တရုတ်တွေ သိမ်းပိုက်ထားတဲ့ လက်ပံတောင်းတောင်အနီးက စစ်အုပ်စုရဲ့အခိုင်အမာခြေကုပ်စခန်းဖြစ်တဲ့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာ ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်သိမ်းပိုက်ကာ မီးရို့ဖျက်ဆီးသွားပြီးနောက် စစ်အုပ်စုက နွားမူးရူးထိုးနဲ့ ပြည်သူတွေကို ရန်ပြုသောင်းကျန်းမီးရှို့ကာ ညောင်ပင်ကြီးစခန်းကို အသည်းအသန် ပြန်လည်တည်ဆောက်နေပါတယ်။
ညောင်ပင်ကြီးရဲစခန်းဟာ လက်ပံတောင်းတောင်ဒေသမှာ ကြေးနီတူးနေတဲ့ တရုတ်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးနေရတဲ့ အဓိကကျတဲ့ စစ်အုပ်စုရဲ့ စခန်းတစ်ခုဖြစ်သလို မုံရွာမြို့နဲ့ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ရဲ့ ဝင်ထွက်ပေါက်လည်း ဖြစ်ပါတယ်။
ဇွန်(၉)ရက် ညနေပိုင်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကမိနစ်(၄၀)ကြာစီးနင်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ညောင်ပင်ကြီးစခန်းကို မီးရှို့ဖျက်ဆီးသွားပြီးနောက် စစ်အုပ်စုက သူတို့ရဲ့ ဂုဏ်သိက္ခာအတွက်ရော၊ နမခ အနောက်ပေါက် ဟင်းလင်းပွင့်မသွားဖို့အတွက်ပါ အသည်းအသန် ပြန်လည်ခြေကုပ်ယူပြီး စခန်းသစ်ကို ပြန်လည်တည်ဆောက်နေတာ ဖြစ်ပါတယ်။လက်ရှိမှာ စစ်အုပ်စုက တရုတ်ဝမ်ပေါင်ကုမ္မဏီထဲက ပစ္စည်းတွေနဲ့ ညောင်ပင်ကြီးစခန်းကို ပြန်လည်တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညောင်ပင်ကြီးစခန်းကို ပြန်လည်တည်ဆောက်နေစဉ်မှာ စစ်အုပ်စုက ညောင်ပင်ကြီးရွာ အပါအဝင် အနီးအနားက ရွာပေါင်းများစွာကို ကိုးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး နမခ ကနေ အင်အား(၁၀၀)ကျော် ဝန်းရံပေးကာ ပြန်လည် တည်ဆောက်နေတာပါ။
ညောင်ပင်ကြီးရဲစခန်း တည်နေရာရဲ့ အရေးပါမှု
ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းရှိ မုံရွာမြို့နဲ့ နမခ တိုင်းစစ်ဌာနချုပ် ကို ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ အလွယ်တကူ ဝင်ရောက် တိုက်ခိုက်လို့ မရအောင် ကားပေးထားတဲ့ အဓိကကျတဲ့ စခန်းနှစ်ခု ရှိပါတယ်။ အဲဒါက မုံရွာကနေ ချင်းတွင်းတံတားဘက် ဆင်းလာရင် ချက်ချင်းတန်းရောက်တဲ့ ရွှေတောင်ဦးကုန်းလို့ခေါ်ကြတဲ့ရွှေတောင်ဦးဘုရားနဲ့မုံရွာမြို့ပေါ်ကနေစက်လှေစီးပြီးကမ်းပေါ်တက်လိုက်တာနဲ့ ချက်ချင်းရောက်တဲ့ ညောင်ပင်ကြီးရွာစခန်းတွေ ဖြစ်ပါတယ်။
ရွှေတောင်ဦးကုန်းဟာ နမခ နဲ့ မျက်နှာချင်းဆိုင် ချင်းတွင်းမြစ် ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ တည်ရှိပြီး ညောင်ပင်ကြီးစခန်းကလည်း မုံရွာမြို့နဲ့ မျက်နှာချင်းဆိုင် အနီးဆုံးမှာ ရှိပါတယ်။ ညောင်ပင်ကြီးစခန်းဟာ စစ်ကောင်စီအတွက်ရောတော်လှန်ရေးတပ်ဖွဲ့တွေအတွက်ပါအရေးပါတယ်လို့ပြောနိုင်ပြီးစစ်ကောင်စီအတွက် ပိုပြီးအရေးပါတယ်လို့ ပြောနိုင်ပါတယ်။
မုံရွာနဲ့ နမခကို ကာကင်းအနေနဲ့ ပေးထားသလို ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဖို့ ဖြန့်ကြက်ရာမှာလည်း ညောင်ပင်ကြီးစန်းနဲ့ ရွှေတောင်ဦးကုန်းတွေကနေတစ်ဆင့် တပ်ဖြန့်တာဖြစ်ပါတယ်။ မုံရွာနဲ့ နမခ ကို ကာပေးထားတဲ့ စခန်းတွေထဲမှာ ရွှေတောင်ဦးကုန်းနဲ့ ညောင်ပင်ကြီးစခန်းတွေ အပြင် နောက်ထပ်ရံထားတဲ့ မလှမ်းမကမ်း နေရာတွေမှာ စစ်ကောင်စီ အထိုင်စခန်းတွေလည်း ရှိပါသေးတယ်။ အဲဒီစခန်းတွေက ကျောက်မျက်တောင်ပေါ်က အထိုင်စခန်း၊ လက်ပံတောင်းတောင်ရဲ့မြောက်ဘက်ကပ်လျက်မုံရွာပုသိမ်လမ်းပေါ်ကအမှတ်(၂၈)ရဲတပ်ရင်းနဲ့ဝမ်းပေါင်စီမံကိန်းအတွင်းကကင်းဂိတ်စတဲ့အထိုင်နေရာတွေဟာ မုံရွာမြို့နဲ့ နမခ ကို ကာပေးထားတာဖြစ်ပါတယ်။
“ညောင်ပင်ကြီးစခန်းရဲ့ အဓိကက သူတို့မုံရွာကို ကာကွယ်တာဗျ။ ညောင်ပင်ကြီးစခန်း ပြိုတာနဲ့ တပြိုင်နက်တည်း ကျနော်တို့က မုံရွာကို သွားချင်တိုင်း သွားလို့ရသွားတဲ့ အနေအထားဖြစ်သွားပြီ။ အဲဒါကြောင့် သူတို့က ညောင်ပင်ကြီးစခန်းကို အသေအလဲ ကာကွယ်တာပေါ့” လို့ ယင်းမာပင်ခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းထားတဲ့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအေတီက MFP ကို ပြောပါတယ်။ ညောင်ပင်ကြီးစခန်း တည်နေရာဟာ အရေးပါတဲ့ နေရာမှာတည်ရှိပြီး ညောင်ပင်ကြီးစခန်း တည်ရှိနေခြင်းအားဖြင့် ချင်းတွင်းမြစ်ကြောင်းနဲ့ ကုန်းကြောင်း နှစ်ခုလုံးအတွက် စစ်ကောင်စီက တပြိုင်နက်တည်း ထိန်းချုပ်ပြီးသား အခြေအနေမှာ ရှိနေပြီး စစ်ကောင်စီအတွက် ဂုဏ်သိက္ခါအတွက်ရော စစ်ရေးအတွက်ပါ အရေးပါနေတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ – CDSOM တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် ကိုနွေဦးက သုံးသပ်ပါတယ်။
“အဲဒီနေရာတွေက သူတို့အတွက်တော့ တကယ့် ဗျူဟာကျတဲ့ နေရာမျိုးတွေပေါ့။ ရေလမ်းအတွက်လည်း အရေးကြီးတဲ့ နေရာဖြစ်သလို ကုန်းလမ်း ချိတ်ဆက်မှုပိုင်း အရမှာဆိုရင်လည်း ဒီဟာက အရေးကြီးတဲ့ အပိုင်းမှာပါတယ်ဗျ။ ပါတဲ့အတွက် ဒီလိုမျိုးနေရာတွေကို သူတို့ လွယ်လွယ်နဲ့တော့ အဆုံးရှုံးမခံဘူး။ အဆုံးရှုံး မခံတဲ့အတွက်ကြောင့် သူတို့ ဒီအင်အားနဲ့ မရဘူးဆိုရင် အင်အားထပ်ဖြည့်ပြီးတော့ ဒီလိုမျိုးနေရာတွေတော့ ထိန်းသိမ်းကာကွယ်သွားမှာပေါ့” လို့ ကိုနွေဦးက ဆိုပါတယ်။
ညောင်ပင်ကြီးစခန်းနဲ့ ရွှေတောင်ဦးကုန်းဟာ အဓိကကျတဲ့နေရာတွေဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေအတွက် တစ်ခုအောင်မြင်ပြီးသွားရင် နောက်တစ်ခုပြိုဖို့ သိပ်မခဲယဉ်းတော့ဘူးလို့ ကိုနွေဦးက ဆိုပါတယ်။
စစ်ရေးသဘောတရားအရကြည့်မယ်ဆိုရင်လည်း ညောင်ပင်ကြီးစခန်းဟာ မုံရွာနဲ့ ဝမ်ပေါင်ကြေးနီစီမံကိန်း နှစ်ခုလုံးအတွက် ကာကင်း ပုံစံမျိုး ဖြစ်တယ်လို့ ပုလဲမြို့နယ် အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF Column – 3 ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
“မုံရွာမြို့ အပြင်ကင်းရယ်၊ ဝမ်ပေါင်ရဲ့ အပြင်ကင်း တစ်ခုအနေနဲ့ ညောင်ပင်ကြီး ရဲစခန်းကို ပြန်ဆောက်မှာပဲဗျ။ စစ်အရေးအရက သူတို့အခိုင်အမာ ကာကင်းပုံစံမျိုး အထိုင်ထားနိုင်မှသာလျှင် မုံရွာမြို့အတွက်လည်း အန္တရယ်ကင်းမယ်။ ဝမ်ပေါင်အတွက်လည်း သူတို့က အန္တရယ်ကင်းမယ်လေ။ အဲတော့ကျတော့ သူတို့က သေချာပြန်ဆောက်မှာပဲဗျ”
ခံစစ်ပြင်ဆင်လာတဲ့ စစ်ကောင်စီ
မြေပြင်မှာရှိတဲ့ စစ်ကောင်စီရဲ့ အင်အားဟာ တိုက်ခိုက်ရေးတပ်နဲ့ လက်ရုံးတပ်ဖွဲ့တွေ ပေါင်းပါမှ အင်အားစုစုပေါင်း (၂၂၀,၀၀၀) ကနေ (၂၄၀,၀၀၀) လောက်သာ ရှိတော့တယ်လို့ ပြီးခဲ့တဲ့ မေ(၂၈)ရက် PDF ဖွဲ့စည်း တည်ထောင်ခြင်း နှစ်နှစ်ပြည့် စစ်ရေးအခြေပြ စာတမ်းမှာ NUG က ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့ အင်အားအခြေအနေကို စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေး တပ်ပေါင်းစုတွေ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ (၁၀)ဖွဲ့ဝန်းကျင်ကို MFP အနေနဲ့ ဆက်သွယ် မေးမြန်းကြည့်ရာမှာလည်း အခု ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီရဲ့ အခြေအနေဟာ မနှစ်ကနဲ့ မတူတော့ဘဲ အရင်ကလောက် စစ်ကြောင်းထိုးနိုင်ခြင်း မရှိတော့သလိုအင်အားမလုံလောက်သလောက်နည်းပါးလာတယ်လို့ပြောနိုင်ကြောင်းတော်လှန်ရေးတပ်ဖွဲ့တွေက တညီတညွတ်တည်း ဆိုပါတယ်။ လက်ရှိမှာလည်း စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်တာတွေ ရှိနေပေမယ့် စစ်ကောင်စီအနေနဲ့ အရင်ကလို နေရာစုံအောင် စစ်ကြောင်းထိုးနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာဆိုရင်စစ်ကောင်စီအထိုင်စခန်းနေရာတွေကလွဲလို့ကျန်တဲ့နေရာတွေမှာတော်လှန်ရေးတပ်ဖွဲ့တွေက လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနေတဲ့ အခြေအနေမှာ ရှိပါတယ်။ မန္တလေး – မုံရွာ ကားလမ်းပေါ်မှာတောင် စစ်ကိုင်းမြို့အထွက် ကံတလူတိုးဂိတ်ကျော်တာနဲ့ စစ်အုပ်စုက စနစ်တကျ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ ဆိုပါတယ်။
“ဘာလို့တုန်းဆိုတော့ ဒီဘက်ပိုင်း (ပုလဲနယ်)မှာက PDF က တော်တော်များများ ထိန်းထားတာ ဖြစ်တဲ့အခါမှာ သူတို့ စိုးမိုးတယ်၊ သူတို့ အခြေစိုက်တယ်ဆိုတဲ့ ရွာတွေကလွဲလို့ ကျန်တဲ့နေရာတွေက PDF က လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနေကြတာ ဖြစ်တာကိုး”လို့ ABSDF Column – 3ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
စစ်ကိုင်းတိုင်း အလယ်ပိုင်း ချင်းတွင်းမြစ်ကမ်းတလျှောက်က ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ကနီစတဲ့ မြို့နယ်တွေမှာ စစ်အုပ်စု အနေနဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးမယ်ဆိုရင် မုံရွာ နမခ ကတဆင့် ညောင်ပင်ကြီးနဲ့ရွှေတောင်ဦးကုန်းကိုအရင်ဆုံးလာရောက်စုဝေးပြီးအဲ့ဒီကမှတဆင့်တပ်ဖြန့်စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီ ယင်းမာပင်ခရိုင်ထဲက မြို့နယ်တွေမှာရှိတဲ့ စစ်အုပ်စုနဲ့ ပျူစောထီး ပူးပေါင်း အထိုင်ချထားတဲ့ ရွာတွေမှာလည်း အင်အား ချည့်နဲ့နေပြီ ဖြစ်တာကြောင့် မုံရွာ နမခက လာရောက် စစ်ကြောင်း မထိုးရင် သူတို့ဘက်ကို မရောက်တော့ဘူးလို့ ကိုပြည့်ဖြိုးကျော်က ဆိုပါတယ်။
ဥပမာအားဖြင့် ဇွန်(၈)ရက်ကဆိုရင် ပုလဲမြို့နယ်ထဲက အကြီးဆုံး ပျူစခန်းတွေဖြစ်တဲ့ ဇီးဖြူကုန်းနဲ့ အင်မထီးရွာက ရိက္ခာပြတ်နေပြီဖြစ်တဲ့ စစ်အုပ်စုနဲ့ ပျူတွေဟာ အရင်ကလို သူတို့ကိုယ်တိုင် ရွာအပြင်ထွက်ပြီး ရွာစဉ်ပတ်မွှေ လုယက်ခိုးယူတာတွေ မလုပ်ဝံ့တော့ဘဲ မုံရွာနမခ ကနေ စစ်ကူခေါ်ကာ အင်အား(၁၀၀) ကျော် ရောက်လာချိန်မှသာ ပြည်သူတွေဆီက လုယက်ခိုးယူကာ ရိက္ခါစုတာတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။ အဲ့ဒီလို ပုလဲနယ်က ပျူတွေအတွက် ရိက္ခာစုပေးဖို့ စစ်ကူပို့လိုက်ရတဲ့အချိန်မှာပဲ အင်အားနည်းသွားတဲ့ ညောင်ပင်ကြီးစခန်း စီးနင်းတိုက်ခိုက် သိမ်းပိုက်ခံရတာ ဖြစ်ပါတယ်။မုံရွာ နမခ ကနေသာ စစ်ကူမလာပါက ပုလဲနယ်က စစ်အုပ်စုနဲ့ပျူတွေ ငတ်ပြတ်တော့မယ့် အခြေအနေ ရောက်နေတယ်လို့ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။
အညာမှာ စစ်ရေးချိန်ခွင်လျှာ ပြောင်းသွားပြီလား
ကနီမြို့နယ်မှာဆိုရင်လည်း စစ်အုပ်စု အနေနဲ့ တခါတလေ စစ်ကြောင်းထိုးပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ သောင်းကျန်းတာက လွဲလို့ နယ်မြေအတွင်း သွားလာလှုပ်ရှားမှု အတော်လေးကို နည်းပါးသွားပြီလို့ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦးULFပြန်ကြားရေးတာဝန်ခံကိုအေတီကပြောပါတယ်။
လက်ရှိ အခြေအနေအရ ယင်းမာပင်နယ် အပါအဝင် ချင်းတွင်းမြစ်တကြောမှာ စစ်အုပ်စုက စစ်ကြောင်း သိပ်မထိုးတော့လို့ တော်လှန်ရေး တပ်ဖွဲ့တွေက စစ်အုပ်စု အထိုင်ချစခန်းတွေကို သွားရောက် တိုက်ခိုက်နေတဲ့ အခြေအနေ ဖြစ်နေပြီလို့ ကိုအေတီက ဆိုပါတယ်။
“အစောတုန်းက သူတို့လာမှ သူတို့ စစ်ကြောင်းထိုးမှ ဝိုင်းတိုက်တာ။ အခုနောက်ပိုင်းက စစ်ကိုင်းတိုင်း တော်တော်များများမှာစစ်ကြောင်းကကိုယ့်ဆီမလာတော့ကျသူတို့ရှိရာနောက်ကိုထိုးစစ်လိုက်ဆင်နေတော့တာဗျ။ တော်တော်လေး ပြောင်းလဲနေပါပြီ။ မနှစ်ကနဲ့ ဒီနှစ် ပြန်သုံးသပ်ရင် မနှစ်က သူတို့ လာမယ့် လာကြောင်းကိုပဲ ခံစစ်နဲ့ တိုက်တယ်။ အခု ဒီနှစ်ပိုင်းတွေကျတော့ အဲလို မဟုတ်တော့ဘူးဗျ။ ထိုးစစ်နဲ့ ပြန်ကစားနေရတဲ့ အဆင့်ရောက်သွားပြီ”လို့ ကိုအေတီက ဆိုပါတယ်။
ဒါ့ကြောင့် စစ်အုပ်စုဟာ အခုနောက်ပိုင်းမှာဆိုရင် သူတို့ အထိုင်စခန်းနေရာတွေကို တော်လှန်ရေးတပ်တွေ အလွယ်တကူ မလာရောက်နိုင်အောင် လမ်းတွေကို ဖျက်ဆီးနေတာကို ကြည့်ခြင်းအားဖြင့် ခံစစ်အတွက် ပြင်ဆင်နေခြင်းလည်း ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။ စစ်အုပ်စုဟာ သူတို့ရဲ့ အင်အား နည်းပါးလာတာကြောင့် ခံစစ်ကိုပဲ ကောင်းကောင်းပြင်ဆင်လာပြီး သေချာ သတိထားမိတာ တစ်ခုက စစ်အုပ်စု အထိုင်စခန်း တစ်ခုနဲ့တစ်ခုဟာ စစ်ကူလာဖို့ နီးကပ်တဲ့ နေရာတွေမှာ ရှိနေတယ်လို့ မြောင် CDSOM ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ စခန်းတစ်ခု စီးနင်းခံရရင် မြေပြင်ကပါ အချိန်မီ လာရောက်နိုင်တဲ့ နေရာမှာအခြားစခန်းတွေက အထိုင်ချထားသလို လေကြောင်းကနေလည်း (၁၀)မိနစ်နဲ့ (၁၅)မိနစ်အတွင်း လာရောက်နိုင်တဲ့ အနေအထားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်ကြောင်း ထွက်မယ်ဆိုရင်တောင်မှ ရသမျှ အင်အားကို စုပြီးတော့ အခုနောက်ပိုင်းမှာ အလုံးအရင်းနဲ့ ထွက်တာများတယ်။ဘာဖြစ်လို့လဲဆိုတော့ထွက်တိုင်းထွက်တိုင်းကတစ်ဝက်လောက်ကပြန်မလာနိုင်တာတွေချည်း ဖြစ်နေတာပေါ့”လို့ ကိုနွေဦးက ဆိုပါတယ်။ ပြီးတော့ သူက ဆက်ပြောပါတယ်။
“အဲတော့ကျတော့ သူတို့က ထွက်ပြီဆိုလည်း ဒီတိုင်း ထွက်တာမျိုးတော့မဟုတ်ဘူး။စစ်ကြောင်းထွက်ပြီဆိုရင် အချိန်မီလေယာဉ်အကူပေးနိုင်ရေးအတွက်နောက်မှာသူတို့ကအသင့်ပြင်ထားတာ။အဲလိုအခြေအနေတွေကတော့ အခုနောက်ပိုင်းမှာ ဆက်တိုက်ပဲဗျ”
တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ လက်ရှိမှာ မိမိတို့ရဲ့ မြို့နယ်အပြင်ကိုထွက်ပြီး တခြားနယ်တွေအထိ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်လာနိုင်သလို တိုင်းစစ်ဌာနချုပ် ဖြစ်တဲ့ မုံရွာ နမခ လို နေရာမျိုးကိုလည်း သုံးလေးမိုင် ပတ်ချာလည်ကနေ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက် ဒုက္ခပေးနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။
လက်နက် လိုအပ်ချက်ကြောင့် နမခ ကို အများကြီး ထိရောက်အောင် မလုပ်နိုင်သေပေမယ့် နမခ နဲ့ အနီးဆုံးနေရာအထိ လာရောက်ပြီး တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကို လေကြောင်းကနေ အများဆုံးဒုက္ခပေးနေတာက နမခ ကနေ ပျံတက်လာတဲ့ လေကြောင်းပဲ ဖြစ်ပါတယ်။မိနစ်ပိုင်းအတွင်း လေးကြောင်းကနေ လာရောက် ဒုက္ခပေးနိုင်တဲ့ နမခကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နမခ အတွင်းပိုင်းမှာရှိနေတဲ့ စစ်အုပ်စုတွေကို တစ်ယောက်သေသေ၊ နှစ်ယောက်သေသေ တဖြည်းဖြည်းချင်း ဖဲ့ချွေနေမှာဖြစ်တယ်လို့ ကိုနွေဦးက ဆိုပါတယ်။နမခအတွင်းက စစ်အုပ်စုအနေနဲ့ သူတို့ခြံဝင်းထဲကနေ အပြင်ဘက်ကို အစုအဖွဲ့နဲ့ မဟုတ်ပါက အလွယ်တကူ လာရောက်လို့ မရတော့ဘူးလို့ မုံရွာမြို့ခံတွေက ဆိုပါတယ်။ နမခရဲ့ ပတ်ချာလည်မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်လွယ်ပြီး သွားလာနေကြတာဖြစ်ပါတယ်။
လူသတ်၊ မီးရှို့ပြီး ကလဲ့စားချေ
စစ်အုပ်စုဟာ သူတို့စခန်းတွေ စီးနင်းတိုက်ခိုက် သိမ်းပိုက်ခံရတာ၊ မြေပြင်တိုက်ပွဲမှာ နိုင်အောင်မတိုက်နိုင်ဘဲ အထိနာ အသေများတိုင်း လက်နက်မဲ့ပြည်သူကို ရန်ပြုပြီး ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာ၊ လူသတ်တာ၊ ရွာလုံးကျွတ် မီးရှို့တာတွေလုပ်ဆောင်ပြီးကလဲ့စားချေလေ့ရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဇွန်(၉)ရက်က ညောင်ပင်ကြီး စခန်း စီးနင်းတိုက်ခိုက် သိမ်းပိုက်ခံရကာ စခန်းမီးရှို့ခံရပြီး တိုက်ပွဲအတွင်း စစ်အုပ်စု (၁၀)ယောက် သေပြီးနောက် မုံရွာ နမခကနေ ရဟတ်ယာဉ်နဲ့ စီးနင်းပစ်ခတ်ခဲ့သလို နေအိမ်တွေကို မီးရှို့တာ၊ ဒေသခံတွေကို သတ်ဖြတ်တာတွေပါ နေ့စဉ်ရက်ဆက် လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ ညောင်ပင်စခန်းသိမ်းခံရတဲ့ ဇွန်(၉)ရက်ကစပြီး ဒီကနေ့(၁၇)ရက်အထိ ညောင်ပင်ကြီးရွာ အပါအဝင် အနီးအနားက ကျေးရွာတွေဖြစ်တဲ့ ရွာရှည်၊ ထန်းတော၊ နှင်းတောနဲ့ သိမ်းတော်ရွာတွေကို ကိုးရက်ဆက်တိုက် မီးရှို့နေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လို့ နှင်းတောရွာက ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင်ဒေသခံ(၂၀)ဝန်းကျင်ကိုလည်း စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
“ဆိုးတာကတော့ ပြောမပြတတ်အောင် ဆိုးနေတာ ဒီကောင်တွေက။ စိတ်ထင်တိုင်းကို ရှို့နေတာပေါ့။ အဲနားပတ်ပတ်လည်ကို” လို့ ညောင်ပင်ကြီးစခန်းသိမ်းခံ၇ပြီးနောက် စစ်အုပ်စုက ပြည်သူတွေကို ရန်ပြုပြီး ညောငပ်င်ကြီး အပါအဝင် ကျေးရွာတွေကို ကိုးရက်ဆက် မီးရှို့နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။လက်ရှိမှာ စစ်အုပ်စုရန်ကြောင့် ညောင်ပင်ကြီး၊ ရွာရှည်၊ ထန်းတော၊ ပလောင်၊ ကူတို့ကုန်း၊ အိုမ၊ နှင်းတော၊ ရွှေအင်းလေး၊ အောင်ချမ်းစည်၊ ရုံးပင်ရိုး၊ ထန်းတောကြီး စတဲ့ ကျေးရွာ (၁၂)ရွာက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့၂၀၂၃ခုနှစ်ဟာနွေဦးတော်လှန်ရေးအဆုံးသတ်အတွက်အဆုံးဖြတ်နှစ်အဖြစ်ကြွေးကြော်ထားပါတယ်။
ညောင်ပင်ကြီးစခန်းသိမ်း တိုက်ပွဲမှာ ဦးဆောင်ပါဝင် တိုက်ခိုက်ခဲ့တဲ့ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး – ULF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအေတီကတော့ လက်ရှိ သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်ကို အခုလို ပြောပါတယ်။
“ကျနော်တို့က ဒီနှစ်ပိုင်းမှာ မြစ်အနောက်ဘက်အခြမ်း အကုန်သိမ်းပိုက်အောင်လို့ မျှော်မှန်ထားတယ်”
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။