ဒေးဗစ်လည်းသိတဲ့အတိုင်းNUGကြေညာထားတာကစစ်အာဏာရှင်စနစ်ဖယ်ရှားရေးနဲ့ပတ်သက်ပြီး အခုနှစ်ထဲမှာ အဆုံးအဖြတ်ဖြစ်စေမယ့် အပြောင်းအလဲတွေ တွေ့လာရမယ်လို့ ပြောထားပါတယ်။ အခုအချိန်က NUG ထူထောင်တာ ၂ နှစ်ပြည့်ချိန်လည်းဖြစ်၊ အခုနှစ်ရဲ့ ပထမ ၄ လတာလည်း ရောက်လာပြီ ဖြစ်တော့ …. တကယ့်ကို အပြောင်းအလဲဖြစ်စေမယ့်အခြေအနေမျိုးဆီ ဦးတည်နေပြီလို့မြင်မိလားခင်ဗျ။
ဒေးဗစ်မက်သီဆန်။ ။ အခု ၂၀၂၃ ပထမ ၄ လထိကတော့ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုမျိုး ကျွန်တော်တို့ မတွေ့မြင်ရသေးပါဘူး။ ပဋိပက္ခတွေကိုကြည့်ရင် တစ်ဖက်ဖက်က အနိုင်ရနေတယ်ဆိုပြီး ပြောမရနိုင်တဲ့အနေအထားမျိုး ရောက်နေပါတယ်။
ဒီလိုပြောပေမယ့်လည်း လူမျိုးစုလက်နက်ကိုင်တပ်တွေ အပါအဝင် NUG အောက်က PDF တွေရော၊ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေရော ဖော်ဆောင်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကတော့ လူတွေမျှော်လင့်ထားတာထက်တောင် ပိုပြီးလုပ်လာနိုင်တယ်ဆိုတဲ့အချက်ကိုတော့ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ရေးနည်းနဲ့ရယူမယ့် အဆုံးသတ်အောင်ပွဲဟာ လက်တကမ်းမှာဆိုပြီး ပြောလို့မရနိုင်ပါဘူး။ သေချာတာကတော့ ဒီနှစ်ထဲမှာမဖြစ်နိုင်သလို၊ တချိူ့သုံးသပ်ပြောဆိုနေကြသလို မဝေးတော့တဲ့ကာလမှာဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ဘီဘီစီ။ ။ NUG ဖော်ဆောင်နေတာ လက်နက်ကိုင်တော်လှန်ရေးဖြစ်တယ်ဆိုတော့ … စစ်ရေးနည်းနာမှာ သူတို့အနေနဲ့ တွေ့ကြုံနေရတဲ့ အဓိကအခက်အခဲ အဟန့်အတားတွေကဘာတွေလဲလို့ ဒေးဗစ် သတိထားမိလဲ။ သူတို့အဲဒါတွေကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းမျိုးတွေရောရှိရဲ့လား။
ဒေးဗစ်မက်သီဆန်။ ။ အကြီးမားဆုံးအခက်အခဲ အဟန့်အတားဆိုရင် ထောက်ပံ့ ပို့ဆောင်ရေးပိုင်းလို့ပြောရမှာဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအတွက် လက်နက်ခဲယမ်းမီးကျောက်တွေအပါအဝင် စစ်ဘက်ဆိုင်ရာပစ္စည်းတွေပိုပြီး လိုအပ်နေပါတယ်။ လူအင်အားအနေနဲ့ကြည့်ရင်တော့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေး လက်နက်ကိုင်တော်လှန်ရေးထဲမှာပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားသူတွေ၊ စိတ်အားတက်ကြွနေသူတွေ အရေအတွက်ဟာ လုံလောက်အောင် ရှိနေတယ်လို့မြင်ပါတယ်။ ဒီတော့ လက်တွေ့စစ်မျက်နှာပြင်တွေမှာ တိုးတက်အောင်မြင်မှုတွေ ရလာဖို့ရာ သူတို့ကိုလိုအပ်တဲ့ လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ပံ့ပိုးတပ်ဆင်ပေးရမှာဖြစ်ပါတယ်။
အခုမြင်တွေ့နေရတာက အင်မတန်အချိုးအစားမမျှတလှတဲ့ စစ်ပွဲ ဖြစ်ပါတယ်။ စကစဘက်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တနိုင်ငံလုံးအနှံ့ အားပြုသုံးစွဲနေပါတယ်။ ဒီလို ပြောပေမယ့်လည်း စစ်တပ်ကအနိုင်ရသွားမယ်လို့ ကျွန်တော် ဆိုလိုတာမဟုတ်ပါဘူး။ စစ်ပွဲဆိုတာ လေကြောင်းအင်အားတွေ၊ လက်နက်ကြီးတွေပေါ်မှာပဲ မှီခိုတာမျိုးမဟုတ်ပါဘူး။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အဲဒီလေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကို ဘယ်လိုတန်ပြန် ကိုင်တွယ်မလဲဆိုတာကို ဗျူဟာမြောက် စဥ်းစားကြဖို့လိုပါတယ်။
လက်ရှိမှာတော့ အောင်ပွဲဆိုတာကို စကစဘက်က ဘယ်နှစ်ယောက်သေဆုံးသွားပြီဆိုတဲ့ အရေအတွက်နဲ့ ယှဥ်ထိုးပြီးပြောနေကြပါတယ်။ အဲဒါဟာ အခြေအနေဖြစ်ရပ်မှန်တွေအပေါ် အရင်းခံ အတိုင်း နားလည်သဘောပေါက်မှု လွဲမှားစေနိုင်ပါတယ်။ ဒီတော့ ဒေသအလိုက်ကိုက်ညီတဲ့ စစ်ရေးဆိုင်ရာဗျူဟာတွေ ချမှတ်ထားရှိဖို့လိုတယ်လို့ ကျွန်တော်မြင်ပါတယ်။
ကရင်နီမှာဆင်နွှဲနေတဲ့စစ်နဲ့ အညာဒေသမှာဆင်နွှဲတဲ့စစ်ပုံစံမျိုး မတူပါဘူး။ အေအေ ဆိုရင်လည်း ရခိုင်ထဲမှာ သူတို့ရဲ့ကိုယ်ပိုင်စစ်ပွဲအနေနဲ့ ဆင်နွှဲကြတာမဟုတ်လား။
ဒီတော့ စစ်ရေးအရ လိုအပ်ချက်တွေဆိုတာကို ပြန်ချုပ်ရရင်တော့ ထောက်ပို့ပိုင်းမှာ၊ လက်နက်တပ်ဆင်မှုအပိုင်းမှာ NUG အနေနဲ့ အဓိက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အခြေခံ အကျဆုံးမေးခွန်းက ဘယ်ကနေ လက်နက်ရနိုင်မလဲ၊ လက်နက် ဝယ်နိုင်မလဲ ဆိုတဲ့အခက်အခဲကို ကျော်ဖြတ်နေရတာဖြစ်ပါတယ်။ လက်နက်ခဲယမ်းမီးကျောက်တွေ ပုံမှန်စီးဝင်နေနိုင်တဲ့ လမ်းကြောင်းမျိုးတွေ ရှိဖို့လိုအပ်ပါတယ်။ နောက်ပြီး အရေးကြီးတဲ့အပိုင်းကတော့ အားလုံးသိတဲ့အတိုင်း လေကြောင်းရန် ကာကွယ်နိုင်စွမ်းပဲဖြစ်ပါတယ်။
ပြောရရင်တော့ အခု ကျွန်တော် ထောက်ပြခဲ့တဲ့အချက်တွေဟာ အခုမှ တွေ့ကြုံလာရတဲ့ အသစ်အဆန်းတွေမဟုတ်ပဲ၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ နှစ်နှစ် ကတည်းက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။ ဒီကာလအတိုင်းအတာအတွင်းမှာ အဲဒီအခက်အခဲတွေကို အတော်အတန် ဖြေရှင်းကျော်လွှားနိုင်လာတယ်ဆိုတာမျိုး မမြင်ရသေးဘူးလို့ ကျွန်တော်သုံးသပ်မိပါတယ်။
ဘီဘီစီ။ ။ မြေပြင်အခြေအနေတွေကတော့ ထိတ်လန့်တုန်လှုပ်ဖို့ ကောင်းနေပါတယ် ဒေးဗစ်ရေ … ခင်ဗျားလည်းသိမှာပါပဲ … အခုရက်ပိုင်းကဖြစ်ခဲ့တဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်မှုဆိုရင် မြေပြင်ကူညီရေး လုပ်ဆောင်နေသူတွေရဲ့အဆိုအရ လူပေါင်း ၁၀၀ ကျော် အစုလိုက် အပြုံလိုက်သေဆုံးခဲ့ပါတယ်။ ကလေးငယ်တွေ၊ အမျိုးသမီးတွေ အများအပြားပါဝင်တယ်လို့ ဆိုပါတယ်။
ဆိုတော့ကား … ဒီလောက်အခြေအနေတွေ တွေ့ကြုံနေရချိန်မှာ NUG အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကနေ ဘာတွေရလာအောင် တောင်းဆိုနိုင်လဲ … လေကြောင်းရန် ကာကွယ်ရေး လက်နက်မျိုးတွေ၊ လေကြောင်းရန်ကြိုတင်သတိပေးစနစ်တွေ တောင်းဆိုနိုင်မလား။ နိုင်ငံတကာအသိုင်းအဝိုင်းကရော ဘယ်အတိုင်းအတာအထိ လုပ်ဆောင်ပေးနိုင်လဲ …. ။
ဒေးဗစ်မက်သီဆန်။ ။ လေယာဥ်ပစ်လက်နက် အမျိုးအစားတွေ မကြာခင်မှာပဲ နိုင်ငံတကာကပေးလာလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အဲဒီလို မျှော်လင့်နေရင်လည်း ကိုယ်ဖြစ်ချင်တဲ့ဆန္ဒအပေါ် အခြေခံတဲ့စိတ်ကူးယဥ်မှုမျိုးပဲ ဖြစ်နေပါလိမ့်မယ်။ မြေပြင်မှာ လက်တွေ့ ရင်ဆိုင်ကြုံတွေ့နေရသူတွေအပေါ် မျှော်လင့်ချက် အမှားတွေပေးတာမျိုးဖြစ်သွားနိုင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က တကယ်တမ်းလုပ်ပေးနိုင်တဲ့ … အဖြစ်နိုင်ဆုံးအရာဆိုရင် “early warning system” လို့ခေါ်တဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ကြိုတင်သတိပေးမှုစံနစ်မျိုးဖြစ်ပါတယ်။
အဲဒီလိုစနစ်မျိုးထားရှိလာနိုင်ရင် လေကြောင်းတိုက်ခိုက်လာတော့မယ့် လက္ခဏာမျိုးတွေရှိလာပြီဆိုတာနဲ့ အရပ်သားတွေကို ဘေးကင်းရာနေရာတွေဆီ ရွှေ့ပြောင်းစေတာမျိုးတွေ လုပ်နိုင်ဖို့မျှော်လင့်ရပါတယ်။ ဒါပေမယ့် အညာဒေသ စစ်ကိုင်း၊ မကွေးမှာတော့ အတော်လေး ခက်ခဲမယ်လို့ထင်ပါတယ်။ မြေမျက်နှာသွင်ပြင်ဟာ ပြန့်ပြူးပြီး၊ ပုန်းဖို့ကွယ်ဖို့ တောတောင် နေရာတွေရှားပါးပါတယ်။
ဘာပဲပြောပြော အနောက်နိုင်ငံက အလှူရှင်တွေနဲ့ စာနာမှုဆိုင်ရာ အကူအညီ ပေးနေကြသူတွေထံမှာ လက်နက်မဟုတ်တဲ့ ထောက်ပံ့ရေးတွေရဲ့ အစိတ်အပိုင်းအနေနဲ့ အဲဒီ လေကြောင်းရန်သတိပေးမှု ဆိုင်ရာ နည်းပညာကို ပံ့ပိုးပေးလိုစိတ်ရှိနေပါတယ်။ သူတို့မှာ ပံ့ပိုးနိုင်စွမ်းလည်းရှိပါတယ်။ တင်ကြို သတိပေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်မယ်ဆိုရင် တကယ် လက်တွေ့ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
မြန်မာပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိအောင်၊ ကိုယ့်သားသမီးတွေကို ဘေးလွတ်ရာခေါ်သွားနိုင်အောင် နိုင်ငံတကာမိသားစုအနေနဲ့ ပံ့ပိုးပေးရမယ့်တာဝန်လည်းရှိပါတယ်။ အဲဒါကို “moral obligation” လို့ ခေါ်ရမှာဖြစ်ပါတယ်။ လုပ်သင့်လုပ်ထိုက်တာကို လက်တွေ့လုပ်ဆောင် ကျင့်ကြံဖို့လိုတဲ့ “ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရား” ဖြစ်ပါတယ်။ စိုးရိမ်ကြောင်း၊ ရှုံ့ချကြောင်းထုတ်ပြန်ချက်တွေကတော့ လက်တွေ့ ခံစားနေရတဲ့ မြန်မာပြည်သူတွေကို စော်ကားနေသလိုမျိုးတောင်ဖြစ်နေပါပြီ။ မြန်မာပြည်ရဲ့အခြေအနေဟာ အဲဒီထုတ်ပြန်ချက်တွေ ထုတ်ရတဲ့အနေအထားရဲ့အလွန်ကိုရောက်သွားပြီဖြစ်ပါတယ်။
ဘီဘီစီ။ ။ အခုနက ပဇီကြီးဖြစ်ရပ်ကိုပဲ ရည်ညွှန်းပြောရရင် … အဲဒီလောက်အတိုင်းအတာ ပမာဏမျိုးဆိုရင် မြန်မာ့ပြည်ထဲက စစ်ပွဲဟာ အရပ်သားထိခိုက် သေဆုံးရမှုကအစ ဆီးရီးယားစစ်၊ ယူကရိန်းစစ်တွေနဲ့ ပြင်းထန်မှု လေးနက်မှု မတူသေးဘူးလား ဒေးဗစ်ရေ .. ဒီတော့ နိုင်ငံတကာရဲ့ တုံ့ပြန်ဆောင်ရွက်မှုဟာ “လက်နက်မဟုတ်သော” ဆိုတဲ့ဘောင်အတွင်းမှာပဲ ဆက်ပြီးရှိနေဦးမှာလား။
ဒေးဗစ်မက်သီဆန်။ ။ နိုင်ငံတကာအနေအထားမှာရော၊ ဒေသတွင်းမှာပါ မြန်မာနိုင်ငံထဲက လက်နက်ကိုင်ပဋိပက္ခထဲ စာနာမှု ဆိုင်ရာအကူအညီပေးတာတွေရဲအလွန် စစ်ရေးအရတိုက်ရိုက်ပါဝင်စွက်ဖက်မှုမျိုးတွေ့လာရဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။
ကမ္ဘာပေါ်မှာ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေကိုရော၊ စစ်ကောင်စီကိုပါ လက်နက်တပ်ပေးနေတဲ့ပြည်ပနိုင်ငံရယ်လို့ တရုတ်ပဲရှိတယ်ဆိုတာ ကျွန်တော်တို့သဘောပေါက်သင့်ပါတယ်။ အဲဒီ အချက်အပေါ် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိမြင်ကြဖို့၊ မျက်မှောက်ပြုမိကြဖို့လိုအပ်တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။
အနောက်နိုင်ငံတွေဝင်လာပြီး တစ်ဘက်ဘက်ကနေ စစ်တိုက်ပေးမယ်ဆိုရင် အခြေအနေတွေဟာ ပိုပြီးဆိုးရွားသွားနိုင်ပါတယ်။ ဒေသတွင်း တရုတ်နိုင်ငံကလည်း လက်ခံမှာမဟုတ်ပါဘူး။
နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ အခုပဋိပက္ခထဲကနေ ထွက်လာဖို့ရာ ဆီးရီးယားနဲ့ဖြစ်စေ၊ ယူကရိန်းနဲ့ဖြစ်စေ၊ တခြား နိုင်ငံတွေကဖြစ်ရပ်တွေနဲ့ ထပ်တူပြု ပြောနေမယ်ဆိုရင် လမ်းလွဲနေမယ်လို့ ကျွန်တော်ရှုမြင်ပါတယ်။
မြန်မာ့အရေးပါ နိုင်ငံတကာအကူအညီတွေ မလာဘူးလားဆိုရင် လာမယ် …၊ ဒါပေမယ့် စစ်ရေးနည်းနဲ့တော့ မဟုတ်ပါဘူး။ ဒီတော့ NUG အနေနဲ့ဖြစ်စေ၊ EAO အဖွဲ့တွေအနေနဲ့ဖြစ်စေ သူတို့ရဲ့ နိုင်ငံခြားရေးရာမူဝါဒတွေကိုပုံဖော်တဲ့အခါ စစ်ရေးအကူအညီ ရလာမလားဆိုတဲ့ မျှော်လင့်ချက်ကို စွန့်ပစ်ဖို့လိုပါတယ်။
ကုလသမဂ္ဂတပ်တွေဝင်လာပြီး တစ်နည်းနည်းနဲ့ ကြားဝင် အကာအကွယ် ပြုပေးလာမလားဆိုတာမျိုးကလည်း စွန့်လွှတ်သင့်တဲ့ ရော်ရမ်းမှန်းဆချက်မျိုးဖြစ်ပါတယ်။ ဒါတွေ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် ဘာဖြစ်နိုင်တယ်၊ ဘာမဖြစ်နိုင်ဘူးလဲ ဆိုတာတွေ အပေါ် ရှင်းရှင်းလင်းလင်း သိမြင်နိုင်မှပဲ၊ ကိုယ်ကဘာတွေ တောင်းဆိုရမလဲဆိုတာလဲ သိမြင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အခုနက ကျွန်တော်တို့ပြောခဲ့ကြတဲ့ လေကြောင်းရန်ကြိုတင် သတိပေးစနစ်မျိုးဆိုတာ တကယ်လက်တွေ့ ဖြစ်နိုင်ပါတယ်။
နိုင်ငံတကာ ဟိုတယ်တွေရဲ့ခန်းမတွေမှာ မဖြစ်နိုင်တာတွေကို ဆွေးနွေးနေကြမယ့်အစား မြေပြင်ကသူတွေ၊ အရပ်သားတွေကို ဘယ်လိုအကာအကွယ် အကူအညီတွေ လက်တွေ့ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာ အာရုံစိုက်ရမှာဖြစ်ပါတယ်။
အဲဒီသူတွေဟာ စကစရဲ့ ရက်စက်ကျူးလွန်မှုတွေကို နေ့စဥ်နဲ့အမျှ လက်တွေ့ တွေ့ကြုံ ခံစားနေကြရသူတွေဖြစ်ပါတယ်။ သူတို့ကို အကာအကွယ် မပေးနိုင်ဘူးဆိုရင် မြန်မာပြည်အရေးမှာ ကျွန်တော်တို့ ကျရှုံးနေတာပါပဲ။
ဘီဘီစီ။ ။ NUG ရဲ့ တစ်နှစ်စီမံကိန်းကိုကြည့်မယ်ဆိုရင် သူတို့ အနေနဲ့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးမှာ မျက်နှာစာ ပေါင်းစုံကနေလုပ်ဆောင်နေတာဖြစ်တယ်။ စစ်ရေးနည်းနာ တစ်ခုတည်း မဟုတ်ဘူး။ စစ်ရေးတင်မက ဘဏ္ဍာရေး၊ သံတမန်ရေး စသဖြင့် မျက်နှာစာ ပေါင်းစုံရှိတယ်လို့ဆိုပါတယ်။ ဒီတော့ NUG အနေနဲ့ ဘယ်အပိုင်းမှာ ရလဒ်ကောင်းနဲ့ အားသာချက်တွေရှိနေလဲ .. ၂၀၂၃ ဟာ အဆုံးအဖြတ်နှစ် တကယ်တမ်းဖြစ်လာနိုင်လား။
ဒေးဗစ်မက်သီဆန်။ ။ ကျွန်တော့်အနေနဲ့ ပထမဆုံး အချက်အနေနဲ့ အကြံပြုလိုတာကတော့ time frame လို့ခေါ်တဲ့ တစ်နှစ် အတွင်း၊ ဘယ်အချိန် အတွင်း ဆိုပြီး ကာလ အပိုင်းအခြားနဲ့ ပြောနေတာတွေ မလုပ်သင့်ဘူး၊ ရပ်သင့်တယ်လို့ထင်ပါတယ်။
အင်မတန်မှ မှန်းဆ တွက်ချက်ဖို့ခက်လှတဲ့ ဝန်းကျင်အခြေအနေမျိုးမှာ အဒီလို အချိန်ကာလ အတိုင်းအတာ ကန့်သတ်တာမျိုးဆိုတာ လုပ်ရမယ့်အရာ မဟုတ်ပါဘူး။ အဲဒီလို တစ်နှစ်အတွင်း ဆိုတဲ့ ပြောဆိုမှုဟာ လူတွေကို လမ်းလွဲစေတဲ့အပြင်၊ စီမံခန့်ခွဲမှု ညံ့တာတွေ၊ ခေါင်းဆောင်မှု ညံ့တာတွေကို ပြသရာလည်း ရောက်ပါတယ်။
NUG အနေနဲ့ အလုပ်ဆောင်သင့်ဆုံး အရာကတော့ တိုင်းရင်းသား အင်အားစုတွေနဲ့အကြား collective leadership လို့ ခေါ်တဲ့ စုပေါင်း ခေါင်းဆောင်မှုကို ထူထောင်ရမှာ ဖြစ်ပါတယ်။ NUG အနေနဲ့ သူတို့ကိုသူတို့ စကစကို တွန်းလှန်နေတဲ့ အင်အားစုတွေထဲက တစ်ခုလို့ သတ်မှတ်ပြောဆိုသင့်ပါတယ်။ အားလုံးရဲ့ premier အခေါင်အချုပ်အဖြစ် ပုံ မဖော်သင့်ပါဘူး။ သူတို့ အဓိက လိုအပ်ချက်အရှိဆုံးအပိုင်းဆိုရင် အဲဒီအပိုင်းလို့ ကျွန်တော် ထောက်ပြချင်ပါတယ်။ သူတို့ဟာ အားလုံးအတူတကွ ပါဝင်ကြတဲ့ မဟာမိတ်ညွန့်ပေါင်း တစ်ခုအသွင် ဖွဲ့စည်းရေးမှာ အားနည်းနေတယ်လို့ ကျွန်တော်မြင်ပါတယ်။
EAO တွေထဲမှာ စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်နေတာ ဆယ်စုနှစ် ၇ ခု ကျော်ရှိနေပြီဖြစ်တဲ့ အဖွဲ့မျိုးလည်းပါဝင်ပါတယ်။ သူတို့ အနေနဲ့လည်း NUG ကိုစပြီးပြောမယ့်စကားက တော်လှန်ရေးမှာ ရက်စွဲမတတ်နဲ့ဆိုတဲ့ စကားမျိုး ဖြစ်မယ်ထင်ပါတယ်။
ဒုတိယ အချက်ကတော့ …. ဝါရှင်တန်မြို့မှာ ရုံးခန်းဖွင့်တာမျိုးဖြစ်စေ၊ အနောက်နိုင်ငံတွေရဲ့ ဘယ်နေရာ ဘယ်နေရာတွေမှာ ရုံးခန်းတွေ ထားရှိတာကို လက်ညှိုးထိုးပြီး .. တိုးတက်မှုတွေ ရှိနေပြီလို့ ပြောလို့ မရနိုင်ပါဘူး။ မပြောသင့်ပါဘူး။ အနောက်နိုင်ငံတွေ တစ်နိုင်ငံချင်းစီအလိုက် ဘယ်လောက် ထောက်ပံ့နေလဲ ဆိုတာကို ကိန်းဂဏန်းတွေနဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ပမာဏဟာ တကယ်တမ်း လျော့နည်းကျဆင်းလာပါတယ်။ အဖွဲ့အစည်းအနေနဲ့ကတော့ ကုလသမဂ္ဂရော ဥရောပသမဂ္ဂအဖွဲ့ အီးယူရော ဆက်လက် ထောက်ပံ့နေကြပါတယ်။
နောက်တစ်ချက်ကတော့ ကုလသမဂ္ဂရော … အနောက်နိုင်ငံတွေကပါ မြန်မာ့အရေးအဖြေရှာရာမှာ အာဆီယံက ဦးစီးဦးဆောင် လုပ်သင့်တယ်ဆိုတာကို တစိုက်မတ်မတ် စွဲကိုင်ထားကြပါတယ်။ ဘုံသဘောတူချက် ၅ ရပ် အလုပ်မဖြစ်ရုံမက ဘယ်အခြေပဲ စိုက်စိုက် သူတို့က အဲဒီလိုပြောနေတာဖြစ်ပါတယ်။ ဆိုတော့ကား … NUG အနေနဲ့လည်း bilateral ဆက်ဆံရေးလို့ခေါ်တဲ့ အာဆီယံ တစ်နိုင်ငံချင်းစီနဲ့ကြား ဆက်ဆံရေးပိုပြီးတိုးမြှင့် တည်ဆောက်ဖို့လိုပါတယ်။ ထိုင်းနိုင်ငံလည်း အခရာ ကျပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးကိုလည်း အာရုံစိုက်သင့်ပါတယ်။ ဒါတွေရဲ အဓိက အချက်ကတော့ NUG ဆိုတာ အနောက်အုပ်စု ဖန်တီးထားတဲ့ အနောက်အုပ်စု ကိုယ်ပွား ပရောက်ဇီ မဟုတ်ဘဲ၊ အရှေ့တောင်အာရှ၊ အာရှတွင်းက မိသားစုဝင်ဖြစ်တယ်ဆိုတာကို အများကထင်ထင်ရှားရှား မြင်လာနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်ဟာ တော်လှန်ရေးရဲ့ ရေရှည်နိုင်ငံခြားရေးမူဝါဒကို မြင်တွေ့လိုပါတယ်။
ပြန်ချုပ်ပြီးပြောရရင် NUG ရဲ့ အဓိကအားနည်းချက် အဖြစ် ကျွန်တော်ရှုမြင်တာကတော့ သူတို့ဟာ activisit တက်ကြွလှုပ်ရှားသူများသဖွယ်သာ နိုင်ငံခြားရေး မူမျိုးထားရှိခဲ့ပါတယ်။ လူ့အခွင့်အရေးချိူးဖောက် ခံရမှုတွေအပေါ် အာရုံစိုက် အသားပေးပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့စွက်ဖက်မှု တစုံတရာရရှိလာဖို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါဟာ မှားယွင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ တော်လှန်ရေးအစိုးရဆိုရင် တော်လှန်ရေးအစိုးရရဲ့ နိုင်ငံခြားရေးမူမျိုး ရှိရမှာဖြစ်ပြီး၊ activisit တွေသဖွယ် မပြုမူ မကျင့်ကြံသင့်ပါဘူး။ activisit တွေပြောနေတာတွေကို နားထောင်ပြီး လိုက်လုပ်နေတာမျိုးကိုလည်း ရပ်သင့်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ စစ်ရေးကြားဝင်စွက်ဖက်မှု၊ အကာအကွယ်ပြုမှု တစ်စုံတရာ ရှိလာမလားဆိုတဲ့ မျှော်လင့်ချက်ဟာ အခု ၂ နှစ်တာမှာ မပြည့်မြောက်ခဲ့ဘူးဆိုရင် လာမယ့် ၂ နှစ်တာမှာလည်း ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ မျက်မှောက်ပြုမိသင့်ပါတယ်။
ဒီတော့ တရားဝင်မှု legitimacy ဆိုတာဟာ ကုလသမဂ္ဂထံကနေ တောင်းနေရုံနဲ့ ရလာမယ့် အရာမျိုးမဟုတ်ပါဘူး။ ကုလသမဂ္ဂ မျက်နှာစာမှာ credential အရေး လုပ်ဆောင်နေတာတွေဟာ ကျင့်ဝတ်အရ မှန်ကန်တဲ့ အရာ၊ လုပ်သင့် လုပ်ထိုက်တဲ့ အရာမလို့ လုပ်ဆောင်နေတဲ့ သင်္ကေတဆောင် လုပ်ဆောင်ချက်မျိုး အဖြစ်သာ သဘောထားသင့်ပါတယ်။၊
ဒါပေမဲ့ အခြေခံအကျဆုံးကတော့ ကိုယ်ဟာ ဘာလဲဆိုတဲ့ လေးစားခံရမှုကို ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကနေသာ ရရှိနိုင်မှာဖြစ်ပါတယ်။ legitimacy ဆိုတာလည်း ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကနေသာ တည်ဆောက်ရတာမျိုး ဖြစ်ပါတယ်။ ငါတို့ ရသင့်လို့ ငါတို့တောင်းဆိုတယ် ဆိုတာမျိုးဟာ activist တွေရဲ့ ချည်းကပ်မှုမျိုးဖြစ်ပါတယ်။
တကယ့် နိုင်ငံခြားရေးမူဆိုတာ ကိုယ်ဘာကို လက်တွေ့ အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်လဲ၊ တကယ် လက်တွေ့ လုပ်ဆောင်ပြသလဲ ဆိုတဲ့အပေါ်မူတည်ပြီး အားပေး ပံ့ပိုးသူတွေဟာလည်း ကိုယ့်ရဲ့နောက်မှာ လာပြီးရပ်တည်ပေးလာကြမှာ ဖြစ်ပါတယ်။
မျှော်လင့်ရည်မှန်းတာတွေ ဖြစ်မလာခဲ့ရင်လည်း အဲဒီအပေါ်မှာပဲ သောင်တင် ပြောဆို နေတာမျိုးမလုပ်ပဲ၊ တစ်နည်းမဟုတ်ရင် နောက်တစ်နည်းဆိုတဲ့ အရန်စီမံကိန်းတွေဆိုတာ အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး ထားရှိသင့်ပါတယ်။
ကျွန်တော် အကြံပြုချက်ကတော့ အောင်မြင်မှုတွေ အကူအညီတွေဆိုတာ အပြင်ကလာမှာ၊ မိုးပေါ်က ပြုတ်ကျလာမှာ မဟုတ်ဘဲ၊ ကိုယ်တိုင် တာဝန်ယူပြီး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အရအမိ ဖမ်းဆုပ် လုပ်ကိုင်ပြရမှာဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အမြဲတမ်း မိတ်ဆွေ၊ ထာဝရ မဟာမိတ်ဆိုတာ မရှိဘဲ၊ အားလုံးဟာ အကျိုးစီးပွား ဆိုတာကို နားလည်ရမှာဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။