စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ ဆိုသည့်မေးခွန်းကို မေးလာကြသကဲ့သို့ ငါတို့နိုင်နေပြီဟုလည်း ဘက်တိုင်းက ပြောဆိုလာကြသည်ကို တွေ့ရသည်။
ဤမေးခွန်းနှင့်ပတ်သက်၍ မျှတသည့်၊ အခြေအနေနှင့် ကိုက်ညီသည့် အဖြေရရှိရန်အတွက် ပကတိတည်ရှိနေသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အခြေအနေများပေါ်တွင် ကောက်ယူသုံးသပ်ရန် လိုအပ်ပေသည်။
ဦးစွာအားဖြင့် နိုင်ငံရေး အခြေအနေကို သုံးသပ်ကြည့်ပါက စစ်တပ်ဘက်မှ ဆိုလျှင် နိုင်ငံရေးအရ တပန်း ရှုံးနေသည်ကတော့ သေချာ၏။
စစ်တပ်ထောက်ခံသူများ၊ ကြံ့ဖွံ့ပါတီနှင့် နိုင်ငံရေးပါတီတချို့၊ တိုင်းရင်းသားပါတီအချို့နှင့် စစ်တပ်နှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်သည့် ခရိုနီတချို့၏ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုပေါ် အခြေခံပြီး စစ်ကောင်စီ ရပ်ခံနေသည်။ ပြည်သူလူထုအများစု၏ ထောက်ခံမှုကိုမူ မရရှိပေ။
ကြံဖွံ့ပါတီနှင့် ပူးပေါင်းသည့် ပါတီအချို့ဆိုသည်မှာလည်း အမည်ခံပါတီများသာဖြစ်ပြီး ရွေးကောက်ပွဲများတွင် လူထု၏ ဆန္ဒမဲရခဲ့ကြသည့်ပါတီများ မဟုတ်ကြပေ။
တိုင်းရင်းသားပါတီအချို့ဆိုသည်မှာလည်း စစ်တပ်နှင့်ပေါင်း၍ နိုင်ငံရေး အမြတ်ထုတ်လို၊ စီးပွားရှာလိုသည့် တိုင်းရင်းသား ပါတီငယ်များသာ စစ်တပ်နှင့် ပူးပေါင်းကြသည်ကို တွေ့ရပြီး တိုင်းရင်းသားပါတီကြီးများသည်လည်း စစ်တပ်နှင့် ပူးပေါင်းသည်ကို မတွေ့ရပေ။
NLD ပါတီနှင့် ထောက်ခံသူများသည် လည်းကောင်း၊ အခြား ဒီမိုကရက်တစ် အင်အားစုများသည် လည်ကောင်း စစ်တပ်၏ ပြင်းပြင်းထန်ထန် ဖိနှိပ်မှုကို ခံနေရပြီး စစ်တပ်အားလည်း ပြင်းပြင်းထန်ထန်ဆန့်ကျင်နေကြသည်ကို တွေ့မြင်ရသည်။
ကိုယ်တိုင်ကိုယ်ကျ နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ပွဲဝင်နေကြသူများ ရှိသကဲ့သို့ ထိုသူများအား ရတတ်သမျှ ပံ့ပိုးနေသူများလည်း အများအပြား ရှိသည်။
ထို့ပြင် တိုင်းရင်းသား အသီးသီးကလည်း နှစ်ပေါင်းများစွာ လက်နက်စွဲကိုင် ပုန်ကန် တိုက်ခိုက်ရပ်တည်နေသည်ဖြစ်ရာ စစ်တပ်ကို နိုင်ငံရေးအရရော၊ လက်နက်ကိုင်၍ပါ ဆန့်ကျင်သည့် အင်အားစုများမှာ အများအပြား ရှိသည်။ လက်တွေ့အခိုင်အမာ အခြေအနေများအရ အောက်ပါအတိုင်း တွေ့ရှိ သုံးသပ်ရသည်။
၁။ စစ်ကောင်စီသည် အစိုးရ ဝန်ကြီးဌာနများနှင့် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးပြကြီးများ၊ အဓိက ဆက်သွယ်ရေး လမ်းကြောင်းများကို ထိန်းချုပ်ထားနိုင်သည်။ ရုံးဌာနများအတွင်း လာဘ်ပေးလာဘ်ယူမှုများကို မျက်စေ့မှိတ်ခွင့်ပြုထားပြီး ရုံးဝန်ထမ်းများကို သိမ်းသွင်းထားသည်။
သို့ဖြစ်ရာ အဓိကရုံးဌာနများ လည်ပတ်နေသည်ဟု ဆိုနိုင်၏။ သို့သော် ရုံးဝန်ထမ်းများ၏ ဗြောင်အတိအလင်း လဘ်ပေးလဘ်ယူပြုမှုများကြောင့် လူထုက ပိုမိုစိတ်ပျက်လာကြသည့်အပြင် ရုံးဌာန ယန္တရားများ တစတစ ပျက်စီးမှုကို ထိန်းသိမ်းနိုင်ရန် ခက်ခဲသည်။
တဖက်ကလည်း ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင်၊ ရှမ်း ပြည်နယ်နှင့် စစ်ကိုင်း၊ မကွေးတိုင်းများအတွင်း စစ်ကောင်စီ၏ ထိန်းချုပ်မှု လျော့ကျလာသည်ကို တွေ့မြင်ရသည်။
၂။ နိုင်ငံတကာတွင် စစ်ကောင်စီ၏ တရားဝင်မှု ပျောက်ဆုံးနေသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် လည်းကောင်း၊ အာဆီယံတွင်လည်းကောင်း စစ်ကောင်စီ နေရာမရပေ။ ထို့ပြင် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး စစ်ကောင်စီအား ဖိအားပေးနိုင်ခဲ့သည်ကို တွေ့ရသည်။
ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တရုတ်နှင့် ရုရှားက ဗီတို မသုံးခဲ့သည်က ထူးခြားချက်ဖြစ်၏။ စစ်ကောင်စီ၏ မဟာမိတ်အနေနှင့် ရုရှားက ရပ်တည်နေသော်လည်း မြန်မာ့အရေးနှင့် ပတ်သက်လျင် ရုရှားသည် တရုတ်ကို ကျော်လွန်၍ လုပ်ဆောင်ခြင်း မရှိဟု ဆိုရမည်။
တရုတ်နှင့် နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှု ကြီးမားသော ရုရှားအနေနှင့် တရုတ်သဘောထားကို ကျော်လွန်၍ မြန်မာ့အရေးကို ပါဝင်စွက်ဖက်ရန် မဖြစ်နိုင်သည်ကို ပြသသည်။ တရုတ်သည်လည်း စစ်ကောင်စီနှင့် ပတ်သက်၍ ယခင်ကကဲ့သို့မဟုတ်ဘဲ တစုံတရာ ဖိအားပေးမှု ပြုလုပ်မှသာ မြန်မာအရေးကို ဖြေရှင်းနိုင်မည်ဟု ယူဆထားပုံရ၏။
သို့ဖြစ်ရာ စစ်ကောင်စီ အနေနှင့် ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယားတို့နှင့် ဆက်ဆံမှု ရှိသော်လည်း ရုရှားက တရုတ်ကို မကျော်၊ အိန္ဒိယက တရုတ်ကို ယှဉ်လိုသော်လည်း အာဆီယံကို မလွန်ဆန်နိုင်၊ ထိုင်းနှင့် ကမ္ဘောဒီးယားကလည်း အာဆီယံကို မလွန်ဆန်နိုင်သည်ဖြစ်ရာ စစ်ကောင်စီ၏ နိုင်ငံခြားဆက်ဆံရေးသည် တပန်းရှုံးနေသည်ဟု ဆိုရမည်။
NUG အနေနှင့် ကုလသမဂ္ဂတွင် တရားဝင် မဟုတ်သည့် ကိုယ်စားလှယ် နေရာရထားပြီး အာဆီယံနိုင်ငံများနှင့်လည်း ထိတွေ့ဆက်ဆံမှု ရရှိထား၏။ NUG အား အစိုးရတရပ်အနေနှင့် အသိမှတ်ပြုထားမှု မရှိသေးသော်လည်း မြန်မာပြည် ပြဿနာ ဖြေရှင်းရေးတွင် NUG ပါဝင်ရန် လိုအပ်သည်ကို နိုင်ငံတကာက လက်ခံထားသည်ပင်လျင် NUG အတွက် အောင်မြင်မှုဖြစ်ပြီး စစ်ကောင်စီအတွက် အကျပ်အတည်း ဖြစ်သည်။ထို့ပြင် မြန်မာပြည်ရှိ တော်လှန်ရေး အင်အားစုများအားကူညီရန် အမေရိကန်က ဥပဒေပြဌာန်းချက်တွင် ထည့်သွင်း ဖေါ်ပြခြင်းသည်လည်း NUG နှင့် ခုခံတိုက်ပွဲဝင်နေသူများအတွက် တအားဖြစ်သည်။
၃။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြေညာချက်များသည် အောင်မြင်မှု မရှိပေ။ လက်တွေ့ NCA ထိုးထားသည့် အဖွဲ့ ၇ ဖွဲ့ ရှိသည်ဆိုသော်လည်း စုစုပေါင်း လက်နက်ကိုင်အင်အား၏ ၇ ရာခိုင်နှုန်းခန့်သာ ရှိပြီး ထို ၇ ဖွဲ့ထဲမှ လက်နက်ကိုင်အင်အား မရှိသည့် အဖွဲ့ ၅ ဖွဲ့ကိုသာ စစ်ကောင်စီအနေနှင့် နိုင်ငံရေးအရ စိတ်ကြိုက်ကစားနိုင်သည်။
အင်အားရှိသည့် RCSS နှင့် NMSP ကိုပင် စစ်ကောင်စီ စိတ်ကြိုက် ပုံဖေါ်၍ မရပါ။ ဆွေးနွေးပွဲတွင်ပါသည့် အခြား ၃ ဖွဲ့ဖြစ်သည့် UWSA၊ NDAA ၊ SSPP တို့မှာ NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့်အပြင် ရှမ်းတောင်တွင် စစ်ရေးတင်းမာမှု အချို့ရှိသည်။
ထိုအဖွဲ့သုံးဖွဲ့နှင့် နိုင်ငံရေး သဘောတူညီချက် ရရှိရန် ဖြစ်နိုင်ချေနည်းသည်။ ကျန်အဖွဲ့အများစုမှာ စစ်ကောင်စီ၏ ဆွေးနွေးပွဲ ကမ်းလှမ်းချက်အား ပယ်ချထားပြီး စစ်ကောင်စီအား လက်နက်ကိုင်တိုက်ခိုက်နေသကဲ့သို့ PDF နှင့် ပြည်မ လက်နက်ကိုင် အင်အားစုများကို အကူအညီပေးနေသည်။
ရခိုင်တွင် ၂၀၂၂ နိုဝင်ဘာလအတွင်း စစ်ကောင်စီနှင့် AA ကြား အပစ်ရပ်ထားသော်လည်း တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်နိုင်သည်။ စစ်ကောင်စီကိုယ်တိုင်လည်း ရခိုင်မှ ၎င်း၏ စစ်တပ်များကို ထုတ်နှုတ်၍ အခြားစစ်မျက်နှာသို့ မပို့ရဲပေ။
NUG/PDF နှင့် ပြည်မအင်အားစုများအနေနှင့် တိုင်းရင်းသား အင်အားစု အများစုနှင့် ဆက်စပ်ချိတ်ဆက်ထားနိုင်သကဲ့သို့ အများစု၏ စာနာကူညီမှုကိုလည်း ရရှိ၏။ တိုင်းရင်းသားလက်နက်ကိုင်အင်အား ၃၁ ရာခိုင်နှုန်း ခန့်နှင့် လက်တွဲ တိုက်ပွဲဝင်နိုင်ပြီး အပြည့်အဝအကူအညီကို ရရှိသည်။ကျန် ၃၁ ရာခိုင်နှုန်း နှင့်လည်း ချိတ်ဆက်ထားနိုင်၏။ စာနာမှုကိုရရှိ၏။ သို့သော် ပြည်မဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသား အင်အားစုများကြား တစုတစည်းထဲ တသွေးတသံထဲတော့ ပေါင်းစည်းခြင်း မရှိသေးပေ။
မည်သို့ဖြစ်စေ စစ်ကောင်စီဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်အင်အား ၇ ရာခိုင်နှုန်းသာရှိပြီး ပြည်မ ဒီမိုကရက်တစ် အင်အားစုဖက်တွင် ၉၃ ရာခိုင်နှုန်းခန့် ရှိသည်။
၄။ စစ်ကောင်စီ အနေနှင့် ရွေးကောက်ပွဲကို သူ၏ ထွက်ပေါက်အဖြစ် ယူဆထားပုံရသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူအား အာဏာလွှဲပြောင်းပေးမည်ဟု ဆိုနေ၏။ သို့သော် လက်ရှိ စစ်ခေါင်းဆောင်၏ ပြုမူလုပ်ဆောင်ချက်များမှ မြင်ရသည်မှာ ၎င်းအနေနှင့် အာဏာကို ယာယီ ရယူမှုမျိုး မဟုတ်ဘဲ ရာသက်ပန်ထိန်းချုပ်လိုသည်ကို တွေ့မြင်နေရသည်။
ရွေးကောက်ပွဲရလဒ်ကို စိတ်ကြိုက်ဖန်တီးယူပြီး ၎င်းတို့ဆက်လက်အာဏာရယူမည်မှာ သေချာသလောက်ရှိနေသည်။ ဒီမိုကရက်တစ်အင်အားစု အများအပြားအား ဖမ်းဆီးထောင်ချထားသည့်အပြင် ဖိနှိပ်မှုမျိုးစုံအောက်တွင် ရွေးကောက်ပွဲသည်လည်း တရားမျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင်ပေ။
သို့ဖြစ်ရာ ရွေးကောက်ပွဲသည် မြန်မာပြည်နိုင်ငံရေးထွက်ပေါက် ဖြစ်လာမည် မဟုတ်ပေ။ တဖက်တွင်လည်း NLD ထဲမှ အချို့က ရွေးကောက်ပွဲဝင်လိုသည့် သတင်းများတွေ့ရသော်လည်း NLD ခေါင်းဆောင်ပိုင်းနှင့် အများစုက ငြင်းပယ်ထား၏။
လူထုကလည်း လက်ခံမည် မဟုတ်ပေ။ ထို့ပြင် အနောက်နိုင်ငံများနှင့် အာဆီယံနိုင်ငံအချို့ကလည်း ရွေးကောက်ပွဲကို လက်မခံဟု အတိအလင်း ပြောဆိုထားသည်ကို တွေ့ရသည်။
စစ်ကောင်စီနှင့် နီးစပ်သည်ဟုဆိုသည့် နိုင်ငံများပင် ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု ကြေညာထားသည်ကို မတွေ့ ရသေးပေ။ စောင့်ကြည့်သည့် အနေအထားတွင်သာ ရှိသည်။ စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုသည်မှာ ကူရာကယ်ရာမဲ့သည့် အနေအထားတွင် ရှိသည်။
၅။ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် စည်ကားနေပြီ၊ အလည်အပတ်ခရီးများ ပုံမှန်သွားနေပြီ ဟူသည့်အခြေအနေများကို စစ်ကောင်စီက လက်ညိုးထိုးပြပြီး ၎င်းတို့ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည် ပုံမှန်ပြန်ဖြစ်သွားပြီ၊ သူတို့ထိန်းထားနိုင်ပြီဟု ဆိုကြ၏။
လက်တွေ့တွင်လည်း ရန်ကုန်မြို့ကြီးတွင် လူအများ ပြန်လှုပ်ရှားနေကြပြီ ဖြစ်သည်။ အာဏာမသိမ်းမီကထက် ကုန်ဈေးနှုန်း ၂ ဆတက်လာသော အခြေအနေအောက်တွင် ရန်ကုန်ရှိ သန်းနှင့်ချီသောလူထုသည် သူတို့၏ စားဝတ်နေရေးအတွက် မရုန်းကန်၍ မဖြစ်ပေ။
အလားတူပင် အချိန် ၂ နှစ်ခန့်အတွင်း မွန်းကြပ်နေသော လူအများအနေနှင့် ပိတ်ရက်၊ အားလပ်ရက်များတွင် ခရီးထွက်ကြ၊ အလည်အပတ်သွားကြသည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့သော် ပုံမှန်ဖြစ်သည်ဟု ဆို၍မရပေ။ ဟိုတယ်ခရီးသွားလုပ်ငန်းများကို ကြည့်ပါက ပိတ်ရက်တချို့တွင်သာ အသွားအလာရှိသော်လည်း ပုံမှန်ပြန်မဖြစ်သေး။ နိုင်ငံခြားခရီးသွား မရှိသေးသည်ကို တွေ့ရသည်။
စစ်ကောင်စီက အတင်းဖန်တီးနေသော နှစ်သစ်ကူးပွဲလမ်းများတွင် လူထုပါဝင်မှု ပုံမှန်ဖြစ်ရန် များစွာလိုသေးသည်။ ကလပ်များ၊ ဘားများတွင် မူးယစ်ဆေးဝါးမျိုးစုံ သုံးစွဲခွင့်ပြု၍ လူငယ်များကို ဖျက်ဆီးပြီး စည်ကားနေသယောင်၊ ပုံမှန်ဖြစ်နေသယောင် ကြိုးစားနေခြင်းသာ ဖြစ်သည်။
ရန်ကုန်မြို့၏ အချက်အခြာ လမ်းဆုံတိုင်းတွင် နှစ်ထပ်ဘန်ကာများဆောက်ပြီး သေနတ်အသင့်ဖြင့် လုံခြုံရေးယူထားချိန်၊ အရေးကြီး အစိုးရရုံးဌာနများ၊ မြို့နယ်အုပ်ချုပ်ရေးရုံးများ၊ စစ်တပ်နှင့်ရဲစခန်းရှေ့များတွင် လမ်းတခြမ်းပိတ်ဆို့ထားခြင်း၊ သဲအိတ်ဘန်ကာများဖြင့် လုံခြုံရေးယူထားခြင်း ပြုလုပ်နေရဆဲအခြေအနေ၊ လမ်းတွင်သွားလာနေသော ခရီးသွားများ အထူးသဖြင့် လူငယ်များအား မထင်ရင်မထင်သလို ဖမ်းဆီးစစ်ဆေးနေချိန်တွင် ရန်ကုန်မြို့ကြီး ပုံမှန်ဖြစ်နေပြီဆိုသည်မှာ ပျက်လုံးတခုမျှသာ ဖြစ်သည်။
ထို့ပြင် အထူးသဖြင့် စစ်ကိုင်းနှင့် မကွေးတိုင်းအပါ နယ်အများအပြားတွင် ရပ်ရွာများကို စစ်တပ်က လိုက်လံ မီးရှို့ဖျက်ဆီးနေဆဲ အခြေအနေတွင် (စာရင်းများအရ အိမ်ခြေ၊ အဆောက်အအုံ ၄၀၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီးဖြစ်) စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည်တည်ငြိမ်နေသည်ဆိုခြင်းမှာ လက်တွေ့နှင့် ကွာခြားသည်။
၆။ တိုင်းပြည်စီးပွားရေးအရဆိုလျင် အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြန်မာငွေကြေးနှစ်ဆကျော်ဖောင်းပွခဲ့ပြီး ကုန်ဈေးနှုန်းလည်း ၂ ဆမြင့်တက်ခဲ့သည်။
စစ်ကောင်စီ အသက်ရှူချောင်သွားသည်မှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစ၍ ငွေကြေးဖေါင်းပွမှုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်၏။ ထို့ပြင် ရေနံနှင့်သဘာဝဓါတ်ငွေ့မှ ဝင်ငွေသည်လည်း စစ်ကောင်စီအတွက် အသက်ရှူချောင်စေသည်။
သို့သော်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ဆုတ်ခွာခြင်း၊ အသစ်ဝင်လာသော ရင်းနှီးမြှုပ်နှံမှုများမှာ အနည်းငယ်သာရှိပြီး အလုံးအရင်းနှင့် ဝင်လာမှုမရှိခြင်း၊ နိုင်ငံတကာချေးငွေများရရှိမှု ရပ်ဆိုင်းသွားခြင်းတို့အပြင် စစ်အသုံးစားရိတ် အဆမတန်မြင့်တက်လာ၍ ဘတ်ဂျက်လိုငွေပြလာခြင်း စသည့် ရေရှည်ပြသနာများကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
၇။ စစ်ကောင်စီ၏ စစ်တပ်အင်အားဖွဲ့စည်းပုံမှာ စစ်တပ်၏ ရှင်သန်နိုင်မှုအတွက် အသက်ပင် ဖြစ်၏။ စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို ဖွဲ့ စည်းထားသည်။ တိုင်းပြည်ဘဏ္ဏာကို စိတ်ကြိုက်အသုံးပြုခွင့်ရသည့် စစ်ကောင်စီအနေနှင့် သူ၏ စစ်တပ်ကို လက်နက်ခဲယမ်းမီးကျောက်၊ ခေတ်မီ လက်နက်အမျိုးအစား အများအပြား တပ်ဆင်ထား နိုင်သည်မှာ အမှန်ပင်ဖြစ်၏။
သို့သော် စစ်ကောင်စီသည် ကြည်းတပ်ကို တိုက်ခိုက်ရေးတပ်အနေနှင့် ဖွဲ့စည်းထားသည်ဖြစ်ရာ စစ်မြေပြင် တိုက်ခိုက်ရေးတွင် ကြည်းတပ်ကသာ အဓိက တိုက်ခိုက်ရပြီး လေတပ်နှင့်ရေတပ်က ပစ်ကူနှင့် သယ်ယူပို့ဆောင်ရေးတာဝန်ကို ယူနိုင်သည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ ကြည်းတပ်သည် လက်ရှိအချိန်တွင် တိုက်ခိုက်ရေးအင်အား ကျဆင်းနေပြီး တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည် လျော့ကျနေသည်။
လက်ရှိ မြန်မာပြည်တဝှမ်းလုံး ဧရာဝတီတိုင်းမှအပ ကျန်ဒေသအားလုံးတွင် စစ်ကောင်စီအား လက်နက်ကိုင် ပုန်ကန် တိုက်ခိုက်နေရရာ တပ်အင်အား မလုံလောက်သည့် ပြဿနာကို ရင်ဆိုင်နေရသည်။ စစ်နယ်မြေအားလုံးကို ဖြန့်ခွဲ ရင်ဆိုင်နေရပြီး စစ်နယ်တခုတွင် အင်အားအလုံးအရင်းစု၍ စစ်ဆင်ရေးတခု ဆင်နွှဲနိုင်ခြင်း မရှိပေ။
ထို့ပြင် စစ်ပွဲတွင် ကျင့်ဝတ်စည်းကမ်းကို လိုက်နာခြင်း မရှိပေ။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီ၊ ချင်းစသည့် စစ်ဆင်ရေးနယ်မြေတို့တွင် မြေလှန်စနစ် ကျင့်သုံးနေသည်။ ရွာများကို ဖျက်ဆီး မီးလောင်တိုက်သွင်းသည်။ လယ်ထွန်စက်၊ ထော်လာကျီ၊ စပါးပုံမကျန် မီးရှို့ဖျက်ဆီးသည်။ အရပ်သားပိုင် ရွှေငွေဥစ္စာပစ္စည်းများကို စစ်တပ်အား စိတ်ကြိုက်လုယက်ယူငင်ခွင့်ပြုပြီး တပ်ကို ကြေးစားစစ်တပ်တခုအဖြစ် ပုံသွင်း မောင်းတင်နေသည်။
သို့ဖြစ်ရာ ထိုဒေသလူထုမှာ အတိဒုက္ခရောက်ရှိကြသော်လည်း စစ်တပ်အား လူထု၏ မုန်းတီးမှု ပိုပြင်းထန်လာသည်။ နိုင်ငံတကာကလည်း မြန်မာစစ်တပ်အား စက်ဆုတ်ရွံ့ရှာလာပြီး နည်းလမ်းပေါင်းစုံဖြင့် အရေးယူရန် ကြိုးစားလာသည်ကို ကြုံတွေ့နေရသည်။
စစ်ရေးအရ ကြည်းတပ်၏ အားသာချက်မှာ လက်နက်ကြီးပစ်ကူသာ ရှိသည်။ စစ်ကောင်စီ၏ လက်ရှိအားသာချက်မှာ လေတပ်ဖြစ်သည်။ တိုက်ပွဲဖြစ်သည့် နေရာတိုင်းအား လေကြောင်းပစ်ကူပေးနိုင်သည်။ လေကြောင်းရန် ကာကွယ်ရေးစနစ် မရှိသလောက်ဖြစ်သော ခုခံတော်လှန်နေသူများအတွက် ရင်ဆိုင်ရသည့် အခက်အခဲတခု ဖြစ်သည်။
သို့သော် ယခု ၂ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ခုခံတော်လှန်သူများဖက်က ထိခိုက်ကျဆုံးသူ ထင်သလောက် မများပေ။ အားသာသလောက် ထိရောက်မှု နည်းသည်။ အရပ်သားထိခိုက်မှုက ပိုများသည်ကို တွေ့ရ၏။ ရေတပ်မှာလည်း သယ်ယူပို့ဆောင်ရေးနှင့်ပစ်ကူအတွက်သာ အသုံးဝင်ပြီး ရခိုင်စစ်မျက်နှာတွင်သာ အသုံးပြုနိုင်သည်။ ကျန်ဒေသမြစ်များအတွင်း စစ်ဆင်ရေးပြုလုပ်နိုင်ရန် ပြင်ဆင်နေဆဲဖြစ်၏။
PDF နှင့် ခုခံတော်လှန်သူများအဖို့ တကယ်တမ်း လက်နက်ကိုင်တိုက်ပွဲ စသည်မှာ ၂၀၂၁ ခုနှစ် မေလမှဖြစ်ရာ ၂ နှစ်ပင် မပြည့်သေးပေ။ ထိုအချိန်ကာလအတွင် တပ်ရင်းပေါင်းရာချီ၍ ဖွဲ့စည်းပြီး လက်နက်အပြည့်အစုံ တပ်ဆင်ရန်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
ဤသို့သော အခြေအနေရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဆိုလျင် အနည်းဆုံး ဆယ်နှစ်ခန့် ကြိုးစားရ၏။ သို့သော် အချိန်တိုအတွင်း တပ်များဖွဲ့စည်းလေ့ကျင့်ခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ ထို့အတွက် ဘဏ္ဏာငွေရှာဖွေခြင်းတို့ကို မြန်မြန်ဆန်ဆန်ပြုလုပ်နိုင်ခြင်းမှာ လူထု၏ တက်ကြွမှု၊ ဝိုင်းဝန်းကူညီမှုကြောင့်ဖြစ်သည်။
၂၀၂၁ နှစ်မေလက တူမီးနှင့်စခဲ့ကြသော်လည်း၂၀၂၃ ခုနှစ် နှစ်ဆန်းတွင် မောင်းပြန်ရိုင်ဖယ်အများစု တပ်ဆင်နိုင်သည်ကို တွေ့ရ၏။ နောက်ပိုင်းတိုက်ပွဲများကို ကြည့်ပါက ခဲယမ်းမီးကျောက်သုံးစွဲမှု မြင့်လာသည်ကို တွေ့ရ၏။ လက်လုပ်မိုင်းများကိုလည်း ကျွမ်းကျင်တွင်ကျယ်စွာ သုံးစွဲလာနိုင်သည်ကို တွေ့ရသည်။
စစ်သားတယောက်၊ လက်နက်ကိုင် တော်လှန်ရေးသမား တယောက်အတွက် အနည်းဆုံး ၆ လခန့် စစ်သင်တန်းရယူပြီး စစ်မြေပြင်တွင် တနှစ်ခန့်ဖြတ်သန်းပြီးမှ တိုက်ရည်ခိုက်ရည်ရှိသည့် စစ်သားကောင်းတယောက်ဖြစ်လာသည်။ တိုက်ခိုက်ရေး အတွေ့အကြုံရလာသည်ကိုလည်း တွေ့ရသည်။ ရန်ကုန်မြို့ပြတိုက်ပွဲများ လျော့နည်းလာသည်ဆိုနိုင်သော်လည်း တိုက်ခိုက်မှုများ ရပ်တန့်မသွားဘဲ လေတပ်စခန်းများကို ဦးတည်တိုက်ခိုက်လာသည်ကို တွေ့ရ၏။
ယခုအခါ PDF နှင့် အခြားခုခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ရည်ခိုက်ရည်သည် ထိုအခြေအနေသို့ ရောက်ရှိသည့် ကာလဖြစ်သည်။ တိုက်စိတ်ခိုက်စိတ်လည်း ထက်သန်ပြီးဖြစ်ရာ စစ်ပွဲသည် ယခုမှ လက်ရည်တူစသည်ဟု ဆိုရမည်။
စစချင်းကာလက မခံချင်စိတ်နှင့် စစ်ပွဲအတွေ့အကြုံမရှိဘဲ ပြင်းပြသည့်စိတ်ဓါတ်နှင့် စတင်ခဲ့ကြသူများသည် ယခုအခါ တိုက်ပွဲအတွေ့အကြုံရှိသည့် တိုက်ခိုက်ရေးသမားကောင်းများဖြစ်လာကြပြီ ဖြစ်သည်။
၈။ စစ်တပ်အတွက် တိုင်းပြည် ဘဏ္ဏာငွေကို စစ်တပ်အတွက် စိတ်ကြိုက်သုံးနိုင်သည့် အားသာချက်ရှိသည်။ လက်နက်ခဲယမ်း တပ်ဆင်ရန် လွယ်ကူသည်။ PDF နှင့်တိုင်းရင်းသားတပ်ဖွဲ့များအတွက် ဘဏ္ဏာရေး အကန့်အသတ်ရှိသည်။ လက်နက်ခဲယမ်း ဝယ်ယူတပ်ဆင်ရန် အကန့်အသတ်ရှိ၏။
သို့သော်လည်း လူထုအားဖြင့် အမြန်ဖြေရှင်းနိုင်သည်ကို တွေ့ရသည်။ NUG သည် ယမန်နှစ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှာဖွေနိုင်ခဲ့ပြီး ယခုနှစ်တွင် သန်း ၃၀၀ ရှာမည်ဟု လျာထားထားသည်ဟုသိရ၏။ ကျန်အင်အားစုများသည်လည်း ရံပုံငွေ အများအပြားရှာရသည်ကို တွေ့ရသည်။ တိုင်းရင်းသားတပ်ဖွဲ့များသည်လည်း သူတို့ ဘတ်ဂျက်နှင့် သူရှိပြီး ဖြစ်သည်။
၉၊။ သို့ဖြစ်ရာ လက်ရှိအချိန်တွင် နှစ်ဖက်လုံး အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိသည်ကို တွေ့နိုင်သည်။ လက်ရှိ ကာလသည် မည်သည့်ဘက်က အသာရသွားပြီဟု မပြောနိုင်သေးသည့်ကာလ ဖြစ်သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီဘက်က တိုင်းပြည်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေရသည့် ကာလ ဖြစ်သကဲ့သို့ ခုခံတိုက်ပွဲ ဝင်နေသူများဘက်ကလည်း စစ်ကောင်စီအား ဖြုတ်ချရန် ရုန်းကန်ကြိုးပမ်းနေရဆဲကာလ ဖြစ်သည်။
သို့သော် ခုခံတော်လှန်သူများဘက်က သစ်လွင်သည့် တိုးတက်လာမည့် အင်အားစုဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ ဟောင်းနွမ်းဆွေးမြေ့ပြီး ဆုတ်ယုတ်နေသည့် အင်အားစု ဖြစ်သည်။ ခုခံတော်လှန်သူများဘက်က တိုက်စစ်ဖြစ်ပြီး စစ်ကောင်စီဘက်က ခံစစ်ဖြစ်သည်။
နှစ်ဖက်ယှဉ်ပြိုင်ကြရမည့်နေရာများက စစ်မြေပြင်၊ သံတမန်ရေးနှင့် ဘဏ္ဏာရေးရှာဖွေမှုများတွင် ယှဉ်ပြိုင်ကြရမည် ဖြစ်ပြီး ၂၀၂၃/၂၀၂၄ နှစ်များသည် မည်သည့်ဘက်က အသာရသွားမည်ကို အဆုံးအဖြတ်ပေးနိုင်သည့် နှစ်များဖြစ်သည်။
အောင်ပွဲနှင့် အလေးသာမှုက လူထုဖက်တွင်ရှိသည်။ သို့သော် ကြိုးစားရုန်းကန်ရမည်။ စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ရမည်။ စိတ်ဓာတ်ခိုင်မာရမည်။ ကြံ့ကြံ့ခံနိုင်ရမည်။ အောင်ပွဲကို အလွယ်တကူနှင့်တော့ မရနိုင်ပါ။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။