သံလွင်ရောင်စစ်စိမ်းအင်္ကျီ ဘယ်ရီဦးထုပ်ဆောင်းလျက် ပါးသိုင်းမွေး ၊မုတ်ဆိတ်မွေးထူလပျစ်နှင့် ရိုက်ကူးထားသည့် အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရား (Che Guevara) ၏ဓာတ်ပုံသည် ကမ္ဘာ့အကျော်ကြားဆုံး ဓာတ်ပုံအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ချီကို ပြောက်ကျားစစ်၏ ပါရဂူတစ်ဦးဟုပင် တင်စားကြသည်။ သူသည် ပြည်သူတို့၏ အကျိူးစီးပွားအတွက် အရင်းရှင်စနစ်၊ လက်ဝါးကြီး အုပ်မှု၊ ကိုလိုနီ လက်သစ်စနစ် နှင့် ပဒေသရာဇ်စနစ်တို့ကို တော်လှန်ခဲ့သည့် ပညာတတ်သူရဲကောင်းတစ်ဦးဟုပင် အများက မှတ်ယူကြသည်။
ပြည်သူများ ဆင်းရဲမွဲတေနေမှုကို တွေ့မြင်ရာမှ တော်လှန်ရေးစိတ် နိုးကြားလာခဲ့သူဖြစ်သည်။ နွေဦးတော်လှန်ရေးတွင်လည်း “ချီ”ကိုသဘောကျသည့် လူငယ်အများအပြားရှိသည်။
လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် လူငယ်အချို့သည် ဘယ်ရီဦးထုပ်ဆောင်းလျက် နုတ်ခမ်းမွေး မုတ်ဆိတ်မွေးအရှည်ထားကာသေနတ်ကိုင်ထားသည့်ဓါတ်ပုံများပင်လူမှုကွန်ရက်စာမျက်နှာများတွင်တွေ့မြင်ရသည်။“ချီ”ကိုအတုယူ မတရားမှုကို လက်မခံဘဲ လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် လူငယ်အများအပြား ရှိသော်လည်း စစ်ရေးအရ သူတို့ကို ဦးဆောင်သူကားမရှိ။ အစုအဖွဲ့အလိုက် ခေါင်းဆောင်များ ရှိသော်လည်း တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အားလုံးကို ဦးဆောင်နိုင်သည့် စစ်ဦးစီးချုပ်ကဲ့သို့ ခေါင်းဆောင်မျိုး ယခုအချိန်ထိပင် ပေါ်ထွက်မလာသေးပေ။
အမျိုးသားညီညွတ်ရေးအစိုးရNUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးကွပ်ကဲမှုဆိုင်ရာ ဖွဲ့စည်းပုံအရ စစ်ဦးစီးချုပ်နှင့် ဒုတိယစစ်ဦးစီးချုပ်များကို ခန့်အပ်မည်ဟု ထုတ်ပြန်ထားသည်။သို့သော် စစ်တိုင်းသုံးတိုင်း၏ စစ်ဦးစီးချုပ်များကိုခန့်အပ်သင့်သည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ပြီး မခန့်အပ်နိုင်ပါကစစ်ကောင်စီ၏ ထိုးစစ်များကို ခုခံရန်ခက်ခဲသည့်အခြေအနေများဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးခင်ဇော်ဝင်းက သုံးသပ်လိုက်သည်။
၄င်းက “အထက်ကနေ အောက်လက်ငယ်သားအထိ အဆင့်ဆင့်ကွပ်ကဲမှုရဲ့ အဆုံးသတ်နေရာက သေချာပေါက်ရှိရမယ်။ စစ်တိုင်းတွေရဲ့ စစ်ဦးစီးချုပ်တွေကိုလည်း အခုထိမသိရသေးဘူး။ နောက်ကျနေပြီ ။ တစ်လ နှစ်လအတွင်း စနစ်တကျ မခန့်နိုင်ရင် တော်လှန်ရေး အခြေအနေမကောင်းဘူး”ဟုဆိုသည်။
လက်ရှိအချိန်တွင် စစ်ရုံးချုပ်ရုံးမှ စစ်ရေးဆိုင်ရာကွပ်ကဲမှုအချို့လုပ်ဆောင်နေလျက်ရှိပြီးCOC (chain of command) ဖွဲ့စည်းပုံကို မဟာမိတ်တိုင်းရင်းသားများနှင့်ပူးပေါင်း၍ အဓိကထားလုပ်ဆောင် လျက်ရှိသည်။ ထို့အပြင် အချိန်အတိုင်းအတာတခုအတွင်း စစ်ဦးစီးချုပ်ကိုလည်းခန့်အပ်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရNUG မှသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက သံလွင်ခက်ကိုပြောသည်။
၄င်းက”တော်လှန်ရေးအောင်ဖို့ဆိုရင် အမိန့်နာခံမှုတစ်ခုတည်းအောက်မှာညီညီညွတ်ညွတ်နဲ့သွားဖို့ အရေးကြီးတယ်။ ကျွန်တော်တို့လည်း ကြိုးစားနေတယ်။ ပြည့်စုံမှုတော့မရှိသေးဘူး။ စစ်ရေးကွပ်ကဲမှု အမိန့်တစ်ခုတည်းကနေ သွားနိုင်အောင် အချိန်အတိုင်းအတာတခုအတွင်းမှာ စစ်ဦးစီးချုပ်ခန့်သွားဖို့ရှိတယ်”ဟုဆိုသည်။
တောင်ပိုင်း မြောက်ပိုင်း အလယ်ပိုင်း စသည့် စစ်ဒေသတိုင်း သုံးခုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ရင်းပေါင်း ၃၀၀ ကျော်ရှိပြီး စစ်တိုင်းအသီးသီး၏ စစ်ဦးစီးချုပ် မည်သူဖြစ်လာနိုင်သလဲဆို သည့်အချက်သည် စဉ်းစားရမည့်အချက်ပင်ဖြစ်သည်။
ယခင်က ကရင်အမျိုးသားအစည်းအရုံးKNU/ KNLA ၏ ဒုတိယစစ်ဦးစီးချုပ် ဘောကျော်ဟဲ ၊ ကော်သူးလေ တပ်မတော်မှKTLA ဗိုလ်ချုပ်စောနယ်ဒါးမြ ၊ ရခိုင့်တပ်တော် ULA/AA မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်KIA မှ ဗိုလ်ချုပ်ဂွမ်မော်တို့ကို စစ်ဦးချုပ်အဖြစ်ရွေးချယ်သင့်ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများထွက်ပေါ်ခဲ့သည်။ ၄င်းတို့လေးဦးသည် အများပြည်သူ၏ ထောက်ခံမှုရရှိထားသူများလည်းဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်NUG ၏ ဆက်ဆံရေးကို လေ့လာကြည့်လျင်လည်း KNU/KNLA ၊KIA ၊ ULA/AA ၊ KTLA တို့နှင့် မဟာမိတ်ဆက်ဆံရေး ပိုကောင်းနေသည့် အချက်ကိုလည်း တွေ့ရသည်။
နိုင်ငံတဝှမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များ(PDF) နှင့်ထိတွေ့ဆက်ဆံရန် ဗဟိုစစ်ရေးကွပ်ကဲမှုနှင့် ညှိနှိုင်းရေးကော်မတီ(Central Command and Coordination Committee-C3C) တွင် EAOs ခေါင်းဆောင်များ ပါဝင်ပြီးစစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်မည်ဟုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေငြာထားပြီးဖြစ်သည်။NUG က ခန့်အပ်ဖွယ်ရှိသည့် စစ်ရေးကွပ်ကဲမှုဆိုင်ရာ စစ်ဦးစီးချုပ်များသည်လည်း ပြည်သူတို့မှတ်ချက်ပေးထားသည့် သူများ ဖြစ်လာမလားဆိုသည့်အချက်ကို လေ့လာရမည်ဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်(ULA/AA)
ရက္ခိုင့်တပ်တော် ULA/AA နှင့် NUG အစိုးရတို့ ယမန်နှစ် ဇန်နဝါရီလ ၅ ရက်နေ့နှင့် မေလ ၁၆ ရက်နေ့တို့တွင် နိုင်ငံရေးအခြေအနေများပွင့်လင်းစွာဆွေးနွေးမှုရှိခဲ့သည်။ULA/AAသည်စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံမှုအချို့ ရှိသော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မဟာမိတ်အဖြစ်လည်းရှိနေသည်။
KIA သည် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြောင်းကိုလည်း အထင်းသားပြခဲ့ပြီးဖြစ်သည်။ ယခုတော်လှန်ရေးတွင် မဟာမိတ်အဖွဲ့အစည်းများ၏ ရပ်တည်ချက်အတိုင်း ဆောင်ရွက်မည့် သဘောထား ရှိသလို တစ်ဖက်မှာလည်း ကွန်ဖက်ဒရေးရှင်းဆိုသည့် မူကိုလည်း လက်လွှတ်၍ မရချေ။ ထို့ကြောင့် ရက္ခိုတလမ်းစဉ်အတိုင်း ULA/AA ရှေ့ဆက်နိုင်ချေရှိသည်ဟု နိုင်ငံရေးလေ့လာသူများ၏ သုံးသပ်ချက်အချို့ရှိသည်။
ULA/AA သည် စစ်အာဏာရှင်ကို လိုလားသည့်အဖွဲ့အစည်းမဟုတ်။ထို့ကြောင့် နွေဦးတော်လှန်ရေးတွင် သွယ်ဝိုက်သောနည်းလမ်းများဖြင့် ပါဝင်မှုရှိနိုင်သည်။ သို့သော် တရားဝင်ချပြလိမ့်မည်မဟုတ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ စစ်ရေးဆိုင်ရာမူဝါဒအရ ယခင်က အရှေ့ပိုင်းစစ်ဒေသ ၊ အနောက်ပိုင်းစစ်ဒေသ ၊ အလယ်ပိုင်းစစ်ဒေသ တောင်ပိုင်းစစ်ဒေသ နှင့် မြောက်ပိုင်းစစ်ဒေဟူ၍ သတ်မှတ်ခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာ ၈ ရက်တွင် စစ်ဒေသ သုံးခုသတ်မှတ်လိုက်ပြီဖြစ်ကြောင်းNUG ကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့သည်။အရှေ့ပိုင်းစစ်ဒေသနှင့် အနောက်ပိုင်းစစ်ဒေသ ပါဝင်ခြင်းမရှိတော့ချေ။ ထို့ကြောင့် ULA/AA က အနောက်ပိုင်းစစ်ဒေသကို လက်ရှိအခြေအနေအတိုင်း စစ်ရေးဆိုင်ရာစီမံချက်များကို လုပ်ဆောင်နိုင်သည်။ ထို့အပြင် NUG နှင့် ULA/AA တို့၏ ယမန်နှစ် မေလ ၁၆ ရက် တွေ့ဆုံမှုအပြီးNUG ၏ထုတ်ပြန်ချက်တွင် ရခိုင်ပြည်သူ့အစိုးရဟုသုံးနှုန်းခဲ့သည်။
ထိုအချက်များကို ကြည့်ခြင်းဖြင့်ULA/AA သည်ရခိုင်ပြည်နယ်အစိုးရတရပ်အနေဖြင့်ရှိနေပြီး ပြည်သူများမျှော်မှန်းခဲ့ထားသည့်NUG က ခန့်အပ်သော စစ်ဦးစီးချုပ်နေရာတွင် ULA/AA ၏စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပါဝင်လာမည်မဟုတ်ဟု ယူဆနိုင်သည်။ သို့သော် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ULA/AA သည် စစ်အာဏာပြုတ်ကျရေးအတွက် တတောင့်တစ်နေရာမှပါဝင်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူများ၏ ပြောဆိုချက်များလည်းတွေ့ရသည်။
ဗိုလ်ချုပ်စောနယ်ဒါးမြ(ကော်သူးလေတပ်မတော်)
ဗိုလ်ချုပ်စောနယ်ဒါးမြသည်လည်းNUG ၏ စစ်ဦးစီးချုပ်နေရာအတွက် ပြည်သူတို့မှတ်ချက်ပေးခံရသူ တစ်ဦးဖြစ်သည်။ သူသည် သမိုင်းအစဉ်အလာကြီးမားသည့် ကရင့်အမျိုးသားအစည်းအရုံးKNU ဥက္ကဋ္ဌဟောင်း စောဗိုလ်မြ၏ဒုတိယသားအကြီးလည်းဖြစ်သည်။သူသည်စစ်ရေးဗျူဟာနှင့်တိုက်ခိုက်စွမ်းရည်ကောင်းမွန်သောအဖွဲ့အစည်းအဖြစ်နိုင်ငံရေးအသိုင်းအဝိုင်းကအသိအမှတ်ပြုထားသည့်ယခင်ကကရင့်အမျိုးသားကာကွယ်ရေးတပ်KNDO ယခု ကော်သူးလေတပ်မတော် KTLA ၏စစ်ဦးစီးချုပ်တစ်ဦးဖြစ်သည်။
ဗိုလ်ချုပ်စောနယ်ဒါးမြကို ကရင်တိုင်းရင်းသားအချို့သာမက လူအများက သဘောကျ နှစ်သက်ကြသည်။ သူသည် စစ်တပ်အာဏာသိမ်းသည့် အစောပိုင်းကာလကတည်းက အာဏာသိမ်းမှုကိုမလိုလားကြောင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သူလည်းဖြစ်သည်။စစ်ကောင်စီတပ်နှင့် စီးပွားရေး ၊ နိုင်ငံရေးဆိုင်ရာပြောဆို ဆက်ဆံမှုကင်းပြီး အာဏာရှင်ပြုတ်ကျရေးအတွက် အစဉ်တစိုက် ကြိုးပမ်းနေသူတစ်ဦးဟုလည်း သူ၏တပ်ဖွဲ့ဝင်များက သူ့ကို ယုံကြည်ထားကြသည်။လက်ရှိတွင်လည်း ဗိုလ်ချုပ်စောနယ်ဒါးမြ၏ ကွပ်ကဲမှုဖြင့် KTLA တပ်သည် KNU/KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်ပူးပေါင်းကာ ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကျုံဒိုးမြို့များရှိ စစ်ကောင်စီတပ်များကို အပြင်းအထန်တိုက်ခိုက်မှုများရှိခဲ့သည်။
သူကိုယ်တိုင်လည်း အာဏာရှင်ကိုအမြစ်ပြန်တိုက်ခိုက်မည်ဟု ကြွေးကြော်ထားသည်။ တော်လှန်ရေးစိတ်ဓါတ်နှင့် သမိုင်းအစဉ်အလာအရဆိုလျှင် ဗိုလ်ချုပ်စောနယ်ဒါးမြသည်NUG ၏ စစ်ဦးစီးချုပ်နေရာအတွက် သင့်တော်သူဖြစ်သည်။ အများပြည်သူကလည်း လက်ခံကြလိမ့်မည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက ယုံကြည်ထားကြသည်။
သို့သော် ဗိုလ်ချုပ်စောနယ်ဒါးမြသည် ကရင်ပြည်နယ် ကနဲလေးကျေးရွာအနီး လူ၂၅ ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ တာဝန်မှရပ်စဲလိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံးKNU ကထုတ်ပြန်ခဲ့သည်။ကရင်အမျိုးသားအစည်းအရုံးKNU နှင့်NUG တို့ မဟာမိတ်ဆက်ဆံရေးကောင်းမွန်မှုရှိသည်။ ထိုအခြေအနေကို ထိန်းသိမ်းရမည်ဟု NUG က သဘောပေါက်ထားပုံရသည်။ ထို့ကြောင့် ဗိုလ်ချုပ်စောနယ်ဒါးမြသည်NUG ၏ စစ်ဦးစီးချုပ် ဖြစ်လာနိုင်သည့် ရာခိုင်နှုန်းနည်းပါးသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်း၏ သုံးသပ်ချက်များလည်းရှိသည်။သို့သော် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် စစ်ရေးဆိုင်ရာလုပ်ငန်းစဉ်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနိုင်သည်ဟုလည်းသုံးသပ်ကြသည်။
ဗိုလ်ချုပ်ဂွမ်မော်(KIA)
ကချင်လွတ်လပ်ရေးတပ်မတော်KIA မှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်သည်NUG ၏ စစ်ဦးစီးချုပ်ဖြစ်နိုင်ချေ အများဆုံးပုဂ္ဂိုလ်တစ်ဦးဟု နိုင်ငံရေးလေ့လာသူများ၏ မှတ်ချက်ပေးခြင်းခံထားရသည်။
NUG အစိုးရ၏ ယာယီသမ္မတသည် ကချင်တိုင်းရင်းသားဖြစ်သည့်အလျောက် ယေဘူယျအားဖြင့် တွေးကြည့်လျင် KIA နှင့် NUG သည် ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေးရှိသည်ဟု ယူဆနိုင်သည်။ နိုင်ငံရေးအရလည်းKIA သည် စစ်အာဏာရှင်အမြစ်ဖြတ်ရန် စိုင်းပြင်းနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စစ်ရေးအရလည်းKIA သည် တော်လှန်စိတ်ပြင်းပြသော လူငယ်များကိုစစ်ပညာသင်ကြားပေးပြီး တိုက်ပွဲများဆင်နွှဲနေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။ မကြာသေးမီက KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများကို လုံခြုံရေးဂရုစိုက်ရန် သတိပေးပြောကြားခဲ့သည်။ထို့နောက် NUG ၊ တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အာဏာရှင်ပြုတ်ကျရေး လက်တွဲ ဆောင်ရွက်မည်ဟုလည်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ယခုနှစ်ဖေဖော်ဝါရီ လ ၆ ရက်တွင် အတိအလင်းကြောငြာခဲ့သည်။
ထိုအချက်များကို လေ့လာကြည့်လျင် NUG နှင့်KIAတို့ သည် စစ်အာဏာရှင်တော်လှန်ရေးအတွက် ခိုင်မာသော လက်တွဲ ဆောင်ရွက်မှုရှိသည်ဟု နိုင်ငံရေးကျွမ်းကျင်သူအချို့က ခန့်မှန်းကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်ဂွမ်မော်သည်NUG၏စစ်ဦးစီးချုပ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟုနိုင်ငံရေးအသိုင်းအဝိုင်း၏ယူဆချင်များလည်း ထွက်ပေါ်ခဲ့သည်။
ဒုတိယစစ်ဦးစီးချုပ် ဘောကျော်ဟဲ (KNU/KNLA)
NUG၏စစ်ဦးစီးချုပ်အဖြစ်နိုင်ဆုံးနောက်တစ်ဦးသည်KNU/KNLAမှဒုတိယစစ်ဦးစီးချုပ်ဘောကျော်ဟဲပင်ဖြစ်သည်။ စစ်တပ်အာဏာသိမ်း အစောပိုင်း ကာလကတည်းက ဘောကျော်ဟဲဦးဆောင်သည့် တပ်မဟာ ၅ နယ်မြေသည် တိုက်ပွဲအပြင်းထန်ဆုံး နယ်မြေတစ်ခုဖြစ်ခဲ့သည်။
အာဏာသိမ်းပြီးအချိန်မှ အခုအချိန်အထိ နှစ်နှစ်အတွင်း KNU/KNLA နှင့် စစ်ကောင်စီတပ်တို့သည် တိုက်ပွဲပေါင်း ၅၆၃၈ ပွဲဖြစ်ခဲ့သည်။ တပ်မဟာ ၅ နယ်မြေသည် တိုက်ပွဲအဖြစ်အများဆုံးနေရာ တစ်ခုလည်းဖြစ်သည်။ ဘောကျော်ဟဲ ဦးဆောင်သည့်တပ်မဟာ ၅ နယ်မြေတွင် တော်လှန်လူငယ်များကို စစ်ပညာသင်ကြားပေးခြင်း မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
နွေဦးတော်လှန်ရေးတွင် ဘောကျော်ဟဲ၏ ရပ်တည်ချက်ကား ရိုးရှင်းသည်။ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်လျက်ရှိသည်ကိုလည်း တွေ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက် ၂၇၆၀ဦးကိုသုတ်သင်နိုင်ခဲ့ပြီးကော်သူးလေအုပ်ချုပ်နယ်မြေရှိအခြားတပ်မဟာများနှင့်ယှဉ်လျင် အများဆုံးဖြစ်သည်။
ဘောကျော်ဟဲကို စစ်ရေးဗျူဟာကျွမ်းကျင်သူ တစ်ယောက်ဟုလည်း တော်လှန်ရေးအသိုင်းအဝိုင်းက မှတ်ချက်ပြုထားပြီး ပြည်သူတို့နှစ်သက်သော ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် ဘောကျော်ဟဲသည် NUG ၏ စစ်ဦးစီးချုပ်တစ်ဦး ဖြစ်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်လိုက်သည်။
၄င်းက “ကရင်မှာဆိုရင် ဘော်ကျော်ဟဲက စစ်ဦးစီးချုပ်ဖြစ်လာနိုင်တယ်။ စောနယ်ဒါးမြလည်း ပါလာနိုင်တယ်။ ဒီနှစ် ၂၀၂၃ မှာ စစ်ရေးချိန်ခွင်လျှာ အနေအထားတစ်ခုကို ပြောင်းလဲသွားနိုင်တဲ့အထိ တစ်ဖက်နဲ့တစ်ဖက်တိုက်ကြတော့မယ့် အခြေအနေတွေရှိတယ်”ဟုသုံးသပ်လိုက်သည်။ယမန်နှစ် ဒီဇင်ဘာလ ၈ ရက်က တောင်ပိုင်း ၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့ကို စစ်တိုင်းများအဖြစ်သတ်မှတ်ပြီး ထိုနေရာများတွင် EROs ခေါင်းဆောင်များကစစ်ရေးဆိုင်ရာကွပ်ကဲမှုများပြုလုပ်သွားမည်ဟုအမျိုးသားညီညွတ်ရေးအစိုးရNUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကြေငြာခဲ့သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ်ရေးဆိုင်ရာဖွဲ့စည်းပုံအရ စစ်ဦးစီးချုပ်နှင့်ဒုတိယစစ်ဦးစီးချုပ်များ ခန့်အပ်ရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်သည် တော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဟု NUG က ဆိုထားသည်။ ယခုနှစ်တွင် ပြည်သူများသည် တော်လှန်ရေးအတွက် ကောင်းမွန်သော ရလာဒ်တစ်ခုကို မျှော်လင့်နေသည်မှာ အမှန်ပင်ဖြစ်သည်။NUG သည် ၂၀၂၃ ခုနှစ်တွင်း စစ်ရေးဆိုင်ရာ ကောင်းမွန်သော အရွေ့တစ်ခုကို လူထုမြင်သာအောင် ပြသရတော့မည့်ကာလတစ်လည်းဖြစ်သည်။ထို့ကြောင့် ဝေဖန်မှုများခဲ့သည့်Chain of Command နှင့်ပတ်သက်၍ အဓိကထား လုပ်ဆောင်နေသည်ဟုလည်း သိရသည်။ တိုင်းရင်းသား EROs ခေါင်းဆောင်များကို စစ်ဦးစီးချုပ်နေရာများပေးကာNUG ကာကွယ်ရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်တို့က ဒုတိယစစ်ဦးချုပ်နေရများဖြင့်NUG နှင့် EROs ပူးပေါင်းဗဟိုစစ်ရေးကွပ်ကဲမှုနှင့်ညှိနှိုင်းရေးကော်မတီ(Central Command and Coordination Committee-C3C) က“ချီ”စိတ်ဓိတ်ဖြင့်တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်လှန်လူငယ်များကို ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများကို ဖော်ဆောင်လိမ့်မည်ဟု နိုင်ငံရေး စစ်ရေးဆိုင်ရာလေ့လာသူ အများစုက ထင်မြင်ယူဆထားကြသည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။