တွင် မြန်မာစစ်တပ် စတင်ဝင်ရောက်လာပြီး တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လဆန်းမှ စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ကန်ပိုက်တီနယ်စပ်မှ ဝင်ရောက်လာသည့် တရုတ်ကိုယ်စားလှယ်အဖွဲ့ယာဉ်တန်း အပစ်ခတ်ခံရပြီးနောက် KIA က ပစ်ခတ်ခြင်းဖြစ်သည်ဟု မြန်မာစစ်တပ်က စွပ်စွဲပြီးနောက် နန်ဆန်ယန်သို့ မြန်မာစစ်တပ် ဝင်ရောက်လာခြင်း ဖြစ်၏။ လိုင်ဇာကို တိုက်ခိုက်ရန် မြန်မာစစ်တပ်က တရုတ်သို့ပေးသည့် အကြောင်းပြချက်ဖြစ်ပုံရ၏။
မြန်မာစစ်တပ်လော်ဘီများကလည်း လိုင်ဇာကို သိမ်းရန်၊ နန့်ဆန်ယန်ကို သိမ်းရန် တပ်အင်အား တသောင်းခန့် စုထားပြီဟု လေလုံးထွားနေကြသည့်အပြင် အထက်က အမိန့်ပေးလိုက်သည်နှင့် လိုင်ဇာအား သိမ်းမည်ဟူ၍လည်းကောင်း၊ ဦးသိန်းစိန်ခေတ်ကလို တားမည့်သူမရှိဟူ၍လည်းကောင်း အမျိုးမျိုး ဝါဒဖြန့်ပြောဆိုနေသည်ကို တွေ့ရသည်။
မြန်မာစစ်တပ်၏ ရာဇပလ္လင်တွင် KIA သည် ဆူးကြီးတချောင်းဖြစ်၏။ နွေဦးတော်လှန်ရေး အင်အားစုများကို အပြည့်အဝကူညီပြီး NUG အစိုးရကို အပြည့်အဝ ပံ့ပိုးမှုပေးထားသည်။ KIA ခေါင်းဆောင်တဦး၏ ပြောကြားချက်အရ KIA သည် PDF အင်အား ၄,၀၀ဝ ကျော်ကို လေ့ကျင့်သင်တန်းပေးထား၏။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ PDF များအား စစ်ရေးအရ ဦးဆောင်မှုပေးနေ၏။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်ရှိ PDF နှင့် CDF များ၏ လက်နက်ရရှိရာလမ်းကြောင်းသည် KIA မှဖြစ်ပြီး လိုင်ဇာတွင် လက်နက်စက်ရုံရှိသည် ဆိုသည်မှာလည်း အားလုံးသိသည့် လျှို့ဝှက်ချက်ဖြစ်၏။
သို့ဖြစ်ရာ မြန်မာစစ်တပ်အနေဖြင့် ၎င်းတို့အား နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ကောင်းစွာထိုးနှက်နေသော KIA ဌာနချုပ်လိုင်ဇာကို တိုက်ခိုက်လိုသည်ကတော့ မထူးဆန်းပေ။ သို့သော် လက်တွေ့တိုက်ခိုက်နိုင်ခြင်း ရှိ၊ မရှိ ဆန်းစစ်ကြည့်ရန်လို၏။ ဇူလိုင်လဆန်းမှစ၍ မြန်မာစစ်တပ်သည် နန်ဆန်ယန်သို့ ပြန်လည်အခြေပြုရန် ကြိုးစားလာသည်ဟု KIA သတင်းများအရ သိရ၏။ သို့သော် အင်အား ၂၀၀ မှ ၃၀၀ ခန့်ထက် မပိုပေ။
ဝင်ရောက်လာသော မြန်မာစစ်တပ်အား KIA နယ်မြေခံတပ်များက ပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့၏။ နန်ဆန်ယန်တွင်သာမကဘဲ နန်ဆန်ယန်သို့ ဒေါဖုန်းယန်ဘက်မှ စစ်ကူလာသော မြန်မာစစ်တပ်အား KIA တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ဇူလိုင်လ ၈ ရက်ညတွင် နန်ဆန်ယန်တဝိုက်၌ လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်လာရာ မြေပြင်တိုက်ပွဲတွင် မြန်မာစစ်တပ် အထိနာသွားပုံရ၏။ KIA ဘက်မှ စစ်လက်နက်ပစ္စည်းအချို့ သိမ်းဆည်းရမိသည်ဟု သိရသည်။ ထို့ပြင် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဗန်းမော်မှ စစ်ကူလာသော ယဉ်တန်းအား KIA မှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့၏။
ဤသို့တိုက်ပွဲဖြစ်ပွားသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။ သို့သော် စစ်တပ်လော်ဘီများ ဝါဒဖြန့်နေသကဲ့သို့ စစ်အင်အား တသောင်းခန့်စုစည်းပြီး လိုင်ဇာကို အလုံးအရင်းနှင့်ထိုးနိုင်ခြင်း ရှိ၊ မရှိဆိုသည်ကို တွက်ဆပါက အောက်ပါအတိုင်း တွေ့ရသည်။
ပထမအချက်အနေဖြင့် ကချင်ပြည်နယ် မပခ စစ်တိုင်းနယ်မြေအတွင်းရှိ ခြေလျင်၊ ခြေမြန်တပ်ရင်းမှာ တိုင်းတပ် ၂၆ ရင်း၊ စကခ ၃၊ စကခ ၂၁၊ တပ်မ ၃၃ နှင့် တပ်မ ၈၈ တို့မှ အများဆုံး တပ်ရင်း ၄၀၊ စုစုပေါင်း ၆၆ ရင်းသာရှိရာ တရင်းလျှင် စစ်ထွက်အင်အား ၁၀၀ ခန့်သာရှိသည့် အခြေအနေအောက်တွင် ကချင်ပြည်နယ်တခုလုံး၌ပင် စုစုပေါင်း တိုက်ခိုက်ရေးအင်အား တသောင်းမပြည့်ပေ။ လက်ရှိ မပခ စစ်အင်အားနှင့် လိုင်ဇာကိုထိုးရန် မဆိုထားနှင့် အလော့ဘွမ်ကို တိုက်ရန်ပင် အင်အားမရှိပေ။
လက်ရှိ မပခ တပ်အင်အားအရ ထုတ်နုတ်နိုင်သော စစ်အင်အားမှာ တပ်ရင်း သုံး၊ လေးရင်းခန့်ပါသည့် တဗျူဟာခန့်သာ ရှိပေသည်။ ကချင်ပြည်နယ်အတွင်း ဖြန့်ခွဲထားသော တပ်များကို စိတ်ကြိုက်ထုတ်၍ မရပေ။ ကချင်ပြည်အတွင်း မြစ်ဆုံ၏မြောက်ပိုင်းတွင် KIA တပ်မဟာ ၁ နှင့် ၇ ရှိ၏။ လက်အောက်ခံ တပ်ရင်း ခုနစ်ရင်းရှိ၏။ ဧရာဝတီအနောက်ခြမ်းတွင် KIA တပ်မဟာ ၂၊ တပ်မဟာ ၈ နှင့် တပ်မဟာ ၉ တို့ ရှိ၏။ လက်အောက်ခံတပ်ရင်း ၁၀ ရင်းရှိ၏။ ထို့ပြင် KIA နှင့် တွဲဖက်နေသော KPDF များလည်းရှိသေးရာ အကယ်၍ ကချင်ပြည်နယ် အခြားနေရာများတွင် အင်အားလျော့နည်းသွားပါက KIA နှင့် KPDF တို့၏ တိုက်ခိုက်မှုများ ကချင်ပြည်နယ်အနှံ့တွင် ပေါ်လာပေလိမ့်မည်။
၂၀၂၂ ခုနှစ် မိုးမောက်နှင့် စိန်လုံကဘာဒေသရှိ KIA စခန်းကို တိုက်ခိုက်စဉ်က ရမခ နယ်မြေ နမ့်ခမ်းဒေသမှ ဗျူဟာ နှစ်ခုအား နမ့်ခမ်း၊ ဗန်းမော်ကြား ဝင်ရောက်လုံခြုံရေးယူစေပြီး ထိုဒေသရှိ မပခ လက်အောက်ခံ တပ်များကို ထုတ်ယူကာ တပ်ရင်း လေးရင်းပါ တဗျူဟာခန့်ဖြင့် စစ်ဆင်ရေးပြုလုပ်ရ၏။ လက်ရှိအချိန်တွင် ရမခ နယ်မြေမှတပ်များအား ထုတ်နုတ်ပြီး ကရင်နီသို့ ပို့ထားရသည်ဖြစ်ရာ မပခ သို့ တပ်အင်အား ဖြည့်စရာမရှိပေ။
လက်ရှိအချိန်တွင် တပြည်လုံးအနှံ့ တပ်ဖြန့်စစ်ဆင်နေရသည့်အပြင် ကရင်နီပြည်နယ်၊ မယ်စဲ့ဒေသရှိစခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးသည့် မြန်မာစစ်တပ်အနေဖြင့် မပခ သို့ တပ်အင်အားဖြည့်တင်းရန် မဖြစ်နိုင်ပေ။ မယ်စဲ့ဒေသနှင့် ရှားတောမြို့နယ်၊ ထိုင်းနယ်စပ်ရှိ စခန်းအတော်များများကို ကရင်နီအင်အားစုများက သိမ်းပိုက်ထားသည်မှာ တလနီးပါးခန့်ရှိနေပြီး မြန်မာစစ်တပ်က ပြန်လည် ထိုးစစ်ဆင်နေသော်လည်း စခန်းအများစုကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ မြန်မာစစ်တပ်အတွက် လက်ရှိ စစ်အင်အားဖြည့်တင်းရန် လိုအပ်နေသည်မှာ ကရင်နီဒေသဖြစ်ပြီး ကချင်ဒေသမှာ ဦးစားပေးမဟုတ်ပေ။
ဒုတိယအချက်အနေဖြင့် လိုင်ဇာဌာနချုပ်ကို တိုက်ခိုက်မည်ဆိုပါက အမှန်တကယ်ပင် စစ်အင်အား ဖြည့်တင်းရန် လိုအပ်သည်။ လိုင်ဇာဗဟိုဌာနချုပ်ရှိရာ ဆဒုံးနှင့် ဗန်းမော်ဒေသတွင် ဒေသခံတပ်များအဖြစ် ဆဒုံးခရိုင်တွင် တပ်မဟာ ၅၊ ဗန်းမော်ခရိုင်တွင် တပ်မဟာ ၃ တို့ရှိပြီး လက်အောက်ခံတပ်ရင်း ၁၂ ရင်း ရှိသည့်အပြင် KIA ဗဟိုဌာနချုပ်တပ်များအဖြစ် ဗဟိုကင်းတပ်မဟာတွင် လေးရင်းရှိ၏။ ထို့ပြင် တပ်ရင်း ခြောက်ရင်းပါ ခြေမြန်တပ်မဟာမှ တပ်ရင်းအများစုသည် လိုင်ဇာဒေသ၌ရှိသည်။ ကွန်မန်ဒိုတပ်ရင်း၊ ဂေါ်ရခါးတပ်ရင်းများ ရှိသေးသည်။ အမြောက်တပ်ရင်း လေးရင်းရှိပြီး လိုင်ဇာဌာနချုပ်ပတ်လည် တောင်ကြောများတွင် အခိုင်အမာ ခံစစ်ပြင်ထား၏။
လိုင်ဇာဒေသခံ စစ်စခန်းများတွင်လည်းကောင်း၊ ကချင်ပြည်နယ်တွင်းတွင်လည်းကောင်း အခြား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ရှိသေးသည်။ တပ်ဖွဲ့တခုမှာ ရက္ခိုင့်တပ်တော် (AA) ဖြစ်ပြီး လိုင်ဇာတွင်ပင် AA စစ်ဦးစီးချုပ် ရုံးထိုင်ပြီး AA တပ်ဖွဲ့အင်အား ၂,၀၀၀ ခန့်သည် လိုင်ဇာနှင့် ကချင်ပြည်နယ်တွင်း၌ ဖြန့်ခွဲထား၏။ နောက်တပ်ဖွဲ့တခုမှာ ချင်းအမျိုးသားတပ်ဦး / ချင်းအမျိုးသားတပ်မတော် (CNF/CNA) ဖြစ်ပြီး KIA နယ်မြေအတွင်း CNA တပ်မဟာတခု ရှိသည်။
သို့ဖြစ်ရာ လိုင်ဇာစစ်မျက်နှာသည် ကျယ်ပြန့်၏။ အင်အားတောင့်တင်း၏။ ၁၂၀ မမ၊ ပွိုင့် ၅ စသည့် လက်နက်ကြီးပစ်ကူများ ရှိ၏။ လိုင်ဇာအား စစ်အင်အား အလုံအလောက် မစုစည်းနိုင်ဘဲ စစ်ဆင်ခြင်းမပြုနိုင်ပေ။ ၂၀၁၆ ဝန်းကျင်က အထီးတည်းဖြစ်နေသော KIA ၏ တပ်စခန်းငယ်တခုဖြစ်သည့် ဂီဒွန်စခန်းအား လနှင့်ချီ၍ တိုက်ခိုက်ရသော မြန်မာစစ်တပ်အဖို့ လိုင်ဇာကို လွယ်လွယ်နှင့်တိုက်၍ မရသကဲ့သို့ စစ်အင်အား တဗျူဟာခန့်နှင့်လည်း တိုက်ခိုက်မရနိုင်ပေ။
လက်တွေ့ပြဿနာတခုမှာ တပ်ထုတ်နုတ်ဖြည့်တင်းရန် စစ်အင်အားမလုံလောက်သည့် ပြဿနာဖြစ်၏။ မြန်မာစစ်တပ်အတွက် စစ်ရေးတိုက်ပွဲမရှိသည်မှာ ရှမ်းတောင်၊ ရှမ်းအရှေ့နှင့် ရခိုင်တွင်သာ ရှိ၏။ ရှမ်းတောင်တွင်ရှိသော စကခ ၂၊ စကခ ၇၊ စကခ ၁၇ တပ်များအားလုံးကို ဆွဲထုတ်ပြီးပြီဖြစ်၏။ ရှမ်းအရှေ့ရှိ စကခ ၁၄ နှင့် ၁၈ မှ တဝက်ကျော်အားလည်း ဆွဲထုတ်ပြီးဖြစ်၏။ ထို့ပြင် တရုတ်နှင့် နားလည်မှုရယူပြီးနောက် ရှမ်းမြောက်မှ တပ်ရင်း ၃၀ ခန့်အားလည်း ဆွဲထုတ်ပြီးဖြစ်၏။
ယခုအခါ ရခိုင်သို့ ပို့ထားသောတပ်များမှ ရသလောက် ထုတ်နုတ်နေသည်ကို တွေ့ရ၏။ ရခိုင်ပို့ထားသော တပ်မ ၂၂ မှ နှစ်ရင်း၊ သုံးရင်းခန့်အား ချင်းပြည်နယ်၊ ဟားခါးသို့ စေလွှတ်၏။ အလားတူ ရခိုင်ပို့ထားသော တပ်မ ၅၅ မှ သုံးရင်း တဗျူဟာအား ပြန်လည်ထုတ်နုတ်ပြီး နောက်တန်းရင်းဌာနချုပ်တွင် တပတ်ခန့်သာ နားခွင့်ပေးကာ ကရင်နီသို့ စေလွှတ်သည်။ တဖန် ပလက်ဝဒေသရှိ တပ်မ ၁၁ မှ အင်အားအချို့အား ထုတ်နုတ်၍ နောက်တန်းတွင် ပြန်လည်စုဖွဲ့နေသည်။ ထိုတပ်များကို မည်သည့်နေရာပို့မည်ဟု မသိရသေးသော်လည်း ကချင်ပြည်နယ်သို့ ပို့စရာ ဤတပ်သာရှိ၏။ ပို့ မပို့ကား အတည်ပြု၍ မရသေးပေ။ ထိုတပ်ပို့သည်ဆိုပါကလည်း တသောင်းမပြောနှင့် တထောင်ပင်ပြည့်ရန်ပင် မလွယ်ပေ။
တတိယအချက်အနေနှင့် လိုင်ဇာပတ်လည် တောင်ကြောများပေါ်ရှိ KIA ခံစစ်စခန်းများမှာ အခိုင်အမာ ခံစစ်စခန်းများဖြစ်၍ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ မပါဘဲ တိုက်ခိုက်၍ မရနိုင်ပေ။ ထိုသို့ပစ်ခတ်တိုက်ခိုက်ပါက အနည်းငယ်လွဲချော်သည်နှင့် တရုတ်ပိုင်နက်ထဲ ရောက်မည်ဖြစ်သည့်အပြင် တရုတ် လိုင်ဇာဘက်ခြမ်းသည်လည်း လူနေထူထပ်ရာ အရပ်သားထိခိုက်မှု များပေလိမ့်မည်။
လက်ရှိကာလတွင် တရုတ်သည် သူ၏နယ်စပ်တည်ငြိမ်ရေးအတွက် နယ်စပ်တွင် တိုက်ပွဲများ မဖြစ်ပွားရေး စစ်ကောင်စီကိုရော မြောက်ပိုင်းအဖွဲ့များကိုပါညှိနှိုင်းထား၊ ဖိအားပေးထားသည်ဖြစ်ရာ မြန်မာစစ်တပ်သည် တရုတ်၏ ညှိနှိုင်းမှုကို ကျော်လွန်၍ လိုင်ဇာအား လက်နက်ကြီးဖြင့်လည်းကောင်း၊ လေကြောင်းဖြင့်လည်းကောင်း တိုက်ခိုက်ရန် ခက်ခဲသည်။ လေကြောင်းနှင့်လက်နက်ကြီး ပစ်ကူမပါဘဲ လိုင်ဇာကို တိုက်ခိုက်သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။
ဤသို့သော အခြေအနေအောက်တွင် လိုင်ဇာအနီး နန်ဆန်ယန်တဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း မြန်မာစစ်တပ်သည် လိုင်ဇာအား တိုက်ခိုက်ရန် တပ်အင်အား တသောင်းစုစည်းရေး မဖြစ်နိုင်သကဲ့သို့ လိုင်ဇာနယ်စပ်ဒေသတွင် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ အသုံးပြုရန်လည်း ဖြစ်နိုင်ခြေ အလွန်နည်းပါး၏။ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူမပါဘဲ လိုင်ဇာအား တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
သို့ဖြစ်ရာ လက်ရှိ နန်ဆန်ယန်တွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ လိုင်ဇာအားတိုက်မည် ဆိုသည်ထက် ဗန်းမော်၊ မြစ်ကြီးနား ကားလမ်းပေါ်ရှိ အချက်အခြာကျသည့် နေရာဖြစ်သည့်အပြင် လိုင်ဇာကိုလည်း ခြိမ်းခြောက်နိုင်သည့် နန်ဆန်ယန်အား ပြန်လည်ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်ပုံရ၏။
တဖက်ကလည်း ကရင်နီအပါအဝင် အခြားဒေသများ၌ တိုက်ပွဲများ ပြင်းထန်နေသည့်အချိန်တွင် လိုင်ဇာကို ခြိမ်းခြောက်ပြီး KIA အား ထိန်းချုပ်ရန် ရည်ရွယ်ပုံရ၏။ KIA အနေဖြင့် KPDF အင်အားပါ စုစည်းပြီး စစ်ဆင်ရေးတရပ် လုပ်လာနိုင်ခြေကို တွက်ဆ၍ မြန်မာစစ်တပ်က လက်ဦးမှုယူကာ KIA ကို ခံစစ်အနေအထားသို့ ကျရောက်စေရေး လိုင်ဇာ၌ ထိန်းချုပ်ထားရန် ရည်ရွယ်ပုံရ၏။
မြန်မာစစ်တပ်၏ စိတ်ထဲ၌ လိုင်ဇာအား အမှန်တကယ်သိမ်းလိုသည့် ဆန္ဒတော့ရှိပုံရ၏။ ထို့ကြောင့်လည်း လိုင်ဇာသိမ်းမည်ဟူသည့် ဝါဒဖြန့်ပြောဆိုမှုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်ကို တွေ့ရ၏။ ယနေ့ကာလတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်တို့ရှိ PDF, CDF များ၏ လက်နက်ခဲယမ်းထောက်ပို့မှုနှင့် ပတ်သက်၍ KIA နှင့် လိုင်ဇာဌာနချုပ်သည် အရေးပါသည့်နေရာတွင်ရှိနေရာ မြန်မာစစ်တပ်သည် လိုင်ဇာအား တိုက်ချင်သော်လည်း ခါချဉ်ကောင် မာန်ကြီး၊ တောင်ကြီး ဖြိုမယ့်ကြံ ခါးကမသန် ဖြစ်နေပုံရ၏။ ထို့ကြောင့် တဖက်ကလည်း ဝါဒဖြန်ချိရေး ဆိုက်ဝါးလုပ်၊ တဖက်ကလည်း လူမှုကွန်ရက်ပေါ်ကနေ၍ လေလုံးဖြင့် လိုင်ဇာကိုသိမ်းပြီး အာသာဖြေနေပုံရ၏။
တဖက်ကပြောရရင် မြန်မာစစ်တပ်၏ အစွန်းရောက်အမျိုးသားရေးဝါဒနှင့် လေလုံးထွားမှုမှာ လိုင်ဇာကိစ္စ တခုတည်းအတွက်တော့ မဟုတ်ပေ။ ၂၀၀၀ ပြည့်နှစ်လောက်က ထိုင်း-မြန်မာနယ်စပ် ပြဿနာဖြစ်ပြီး တာချီလိတ်တဝိုက်တွင် တိုက်ကြခိုက်ကြ ပစ်ကြခတ်ကြစဉ်က ဝါးရင်းတုတ်ကိုင်ပြီး အယုဒ္ဓယကို သိမ်းခဲ့သည်ဟု ကြွေးကြော်နေသော အမျိုးသားရေးအစွန်းရောက်ဝါဒီများ ကြီးစိုးနေသည့် မြန်မာစစ်တပ်နှင့် သူ၏လော်ဘီများက ထိုင်းကိုတိုက်ဖို့ တပ်ချုပ်ကြီးကသာ အမိန့်ပေးလိုက်ပါ။ ရက်ပိုင်းအတွင်း ဘန်ကောက်မြို့လည်ခေါင်မှာ တန်းစီပြီးဖြစ်ရမည်ဟု လေလုံးထွားခဲ့ကြ၊ ဆိုက်ဝါးတွေ လွှင့်ခဲ့ကြ၏။
သို့သော် လက်တွေ့တွင် ဘန်ကောက်တွင် တန်းစီနေကြသည်မှာ မြန်မာစစ်တပ်၏ သူရဲကောင်းများ မဟုတ်ဘဲ ထိုင်းတွင် အောက်ခြေအလုပ်လုပ်ရန်အတွက် အလုပ်သမားကတ်လုပ်ကြမည့် မြန်မာပြည်သားများသာ ဖြစ်ကြ၏။
နွေဦးတော်လှန်ရေးကာလတွင် ထပ်မံတွေ့ရသည်မှာ ကရင်ပြည်နယ်၊ ဝေါလေ ထိုင်းနယ်စပ်တွင် KNU နှင့် PDF များ၏ တိုက်ခိုက်မှု၊ ကရင်နီပြည်နယ်၊ မယ်စဲ့ ထိုင်းနယ်စပ်တွင် ကရင်နီတော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုတို့ကြောင့် ထိုင်းနိုင်ငံတွင်း ထွက်ပြေးပြီး ထိုင်းစစ်တပ်ထံ လက်နက်ချကြသည့် စစ်ကောင်စီစစ်သားများ ဖြစ်၏။
၂၀၁၁ တကျော့ပြန် စစ်ပွဲဖြစ်ပြီးနောက် ၂၀၁၁ မှစ၍ ကချင်ကို ဖိတိုက်ရန် အခွင့်အရေးရခဲ့၏။ ကချင်ပြည်နယ်တွင် တပ်ရင်း ၁၀၀ ကျော်ခန့်အထိ ဖြည့်တင်းပြီး ထိုးစစ်ဆင်ခဲ့၏။ ထိုစဉ်က ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ကချင်နှင့်ရှမ်းမြောက်မှအပ အခြားဒေသများတွင် စစ်ဆင်ရေးမရှိရာ တပ်အင်အား အလုံးအရင်းစုစည်းပြီး စစ်ဆင်ရေးလုပ်နိုင်ခဲ့၏။ သို့သော် ထိုစဉ်ကလည်း လိုင်ဇာကို သိမ်းယူနိုင်ခြင်း မရှိခဲ့ပေ။ ယခုကဲ့သို့ တပြည်လုံးတွင် အရူးမီးဝိုင်း ဖြစ်နေပြီး တပ်အင်အား မလုံလောက်သည့်အချိန်မှ လိုင်ဇာကို သိမ်းမည်ဆိုသည်က ပြက်လုံးတခုသဖွယ် ဖြစ်နေပေသည်။
သို့ဖြစ်ရာ လိုင်ဇာအနီး နန်ဆန်ယန်ဒေသမှ တိုက်ပွဲများမှသည် လိုင်ဇာသိမ်းမည်ဆိုသည့် မြန်မာစစ်တပ်လော်ဘီများ၏ ဝါဒဖြန့်ချိချက်များသည် မြေပြင်အခြေအနေများအရ ဖြစ်နိုင်ခြေ နည်းပါးလှသည်ကို တွေ့ရ၏။ လက်တွေ့မြေပြင်တွင်လည်း နန်ဆန်ယန်ဒေသသို့ ဝင်ရောက်လာသည့် မြန်မာစစ်တပ်သည် ၁၀ ရက်ခန့်ရှိပြီ ဖြစ်သော်လည်း ယခုချိန်အထိ နယ်မြေခံ တပ်မဟာ ၅ လက်အောက်ခံ တပ်များနှင့်သာ တိုက်ပွဲဖြစ်ပွားနေသေးသည်ကို တွေ့ရ၏။ KIA ဗဟိုဌာနချုပ်တပ်များနှင့် တိုက်ပွဲဖြစ်ခြင်း၊ လိုင်ဇာခံစစ်စခန်းများကို ထိုးစစ်ဆင်ခြင်းတို့ကို မတွေ့ရသေးပေ။
သို့ဖြစ်ရာ လိုင်ဇာကိုတိုက်ရန် ဖြစ်နိုင်ခြေနည်းသည်ဟု ဆိုနိုင်သော်လည်း မလုပ်ရဲတာ ဘာမှမရှိဟု ကြွေးကြော်နေသည့် မိုက်လုံးကြီးသော မြန်မာစစ်တပ်က လိုင်ဇာကို အမှန်တကယ် တိုက်ခိုက်ပါကလည်း ပူပန်စရာမရှိပေ။ ယခုအခြေအနေတွင် လိုင်ဇာကို တိုက်ခိုက်ခြင်းသည် မြန်မာစစ်တပ်အနေနှင့် ကိုယ့်သေတွင်း ကိုယ်တူးသည့် လုပ်ရပ်ဖြစ်သဖြင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် လက်ခမောင်းခတ်ရန်သာ ရှိ၏။
ထို့ကြောင့် လိုင်ဇာ မိုးကောင်းကင်တွင် ယခုတွေ့နေရသည်မှာ အမှန်တကယ် စစ်ရိပ်စစ်ငွေ့လော၊ မြန်မာစစ်တပ်၏ မိုးလုံးပြည့်မုသာဝါဒများလော ဆိုသည်ကတော့ မကြာမီ သဲကွဲသွားပေလိမ့်မည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။