စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ၉ ရက်ကြာ စစ်ကြောင်းထိုးနေစဉ်တွင် သတ်ဖြတ်သူ ၁၇ ဦးအထိ ရှိလာပြီး ထိုအထဲ၌ကလေး၂ ဦးလည်း ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သတ်ဖြတ်မှုကြောင့် ခင်ဦးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့်အတူ ဒေသခံ ၇ ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးခဲ့သည့် ပြည်သူများသည် ပေါင်းလဲကုန်းရွာတွင်၂ ဦး၊ ရွှေကာရွာတွင်၂ ဦး၊ မုံလှကျေးရွာတွင်၂ ဦးနှင့် ကံသာ ယာရွာတွင် ၁ ဦးတို့ ဖြစ်ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ ရက်ကစပြီး ခင်ဦးမြို့နယ်တွင်း ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့အထိဆိုလျှင် အင်အား၂၀၀ ကျော်ဖြင့် စစ်ကြောင်း ၅ ကြောင်းအထိ ခွဲကာ ရွာများကို စီးနင်းမှု ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရ သည်။
ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အားလုံးပေါင်း ၅ နေရာထိတောင် အဖွဲ့တွေ ခွဲထားတာဆိုတော့ တွက်သာ ကြည့်လိုက်တော့ ရွာတိုင်းကို ဖြစ်နေတာ။ ဒီနေ့ဆို ဘယ်မှ ရှောင်မရဘဲ ပိတ်မိနေလို့ အနီးအနားလေးတင် ကပ်နေရတဲ့ ပြည်သူတွေ ရှိတယ်။ သူတို့ (စစ်တပ်) တောင်ဘက်က ရောက်လာပြီး မြောက်ဘက်နဲ့ အနောက်ဘက်မှာ စစ်ကြောင်း ထိုးနေတာ” ဟု ဆိုသည်။
ဒေသခံများ သတ်ဖြတ်ခံရမှုသည် ပေါင်းလဲကုန်းရွာမှ စတင် လာခြင်း ဖြစ်သည်။
ပေါင်းလဲကုန်းရွာကို နိုဝင်ဘာ ၁၈ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၇၀ ခန့်ဖြင့် စီးနင်း ဝင်ရောက်လာပြီး နေ အိမ်များအား မီးရှို့မှုတွင် အသက် ၈၀ ကျော် ဒေါ်ချစ်စု မီးလောင် သေဆုံးခဲ့ကာ အသက် ၅၀ နှစ်အရွယ် ဦးဆန်း ဝင်းလည်း လက်နက်ကြီး ထိမှန် သေဆုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
ထို့နောက် ၂၀ ရက်တွင် ရွှေကာရွာသို့ ရောက်သည့် စစ်ကောင်တပ်သည် ပြည်သူ ၂ ဦးကို ထပ်မံ သတ်ဖြတ်ခဲ့သည်။
နိုဝင်ဘာ၂၃ ရက်တွင် အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် ကံသာယာရွာ ထန်းတောအတွင်းသို့ ဝင်၍ ဒေသခံပြည် သူ ဖြစ်သည့် ကိုညိုမောင် (၂၇ နှစ်) နှင့် မောင်ရဲမင်းနောင် (၁၄ နှစ်) ကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စစ်ကြောင်း ဝင်လာသဖြင့် ထွက်ပြေးသည့် မောင်ရဲမင်းနောင် ကို ရွာမှ ၁ မိုင်ခန့် ဝေးသော ယာတောထဲတွင် စစ်တပ် က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ဆိုသည်။
အဆိုပါ နိုဝင်ဘာ၂၃ ရက်တွင်ပင် ကန့်ဘလူ ကျီစုရွာကို မီးရှို့ပြီး ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းက မုံလှရွာသို့ စီးနင်းရန် ကြိုးပမ်းလာချိန်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ် ပွားရာ အထိအခိုက်များသည့် စစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ဒေါ်မြ (၅၀ နှစ်) သည် စစ်ဘေးရှောင်နေစဉ်အတွင်း နောက်ကျောကို လက်နက်ကြီး ထိမှန် သေဆုံးခဲ့သလို နွားကျောင်းနေသည့် အသက် ၇ နှစ်အရွယ် ယောက်ျားလေး ၁ ဦးလည်း သေဆုံးခဲ့သည်။
မုံလှရွာသည် မကြာမီက စစ်ကောင်စီမှ သီရိပျံချီဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရသော ကက်သလစ် သာသနာပိုင် ကာဒီနယ်လ် ချားလ်စ်ဘို၏ ဇာတိရွာ ဖြစ်သော်လည်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပါ ပြုလုပ်ပြီး စီးနင်းခဲ့ခြင်း ဖြစ်သည်။
ကျီစုရွာမှအထွက် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် လေကြောင်း ပစ်ကူခေါ်လိုက်ရာ MI 35 ဖြင့် ၄၅ မိနစ်ကြာအောင် ရွာ အနီးတဝိုက်ကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မုံလှရွာခံ တဦးက ပြောသည်။
၎င်းငျးက “ကျမတို့ ပြည်သူတွေက သူတို့ အပေါ်က ပစ်လည်း သေရုံရှိမှာပဲ။ ကျမတို့ဆီက ကလေးလေးတွေ အခုချိန် ဟက်စကီးသံကြားရင် သေမလောက် ကြောက်တာ။ ကျမတို့က အကြောက်တရားတွေ စိုးရိမ်မှုတွေနဲ့ နေနေရတာ။ တို့ဘယ်နေ့ သေနတ်မှန် သေမှာလဲ ကျမတို့ အသက်တွေက အာမခံ မရှိဘဲ နေနေရတာ” ဟု ပြောသည်။
မုံလှရွာတွင် ဖြစ်ခဲ့သည့် ပစ်ခတ်မှုများအတွင်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၇ ဦး အပြင် ရက်ဆက် ဝင်နေသည့် စစ်ကြောင်းများကြောင့် ရွှေယမင်းရွာတွင်၂ ဦး နှင့် ကံသာယာရွာတွင် ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့အထိ ခင်ဦးတွင် ဝင်နေသည့် စစ်ကြောင်း ၅ ကြောင်းတွင် အနည်းဆုံး အင်အား ၅၀ တွင် ရှိနေပြီး လူအင် အားများ ထပ်မံ ဖြည့်တင်းရုံမက ကားဖြင့် လက်နက်ခဲယမ်း ပေးပို့ခြင်းများလည်း ရှိနေကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ နယ်မြေ စိုးမိုးမှု အားကောင်းနေသဖြင့် စစ်ကောင်စီတပ် ယခုကဲ့သို့ အင်အား အလုံးအရင်းဖြင့် ရက်ကြာ စစ်ကြောင်း ထိုးမှုလုပ်နေခြင်း ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ဆိုသည်။
“ခင်ဦးမှာက ရပ်ကွက်၊ ကျေးရွာပေါင်း ၁၅၀ ရှိတဲ့ အနေအထားမှာ ၆ နေရာပဲ ပျူတွေနဲ့ တပ်က စိုးမိုးထားနိုင်တယ်။ ကျန်တဲ့ နေရာတွေက NUG အစိုးရရဲ့ စိုးမိုးမှုပဲ ရှိတာပေါ့။ အခုက စစ်ကြောင်း ထိုးနေလို့သာ။ စစ်ကြောင်း မထိုးရင် သူ တို့ တပ်စွဲထားတဲ့ ရွာတွေကနေ ထွက်ပြီးတော့ ဈေးဝယ်လည်း သွားလို့ မရဘူး။ ထောက်ပို့လည်း သွားလို့ မရဘူး။ ရွာထဲမှာ ဘဲဥရှိရင် ဘဲဥပြုတ်စား ရှုးရှဲရှိရင် ရှုးရှဲနဲ့စားပေါ့။ ဒေသခံတွေကိုလည်း သူတို့ကို မထောက်ခံလို့ လုပ်တာပေါ့” ဟု ၎င်းက ပြောသည်။
စစ်ကြောင်း ထိုးနေသည့် တပ်ဖွဲ့ဝင်များသည် ခင်ဦးမြို့နယ်တွင်းက ရွာ ၉ ရွာ ဖြစ်သည့် ပေါင်းလဲကုန်း၊ လက်ပံကြီး၊ မဒေါင်းကြီး၊ ရွှေကာ၊ ဆီဆုံလေး၊ နှံတွင်း ၊ စောကြီး၊ သနပ်စိန်၊ ကန်သာယာ ရွာတို့မှ နေအိမ် ၅၄၃ လုံးကို မီးရှို့ခဲ့ ကြောင်း သိရသည်။ မုံလှရွာက မီးလောင်အိမ်အရေအတွက်သည် အတည်ပြုနေဆဲ ဖြစ်သည်။
မုံလှရွာခံ တဦးက “အိမ် ၁ လုံး ဖြစ်ဖို့ဆိုတာ တောသူ တောင်သားတွေက အင်မတန်မှကို ကြိုးစားရတာ။ အဲဒီတော့ မင်းအောင်လှိုင်ကို ကျမပြောချင်တာက အသည်းနှလုံး မရှိတော့တာလားလို့။ သူကတော့ ပလ္လင်ကြီးပေါ်မှာ ထိုင်ပြီး တော့ ချီးမွန်းခန်းတွေ ပြောမနေပါနဲ့။ မြေပြင်ကို ထွက်ကြည့်ပါလို့ သူ့ကို အဲဒီလိုပဲ ပြောချင်တယ်။ သူ့မျက်နှာကို ကျမတို့က ဖလက်ပြား (TV) ထဲမှာ ကြည့်ကို မကြည့်ချင်လောက်အောင် ရွံမုန်းတယ်။ အဲဒီလောက်တောင် ကျမတို့ ပြည်သူတွေကို ဘာလို့ ရက်စက်နေတာလဲလို့” ဟု ပြောသည်။
ထိုသို့ ရက်ဆက် စစ်ကြောင်းထိုးနေမှုများကြောင့် ခင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၂၅ ရွာခန့်က ပြည်သူ နှစ်သောင်း ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
စစ်ကြောင်းသည် ၅ နေရာအထိ အဖွဲ့ခွဲ၍ဝင်နေရာ ရွာခံများအနေဖြင့် ယခင်က စစ်ရှောင်သည့် ပုံစံဖြစ်သော စစ် ကြောင်း မဝင်သည့် ရွာများကို ပတ်ပြီး ရှောင်ပုန်းသည့် ပုံစံကိုလည်း ယခုအချိန်တွင် မလုပ်ဆောင်နိုင်တော့ဘဲ စစ်ကြောင်းများကြားတွင် ပိတ်မိနေသည့် ပြည်သူများပင် ရှိကြောင်း၊ တောတောင်ထဲ ပုန်းအောင်းနေရသူများ အနေဖြင့်လည်း မြွေအန္တရာယ်နှင့် စားရေးသောက်ရေး အခက်အခဲများလည်း ကြုံနေရကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
စစ်ရှောင်ဒေသခံတဦးက “ခြုံကြား မြွေမှန်းမသိ ဘာမှန်းမသိ တိုးပြီး နေရတာ။ ကလေးတွေနဲ့ မြောင်းတွေထဲ ဝပ်ရတာ ကျမတို့မှာ။ ဒီလတွေဆိုတာ မြွေပေါက်တဲ့လတွေ မြွေအကင်းလေးတွေက ရှိတတ်တယ်။ စိုးရိမ်စိတ်တွေနဲ့ နေနေရ တာ။ အခုလည်း တောထဲမှာ ကလေးလေးတွေနဲ့ ကျမတို့ ဆင်းဆင်းရဲရဲ နေရတာ” ဟု ပြောသည်။
အာဏာသိမ်းပြီး ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အောက်တိုဘာလအထိ နေအိမ် ၁,၈၅၆ လုံး မီးလောင်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံပြည်သူ၂၁၈ ဦး သေဆုံးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကောက်ယူထားသည့် စာရင်းအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ လလုံးတွင် နိုင်ငံအနှံ့ နေအိမ်၊ အဆောက်အအုံပေါင်း ၁,၅၁၀ လုံးထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အနက် စစ်ကိုင်းတိုင်းတွင် ၁,၁၂၄ လုံးထက်မနည်း ရှိနေကြောင်း သုတေသန အဖွဲ့တခု ဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည်။
ISP-Myanmar က အချက်အလက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံတွင် နေအိမ်နှင့် အဆောက်အအုံပေါင်း ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရသည့်အနက် ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းတွင် ဖြစ်ကြောင်း သိရသည်။
Source – irrawaddy