ဖက်စစ်တပ်မှ 2023 August မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ dateပေးထားတယ်။ယခုချိန်ကနေ လာမယ့် August လအတွင်းဟာ တလရမှာ စစ်ရှိန်အမြင့်ဆုံးကာလဖြစ်လာနိုင်သလို ဒီကာလအတွင်းမှာ နိုင်ငံရေးအရလည်း တစ်ခုခုဖြစ်သွားနိုင်ပါတယ်။ ဘာတွေဖြစ်လာနိုင်သလဲ မိမိအမြင်ကို နည်းနည်းလောက် ဆဝါးကြည့်ရရင်
စဉ်းစားချက်(1)
EROsတွေ အကုန်အပစ်ရပ်သွားရင်…
ဒီစဉ်းစားချက်က အရင်ကတော့တွေးမိတာရှိပေမယ့် ဘယ်သူ့မှထုတ်မပြောဖူးပါဘူး၊ အခုတော့ AAအပစ်ရပ်လိုက်တဲ့နောက်မှာ ထုတ်ပြောရမယ့်အချက်လို့ ယူဆပါတယ်။နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ EROsတွေအကုန်သာအပစ်ရပ်အောင် ဖက်စစ်တပ်ဟာ ညှိနှိုင်းနိုင်ခဲ့ရင် NUG ဘာလုပ်မလဲ စဉ်းစားထားတာ ရှိ/မရှိ မသိပါ။
တရားဝင်မှု(legitimacy)ဆိုတာကို ရွေးကောက်ပွဲရလဒ်တစ်ခုတည်းနဲ့ အခြေပြုစဉ်းစားကြသူများ ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ NUGသာ မရှိရင် လနကိုင်တွေအကုန် အကြမ်းဖက်အဖွဲ့တွေ ဖြစ်ကုန်မယ် ဆိုပဲ။ အဲလိုဖြစ်/မဖြစ်တော့ မသိပါ၊ သေချာတာကတော့ EROsတွေအားလုံးသာ အပစ်ရပ်လိုက်ရင် NUG/PDFတွေအကုန် သူပုန်ဖြစ်သွားနိုင်တယ် ဆိုတဲ့ အချက်ပါပဲ။ NUGဟာလည်း စစ်ကိုင်းတိုင်းအစိုးရသာ ဖြစ်သွားပါလိမ့်မယ်။
ဒါမို့ တိုင်းရင်းသားအုပ်စုတွေကို ချဉ်းကပ်ရာမှာ လွှမ်းခြုံကျယ်ပြန့်တဲ့ဦးဆောင်အိုင်ဒီရော်လောဂျီရှိဖို့က အရမ်းအရေးကြီးကြောင်း ဖန်တရာတေအောင် ထောက်ပြလာခဲ့တာ ဖြစ်ပါတယ်။
စဉ်းစားချက်(2)
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးခဲ့ရင်…
DASSK ကို ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးခဲ့ရင်တော့ rule of lawသမားဖြစ်တဲ့ သူမအနေနဲ့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။ကျုပ်အရမ်းသိချင်တာက DASSKဟာ 2008ခြေဥကို စွဲကိုင်ထားတုန်းလား ဆိုတဲ့အချက်ပဲ။
ဖက်စစ်တပ်အာဏာသိမ်းမှုဟာ တရားဝင်/မဝင်ဆိုတာကို ကိုယ့်အယူအဆနဲ့ကိုယ် ရပ်တည်ကြတာရှိတယ်၊ တော်လှန်ရေးဘက်သားတွေကတော့ အာဏာသိမ်းတာဟာ တရားမဝင်ဘူးလို့ ယုံကြည်တယ်( အရေးပေါ်အခြေအနေကို ကြေညာခွင့်က သမ္မတမှာပဲ ရှိတာမို့၊ သမ္မတကိုဖမ်းပြီး ဒုသမ္မတက အရေးပေါ်အခြေအနေကြေညာ၊ တပ်ချုပ်ကို အာဏာအပ်တယ်ဆိုတာ ခြေဥပေးထားချက်တွေနဲ့ မကိုက်ညီဘူးလို့ ယူဆတယ်)ဖက်စစ်တပ်ကတော့ တရားဝင်တယ်လို့ ပြောတယ်၊ ခြေဥမှာ နောက်အခန်းတွေက ဘယ်လိုပဲဆိုစေ၊ အခြေခံမူများ(အခန်း 1)ပါအချက်များကသာ အဓိကကျတယ်လို့ သူတို့က ဆင်ခြေပေးတယ် (2008ခြေဥ၊ အခန်း 1၊ ပုဒ်မ 6,20,40 တို့မှာ ပြည်ထောင်စုပြိုကွဲမယ့်အန္တရာယ်ကြုံရင် စစ်တပ်က အာဏာဝင်ထိန်းနိုင်တယ် ဆိုတဲ့သဘော ရေးထားတယ်)
အာဏာသိမ်းမှုဟာ တရားဝင်/မဝင်ဆိုတာကတော့ ခြေဥဆိုင်ရာအငြင်းပွားမှုဖြစ်လို့ ခြေဥခုံရုံးက ဆုံးဖြတ်ပေးရမယ့်ကိစ္စဖြစ်တယ်၊ DASSKဟာ 2008ခြေဥလမ်းကို ဆက်လျှောက်မယ်ဆိုရင်တော့ ခုကိစ္စကို ခြေဥခုံရုံးရဲ့ အဆုံးအဖြတ်ခံရမယ် ထင်တယ်။
သို့သော် ဘယ်လိုပဲဖြစ်စေ DASSKဟာ ညှိနှိုင်းရေးလမ်းကို ရွေးတယ်ဆိုရင်ကို တလရမှာ အနည်းဆုံးနှစ်ခြမ်းကွဲထွက်သွားနိုင်တယ်။ တလရမှာ အများကြီးရင်းနှီးပေးဆပ်ထားကြရပြီးဖြစ်ရာ လုံးဝမဆွေးနွေးဘဲ အဆုံးထိတိုက်ချင်သူများက များစွာရှိနေသောကြောင့်ပင်။
အကယ်၍ DASSKဟာ ညှိနှိုင်းရေးလမ်းကို မရွေးဘဲ NUGရဲ့ one year planလမ်းကြောင်းကို ပြတ်ပြတ်ရပ်တည်ပြီး လျှောက်မယ်၊ တရသအုပ်စုတွေနဲ့လည်း သဘောတူညီချက်တွေရအောင် လုပ်နိုင်မယ်ဆိုရင်တော့ ပဋိပက္ခတွေဟာပိုမိုပြင်းထန်လာမှာဖြစ်ပြီး အဆုံးမှာတော့ ဖက်စစ်အုပ်စုလည်း လုံးဝပြိုကျသွားနိုင်မယ်လို့ ထင်တယ်။
စဉ်းစားချက်(3)
အထက်ကစဉ်းစားချက်တွေ မဟုတ်ခဲ့ရင်…
ကြားကာလမှာ အထက်ကစဉ်းစားချက်နှစ်ရပ်လုံး မဖြစ်ခဲ့ဘဲ ယခုအတိုင်း အစုအဖွဲ့အသီးသီးက ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သွားကြမယ်ဆိုရင်တော့ တိုင်းပြည်ဟာ အုပ်စု(3)စု ကွဲထွက်လာနိုင်မယ် ထင်တယ်။
ပထမအုပ်စုကတော့ ဖက်စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ လုံးဝရှိနေမယ့်ဒေသများပဲ ဖြစ်တယ်။
ဒုတိယအုပ်စုကတော့ NUGနဲ့ မဟာမိတ်များက ထိန်းချုပ်ထားတဲ့ဒေသများပဲ ဖြစ်တယ်။
တတိယအုပ်စုကတော့ ဖက်စစ်တပ်ရော NUGရော နှစ်စုစလုံးရဲ့ လက်အောက်မခံတဲ့ တိုင်းရင်းသားEROsများက ထိန်းချုပ်ရာဒေသများ ပဲဖြစ်တယ်။ တောင်မြန်မာ၊ မြောက်မြန်မာသာမက အလယ်မြန်မာနိုင်ငံပါ ထပ်ကွဲထွက်လာမယ့်သဘော မြင်နေရတယ်။
ဒီလိုဖြစ်လာခဲ့ရင်တော့ တိုင်းနဲ့ပြည်နယ်အသီးသီးဟာလည်း ကိုယ့်တိုင်း/ပြည်နယ်ကို ကိုယ်စားပြုနိုင်မယ့် ဦးဆောင်အဖွဲ့များ ဖွဲ့စည်းကြပြီး ဘယ်အုပ်စုမှာပါမလဲဆိုတာ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းလာကြမယ် ထင်တယ်။
ယခုတင်ပြချက်များဟာ တကယ်ဖြစ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘဲ ဖြစ်နိုင်ချေများကို မိမိအမြင်အရ ချဉ်းကပ်ကြည့်ခြင်းသာ ဖြစ်တယ်။ အမြင်မတူသူများရှိနိုင်သလို အခြားသောစဉ်းစားချက်တွေလည်း ရှိနိုင်ပါကြောင်း။ ။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။