စစ်ကောင်စီကတိုင်းဒေသကြီးလေးခုနဲ့ပြည်နယ်လေးခုကမြို့နယ်၃၇မြို့နယ်ကိုစစ်အုပ်ချုပ်ရေး(မာရှယ်လော) ကြေငြာလိုက်ပါတယ်။ စစ်ကိုင်းတိုင်းက ၁၁ မြို့နယ်၊မကွေးတိုင်းက ၅ မြို့နယ်၊ ပဲခူးတိုင်းက ၅ မြို့နယ်၊ တနင်္သာရီတိုင်းက ၂ မြို့နယ်၊ ချင်းပြည်နယ်က ၇ မြို့နယ်၊ မွန်ပြည်နယ်က ၁ မြို့နယ်၊ ကရင်ပြည််နယ်က၂မြို့နယ်နှင့်ကယားပြည်နယ်က၄မြို့နယ်တို့ပါဝင်ပါတယ်။ဟိုတနေ့ကပြောခဲ့သလိုဒါဟာထိုဒေသတွေကိုစစ်ကောင်စီအနေနဲ့ထိန်းချုပ်လို့မရတော့ဘူးဆိုတာဝန်ခံလိုက်တာပဲ။ထို့အပြင်ကာလုံအစည်းအဝေးမှာလဲမင်းအောင်လှိုင်ကတနိုင်ငံလုံးမှာမြို့နယ်၁၅၇ခုကိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့လိုလိမ့်မယ်လို့ပြောသွားသေးတယ်။အဲဒီမြို့နယ်တွေဟာPDFတွေနဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်မှုလက်အောက်ကို ရောက်ရှိနေပြီးသား မြို့နယ်တွေ ဖြစ်တဲ့အတွက် အခုလို စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာပကတိအခြေအနေနဲ့လွဲမှားနေတဲ့အရှက်ပြေလုပ်ရပ်သာဖြစ်တယ်။မာရှယ်လောမကလို့ဘာပဲထုတ်ထုတ်ထိုဒေသတွေကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်လို့မရတော့တာတော့သေချာတယ်။
မတ် ၀၇၊ ၂၀၂၄။ (ကြာသပတေး)
ရှမ်းမြောက်မှာညီနောင်သုံးဖွဲ့နဲ့စစ်ကောင်စီတို့အပစ်ရပ်လိုက်တာလုံးဝသေချာသလောက်ဖြစ်နေပေမယ့်လဲစစ်ကောင်စီကိုဆင်နွဲနေတဲ့တော်လှန်စစ်ကတော့နိုင်ငံအနှံမှာရှိနေဆဲပါပဲ။အထူးသဖြင့်ဒီလထဲစစ်ကိုင်းတိုင်းထဲမှာပြည်ကာကွယ်ရေးတပ်ပေါင်းစုတွေကစစ်ကောင်စီကိုနေရာအနှံမှာဆက်တိုက်ဆိုသလိုတိုက်ခိုက်နေတယ်။ကောလင်းနယ်ဘက်ကိုအရင်ပြောရမယ်ဆိုရင်ကောလင်းမြို့ကိုစစ်ကောင်စီကပြန်လည်ထိန််းချုပ်လိုက်နိုင်ပေမယ့်လဲမြို့ပတ်ဝန်းကျင်မှာPDFတွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလျက်ရှိတယ်။စစ်ကောင်စီတပ်တွေကမြို့ပတ်ဝန်းကျင်ကရွာတွေကိုစစ်ကြောင်းထိုးနေသလိုPDFတွေကလဲမြို့ထဲပြန်ဝင်နိုင်ဖို့ကြိုးစားနေတယ်။ ဒါ့အပြင်ကလေးမြို့ဘက်မှာလဲတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကမြို့ကိုတောင်နဲ့မြောက်နှစ်ဖက်ပိတ်ပြီးညှပ်တိုက်နေတယ်။ကလေးမြို့ပြင်မှာအရင်ကစစ်သူပုန်တွေထိန်းချုပ်ထားတဲ့နေရာကိုစိုးမိုးနိုင်ဖို့ကြိုးစားနေတယ်။အတိုင်းအတာတစ်ခုအထိအောင်မြင်နေပြီးအခုဆိုရင်ကလေးမြို့ပတ်ဝန်းကျင်ကိုတော်လှန်ရေးအဖွဲ့တွေကထိန်းချုပ််နိုင်နေပြီးစစ်သူပုန်တွေကမြို့ပေါ်တွင်သာတပ်စွဲနိုင်တော့တယ်။စစ်ကိုင်းတိုင်းထဲကတော်လှန်စစ်ပွဲတွေကတော့NUGရဲ့ဦးဆောင်မှုအောက်မှာဆင်နွဲနေတာပါ။