သုံးနှစ်စာကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ(အကယ်ဒမီဆုပေးပွဲ) အခမ်းအနားကို အနုပညာရှင်များအနေဖြင့် တက်ရောက်ရန် အာဏာသိမ်းစစ်ကောင်စီနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက ဖိအားပေးပြောဆိုမှုများ ပြုလုပ်လာကြောင်း သိရသည်။
လာမည့်မေလ နေပြည်တော်တွင် ကျင်းပရန်စီစဉ်နေသော မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို မဖြစ်မနေတက်ရောက်ရန် နှင့် မတက်ရောက်ပါက အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက ရုပ်ရှင်လောကသားများထံ တိုက်ရိုက်ဆက်သွယ်၍လည်းကောင်း၊ လူကိုယ်တိုင်တွေ့ ဆုံ၍လည်းကောင်း ပြောဆိုလာခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒါရိုက်တာတဦးက ပြောသည်။
ပြည်တွင်းရှိ ဒါရိုက်တာတဦးက “သူ(စစ်ကောင်စီ)တို့က ပွဲစည်အောင်လုပ်ပြချင်တော့ အားလုံးကို ဖိအားပေးတက်ခိုင်းတာ။ နောက်ပြီး တော်လှန်ရေးမှာပါခဲ့သူတွေကိုကော၊ ပြန်ဝင်တဲ့သူထဲကအချို့ကို ကောက်ပြီးအကယ်ဒမီပေးလိုက်မယ်။ ပြီးရင် ကျေးဇူးတင်စကားပြောခိုင်းမယ်။ စစ်ကောင်စီကို ကျေးဇူးတင်ကြောင်းပြောရတော့မယ်။ အဲမှာသေပြီပဲ” ဟု ဆိုသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ရပ်နားထားခဲ့ရသည့်အတွက် လက်ရှိစစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် အကယ်ဒမီဆုပေးပွဲတွင် ၃ နှစ်စာအတွက် ပေးရမည်ဖြစ်ရာ အနုပညာရှင် ၃၀ ဦးကို ဆုပေးရမည် ဖြစ်သည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးတွင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့သူများနှင့် နွေဦးတော်လှန်ရေး၌ ပါဝင်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးပြီး နေထိုင်သူများထဲမှအချို့အား စစ်ကောင်စီက အကယ်ဒမီဆုပေးပြီး ကျေးဇူးတင်စကား ပြောခိုင်းခြင်းမျိုး လုပ်ဆောင်လာနိုင်ကြောင်းလည်း ရုပ်ရှင်မင်းသားတဦးက ဆိုသည်။
ဒါရိုက်တာတဦးကလည်း “၂၀၁၉ အတွက်ဆိုပြီး ကိုလူမင်းကိုလည်း ပေးကောင်းပေးနိုင်တယ်။ ပြေတီဦးကိုလည်း ပေးနိုင်တယ်။ ပိုင်ဖြိုးသုကိုတော့ ပေးမယ်မထင်ဘူး။ ရိုးမပေါ်ကကျတဲ့မျက်ရည်ဆိုလည်း ဆုပေးနိုင်တယ်။ ကိုပေါက်ကို မပေးရင်တောင် ထုတ်လုပ်သူကိုပေးတာမျိုးပေါ့။ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်” ဟု မှတ်ချက်ပြုသည်။
အာဏာသိမ်းမှုနှင့် ပြည်သူလူထုကို သတ်ဖြတ်နေသည့် အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်နေသော အနုပညာရှင်များကမူ အဆိုပါ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို စိတ်မဝင်စားကြောင်း ပြောဆိုထားသည်။
Source: ဧရာဝတီ