စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာထဲ မတ်(၁)ရက်မှာ စီးနင်းဝင်မွှေ သောင်းကျန်းတဲ့ စစ်အုပ်စုဟာ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီးနောက် လမ်းတဝက်မှာ သတ်ဖြတ်ထားခဲ့တဲ့ပါတယ်။ လက်ရှိအချိန်ထိ စုစုပေါင်း အလောင်း (၁၇)လောင်း တွေ့ထားတယ်။
စစ်အုပ်စုဟာ တာတိုင်ရွာက ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီးနောက် မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာအနီးမှာ သတ်ဖြတ်ထားခဲ့တာ ဖြစ်ပြီး အလောင်းတွေကို ဟိုတစု၊ ဒီတစု ပြန်တွေ့ရတာလို့ဖြစ်တယ်။စုစုပေါင်း အမျိုးသား (၁၄)ဦးနဲ့ အမျိုးသမီး (၃)ဦးရဲ့ အလောင်းတွေ တွေ့ထားတယ်။ ရွာထဲ သောင်းကျန်းပြီး အပြန်မှာ တွေ့သမျှလူကို ဖမ်းသွားပြီး သတ်ထားခဲ့တဲ့ သဘောပဲ။ ပျောက်နေသူတွေလည်း ရှိနိုင်တယ်။ ထပ်ပြီး သတ်ထားတာတွေ ရှိဦးမလားလို့ ရှာနေကြတယ်။
မတ်(၁)ရက် မနေ့က မနက်ပိုင်း မြင်းမူမြို့နယ် ထီးဆောင်ကျေးရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုဟာ မြစ်ကြောင်းကတဆင့်တာတိုင်ကျေးရွာနှင့်ပန်းချီကျေးရွာတွေထဲစီးနင်းဝင်မွှေလုယက်သောင်းကျန်းပြီးနောက် အပြန်မှာ တာတိုင်ရွာက ဒေသခံ ပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီး သွေးအေးအေးနဲ့ သတ်ဖြတ်ကာ အလောင်းတွေကြား မိုင်းတွေ ထောင်ထားခဲ့တယ်။ရက်စက်ယုတ်မာစွာ အလောင်းတွေကြား ဗုံးတွေထည့်၊ မိုင်းတွေခင်းထားခဲ့လို့အလောင်းကောက်ဖို့တောင်အခက်အခဲဖြစ်နေတယ်။
တာတိုင်ရွာဟာ အိမ်ခြေ (၇၈)လုံးသာ ရှိတဲ့ ရွာလေး ဖြစ်ပြီး ဧရာဝတီမြစ်နှင့် မူးမြစ်ဆုံရာမှာ တည်ရှိကာ စစ်ကိုင်းမြို့နှင့် ညောင်ပင်ဝန်းကျေးရွာ အနီးဝန်းကျင်မှာ တည်ရှိတာ ဖြစ်ပါတယ်။စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလဆန်းကလည်း တာတိုင်ရွာထဲ စီးနင်းဝင်မွှေပြီး လုယက်မီးရှို့ သောင်းကျန်းခဲ့ပါသေးတယ်။