၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်မှ ၁၃ ရက်နေ့ထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပသွားခဲ့သည်။ အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးက အများ အာရုံပြုသော အကြောင်းအရာလည်း ဖြစ်သည်။
၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးက အချက် ၁၅ ချက်ပါ ကြေညာချက်တစောင်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်ကို တွေ့ရ၏။
အာဆီယံ ကြေညာချက်သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဧပြီလက အာဆီယံက ထုတ်ပြန်ထားသည့် အာဆီယံမူ ငါးချက်ကိုပင် ဆက်လက်ဆုပ်ကိုင်ထားပြီး ထိုအခြေခံပေါ်မှ ထပ်မံ တိုးချဲ့ထားသည့် ဆုံးဖြတ်ချက်များကို တွေ့ရသည်။
အာဆီယံမူ ငါးချက်နှင့် ပတ်သက်၍ အကဲဖြတ်ရာတွင် ပြီးခဲ့သည့် ကာလအတွင်း တိုးတက်မှု အနည်းငယ်သာ ရှိသည်ဟု အချက် ၅ တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။
အာဆီယံ ခေါင်းဆောင်များသည် ထိုသုံးသပ်ချက်ကို လက်တွေ့အခြေအနေကို တကယ်တမ်း သိရှိသုံးသပ်သည်လော သို့မဟုတ် သံတမန် ဝေါဟာရအဖြစ် သုံးစွဲသလော မကွဲပြားချေ။
၂၀၂၁ ဧပြီလမှစ၍ အာဆီယံမူ ငါးချက်ချမှတ်ထားသည်မှာ တနှစ်ခွဲခန့်ရှိပြီ ဖြစ်သော်လည်း မြေပြင်တွင် မည်သည့် တိုးတက်မှုမှ ရေရေရာရာ မတွေ့ရပေ။
မြန်မာပြည်အခြေအနေ ပို၍ ဆိုးဝါးလာသည်ကိုသာ တွေ့မြင်နေရ၏။ အာဆီယံမူ ငါးချက်နှင့် ပတ်သက်၍ ၄၁ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးက ထပ်မံအတည်ပြုသည်ကို အချက် ၆ တွင် တွေ့ရပြီး အချက် ၇ တွင် တိကျသော အချိန်ဇယားနှင့် အကောင်အထည်ဖေါ်သည့် အစီအစဉ်တရပ် ရေးဆွဲရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးသည်ကို တွေ့ရသည်။
အချက် ၈ တွင် သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရေးကို ကြိုးပမ်းဆောင်ရွက်မည်ဟု ဆုံးဖြတ်ထားသကဲ့သို့ အာဆီယံ ဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်သည် အလွတ်သဘော စေ့စပ်ညှိနှိုင်းရေးကို ဆောင်ရွက်သွားမည်ဟု ဖေါ်ပြထား၏။
ဤအချက်အရ NUG အပါ အတိုက်အခံအင်အားစုများနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမည်ဟု အဓိပ္ပါယ် ရသကဲ့သို့ စစ်ကောင်စီ ခေါင်းဆောင်များနှင့်လည်း အလွတ်သဘော တွေ့ဆုံသွားဖွယ်ရှိ၏။
စစ်ကောင်စီအား ယခင်ကထက် ပို၍ တင်းကြပ်မည့် အရိပ်အယောင်ပြသည်မှာ စစ်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးအား အစည်းအဝေး တက်ခွင့် ပိတ်ပင်ထားဦးမည့်အပြင် အခြား အာဆီယံ အစည်းအဝေးများတွင် မြန်မာ စစ်ကောင်စီ ကိုယ်စားလှယ် ပါဝင်မှုကို ထပ်မံ သုံး သပ်သွားမည်ဆိုသည့် အချက် ၉ တွင် ပါသည့်အချက် ဖြစ်သကဲ့သို့ အာဆီယံ ဘုံသဘောတူညီချက်နှင့်ပတ်သက်၍ မဆောင်ရွက်နိုင်ပါက အပြီးသတ်ဆုံးဖြတ်ချက်ချမည်ဟု အချက် ၁၀ တွင် ဖေါ်ပြထားသည့်အချက်တို့ ဖြစ်သည်။
ထို့ပြင် မြန်မာ့အရေး ဖြေရှင်းရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် ပြင်ပမိတ်ဖက်နိုင်ငံများကို ဖိတ်ခေါ်ထားသည်ကို အချက် ၁၃ တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။
ယေဘုယျ ဆိုရလျင် ယခင်ကထက် တဆင့်တိုး ဆုံးဖြတ်လာသည်ဟု ဆိုရသော်လည်း လက်တွေ့အကျိုးသက်ရောက်မှု မည်မျှ ရှိမည်ဆိုသည်က အာဆီယံထိပ်သီးတို့အတွက် ရင်ဆိုင်ရမည့် အခြေအနေဖြစ်သည်။
လက်တွေ့တွင်လည်း အချက် ၁၅ ချက်ပါ အာဆီယံထိပ်သီး ကြေညာချက်ထွက်သည့်နေ့တွင်ပင် စစ်ကောင်စီက လက်မခံဘဲ ကန့်ကွက်သည့် ကြေညာချက် ချက်ခြင်း ရက်မဆိုင်းဘဲ ထွက်လာသည်ကိုတွေ့ရ၏။
၂၀၂၃ ခုနှစ်တွင်လည်း ယခင်နှစ်များနည်းတူ အာဆီယံ၏ တောင်းဆိုချက်များ၊ ဆုံးဖြတ်ချက်များကို စစ်ကောင်စီက လက်ခံရန် အလားအလာ နည်းသည်ဟု ဆိုရပါမည်။
အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် အင်အားကြီးနိုင်ငံတခုဖြစ်သည့် အမေရိကန်က မြန်မာ့အရေးကို ဆက်လက်ထောက်ခံကူညီသွားမည်ဟု ဆိုခဲ့သော်လည်း ဒေသတွင်း အင်အားကြီးနိုင်ငံတခု ဖြစ်သည့် တရုတ်ထံမှ မည်သည့်မှတ်ချက်မှ မကြားရဘဲ အသံတိတ်နေသည်ကိုတွေ့ရ၏။
လက်ရှိအချိန်တွင် တရုတ်သည် သူ၏ သီးခြားသဘောထားထက် အာဆီယံ သဘောထားနောက်ကွယ်မှသာနေသည့် သူ၏ သဘောထားကို ပြောင်းလဲသေးပုံ မရပေ။
ပြဿနာမှာ အာဆီယံ ဆုံးဖြတ်ချက် အမှတ် ၁၁ တွင်ပါသည့် မြန်မာစစ်တပ်သည် မြန်မာနိုင်ငံတွင် တခုတည်းသော စစ်အင်အား အကြီးဆုံး တပ်ဖွဲ့ဖြစ်သည်ဟု သတိပြုမိသည်ဆိုသည့်အချက်ဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ ကောက်ချက်သည် အရေးပါသည်။
အာဆီယံသည် ထိုအချက်ပေါ် ဗဟိုပြု၍ မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်နေသည်ဖြစ်ရာ ဤအချက်နှင့် ပတ်သက်၍ မှန်မှန်ကန်ကန် သုံးသပ်ချက် မပြုနိုင်ပါက မြန်မာပြည်နှင့်ပတ်သက်၍ အာဆီယံအနေနှင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ချနိုင်လိမ့်မည် မဟုတ်ပေ။
မြန်မာစစ်တပ်သည် မြန်မာနိုင်ငံတွင် တခုတည်းသော စစ်အင်အားအကြီးဆုံး စစ်တပ်ဖြစ်သည်ဆိုသည်အချက်မှာ ယေဘုယျအားဖြင့် မှန်သည်ဟုဆိုနိုင်သော်လည်း စဉ်းစားရမည့် အချက်များစွာ ရှိ၏။
ပထမအချက်မှာ မြန်မာစစ်တပ်၏ စစ်အင်အားအခြေအနေ ဖြစ်သည်။ မြန်မာစစ်တပ်တွင် မြေပြင်တိုက်ခိုက်ရေးတပ်များ ဖြစ်သည့် ခြေလျင်၊ ခြေမြန်တပ်ရင်းပေါင်း ၅၀၀ ကျော်ရှိသည်ဟုဆိုသော်လည်း လက်တွေ့တွင် တပ်ရင်းတရင်း၏ စစ်ထွက် အင်အားသည် အင်အား ၁၀၀ မှ ၁၅၀ ကြားတွင်သာရှိသည်ဖြစ်ရာ တပ်ရင်းဌာနချုပ် နောက်ချန်အင်အားအပါ မြန်မာ စစ်တပ်၏ ကြည်းတပ်အင်အားမှာ တသိန်းခန့်သာ ရှိသည်။
ကျန်အမြောက်တပ်ရင်း ၁၀၀ ကျော်၊ သံချပ်ကာ၊ တင့်ကားတပ်ရင်းတပ်ဖွဲ့များ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၊ ဒုံးတပ်ဖွဲ့နှင့် လက်ရုံးတပ်များဖြစ်သည့် ထောက်ပို့နှင့် မော်တော်ယဉ်တပ်ဖွဲ့များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့၊ ဆက်သွယ်ရေး တပ်ရင်းတပ်ဖွဲ့၊ စစ်လက်နက်ပစ္စည်းပစ္စည်းတပ်ဖွဲ့များမှာ တပ်ရင်း၊ တပ်ဖွဲ့ ၅၀၀ ကျော်နှင့် ကပစ စက်ရုံများရှိ စစ်သည် အင်အားမှာ တသိန်းခွဲထက် မပိုနိုင်ပေ။
သို့ဖြစ်ရာ မြန်မာစစ်တပ်၏ ကြည်းတပ်တွင် စစ်သည်အင်အားလုံးပေါင်းမှာ နှစ်သိန်းခွဲခန့်သာရှိမည်ဟု ခန့်မှန်းရ၏။ လေတပ်နှင့် ရေတပ်အင်အားနှစ်ခုပေါင်းမှာ ၅၀၀၀၀ ခန့်သာ ရှိသည်။ တပ်ရင်းအလိုက် စစ်သည်အင်အားနည်းပါးနေသဖြင့် လက်ရုံးတပ်မှ တပ်များအား ထုတ်နှုတ်ပြီး တွဲဖက်ပေးနေရ၏။ တပ်ရင်းအလိုက် စစ်သည်အင်အားကျဆင်းမှုကြောင့် တပ်မများကို ပြန်ပေါင်း၍ဖွဲ့ရန် မြန်မာစစ်တပ် စစ်ရုံးချုပ်တွင် စဉ်းစားမှုများရှိသည်ဟု ကြားသိရသည်။
တဖက်တွင်လည်း မြန်မာစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အင်အားစုများသည် အင်အားမသေးလှသည့်အပြင် နိုင်ငံ အနှံ့အပြားတွင် စစ်မျက်နှာဖွင့်နေသည်။
လက်ရှိ မြန်မာစစ်တပ်နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသား အဖွဲ့များအနက် မြောက်ပိုင်းအဖွဲ့သုံးဖွဲ့မှအပ ကျန် ၇ ဖွဲ့ အ နက် RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်သာ အင်အားတသောင်းခန့်ဖြင့် အင်အား ရှိသည်ဟုဆိုနိုင်သော်လည်း ကျန်အဖွဲ့များမှာ အင်အားနည်းပါးပြီး အချို့ အဖွဲ့များမှာ လက်နက်ကိုင်တပ်ပင် လောက်လောက်လားလား မရှိပေ။
စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ပါဝင်ပြီး လောလောဆယ် အပစ်ရပ်ထားသော UWSA “ဝ” အဖွဲ့၊ NDAA မိုင်းလားနှင့် SSPP/SSA တပ်ဖွဲ့များသည် စစ်ကောင်စီနှင့် အဆင်ပြေလှသည် မဟုတ်ပေ။
အကြောင်းကြောင်းကြောင့် အပစ်ရပ်ပြီး ဆွေးနွေးနေကြသော်လည်း အချိန်မရွေး ပြန်လည်တိုက်ပွဲဖြစ်ပွားနိုင်သည့် အဖွဲ့ များ ဖြစ်ပြီး လက်ရှိတွင်လည်း စစ်ကောင်စီနှင့် တင်းမာမှုရှိသည့်အဖွဲ့များ၊ စစ်ကောင်စီအား အယုံအကြည် မရှိသည့် အဖွဲ့များလည်း ဖြစ်၏။ ထိုသုံးဖွဲ့ပေါင်း စစ်အင်အားသည် ၅၀၀၀၀ နီးပါးခန့် ရှိသည်။
လက်ရှိတွင် စစ်ကောင်စီနှင့်တိုက်နေသည့် KNU, KIA, KNPP, CNF, AA, TNLA, MNDAA, ABSDF စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင်လာကြသည့် PDF, PLA, BPLA, PRA စသည့် ပြည်မအင်အားစုများ ၊ CDF, KNDF, MDF စသည့် တိုင်းရင်းသားအင်အားစုများ စုစုပေါင်းမှာ ၂ သိန်းခန့်ရှိ၏။
ထိုတပ်ဖွဲ့များ၏ အားနည်းချက်မှာ လက်နက်ခဲယမ်း လုံလောက်စွာ မရှိမှုနှင့် တစုတစည်းထဲ ကွပ်ကဲမှု မရှိခြင်း ဖြစ်သည်ဟု ဆို၍ ရသည်။ သို့သော်လည်း PDF အပါ ပြည်မအင်အားစုများနှင့် တိုင်းရင်းသားတပ်ဖွဲ့များ၏ တိုက်ခိုက်လိုစိတ်နှင့် တိုက်ရည်ခိုက်ရည်သည် မြန်မာစစ်တပ်ထက်သာလွန်သည်ကို ပြီးခဲ့သော လပေါင်း ၂၁ လအတွင်း မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ တစုတစည်း ကွပ်ကဲမှု မရှိသေးသော်လည်း နေရာအနှံ့ တိုက်ပွဲဝင်နေသည်ကို တွေ့ရ၏။
လက်ရှိကာလ၌ တိုက်ပွဲမရှိဟု ပြောနိုင်သည်မှာ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းအရှေ့နှင့် ဧရာဝတီတိုင်းဟု ဆိုနိုင်သော်လည်း ဧရာဝတီတိုင်းအတွင်း တိုက်ခိုက်မှု အချို့ရှိသည်။ ရန်ကုန်၊ မန္တလေးအပါ ကျန်တိုင်းနှင့်ပြည်နယ်အားလုံးတွင် တိုက်ပွဲများဖြစ်ပွားနေသည်။ ရန်ကုန်လမ်းမကြီးများပေါ်တွင် နှစ်ထပ်ဘန်ကာများ ဆောက်၍ လုံခြုံရေးယူနေသည့် အခြေအနေကို တွေ့မြင်နိုင်သည်။ မြန်မာပြည်၏ အနှစ် ၇၀ ကျော် ပြည်တွင်းစစ်သမိုင်းတွင် တပြည်လုံးအတိုင်းအတာအရ အကျယ်ပြန့်ဆုံးဖြစ်ပွားသည့် ပြည်တွင်းစစ်ဟု ဆိုရမည်။
လက်တွေ့စစ်မြေပြင်တွင် တနိုင်ငံလုံးအနှံ့ တပ်ဖြန့်ထားရပြီး တိုက်ပွဲဝင်နေရသည့်အတွက် မြန်မာစစ်တပ် စစ်အင်အား မလုံလောက်သည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ ပြီးခဲ့သော ၂၁ လအတွင်း မြန်မာစစ်တပ်စခန်းတခု အတိုက်ခံရပါက မြေပြင်မှ မည်သည့်စစ်ကူမှ မပေးနိုင်သည်ကို တွေ့ရသည်။
သိမ်းပိုက်ခံသွားရသော စခန်းများကို ပြန်လည်စစ်ဆင်ပြီး သိမ်းပိုက်နိုင်ခြင်း မရှိတော့။ မလုံခြုံတော့သောကြောင့် စစ်တပ်နှင့် ရဲစခန်းငယ်များအား ဆုတ်ခွာရုပ်သိမ်းရပြီး လုံခြုံရေး လေဟာနယ်ဖြစ်ပေါ်နေပြီး တိုင်းရင်းသားတပ်ဖွဲ့များနှင့် PDF တို့၏ ထိန်းချုပ်နယ်မြေ တိုးလာသည်။
မြို့ပြနှင့် ဆက်သွယ်ရေးလမ်းကြောင်းကို အဓိကထား လုံခြုံရေးယူနေရသည်။ တိုင်းစစ်ဌာနချုပ်နယ်အလိုက် ရှိသည့် မြေပြင်တပ်အားလုံး ပို့ထားရသည့်အပြင် လက်ရုံးတပ်များမှ ထုတ်နှုတ်ပြီး စုပေါင်းစပ်ပေါင်း စစ်ဆင်နေရသည့် အခြေအနေဖြစ်သည်။
တပြည်လုံးအနှံ့ စစ်ဆင်နေရသည့်အပြင် ပုန်ကန်သူ အင်အား တိုးပွားလာခြင်း၊ မြန်မာ စစ်တပ် တပ်ရင်းများ၏ တိုက်ခိုက်ရေး အင်အား၊ စစ်ထွက်အင်အား ကျဆင်းခြင်းကြောင့် ယခင်က တပ်မ တခုနှင့် ထိန်းသိမ်း စစ်ဆင်ရေး လုပ်နိုင်သည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- ရမခ နယ်မြေတွင် တပ်မ ၇ ခု ခန့် ဖြန့်ခွဲချထားနေရသည်။
ထို့ပြင် တပြည်လုံးတွင် စစ်ဆင်ရေး နယ်မြေအလိုက် ထိုးစစ် (သို့မဟုတ်) စစ်ဆင်ရေးအငယ်များကို အကန့်အသတ်နှင့်သာ လုပ်နိုင်သည်။ လုပ်နိုင်သည့် နေရာတွင်လည်း အများဆုံးဗျူဟာတခု အင်အား ၅၀၀ ထက် ပိုမသုံးနိုင်သကဲ့သို့ အချိန်လည်း အကန့်အသတ်နှင့်ဖြစ်ရာ ထိရောက်မှု သိပ်မရှိပေ။
မြန်မာစစ်တပ်၏ အားသာချက်မှာ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူသာ ဖြစ်သည်။ သို့သော် လက်တွေ့တွင် ထိရောက်မှု နည်းပါးသည်။ တော်လှန်ရေးတပ်ဖွဲ့များကို ထိခိုက်သည်ထက် အရပ်သားပစ်မှတ်များကိုသာ တိုက်ခိုက်နေသည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာ စစ်တပ်လေကြောင်း ပစ်ကူလာလျင် ဒီကောင်တွေ အထိနာနေပြီဟု မြန်မာလူထုတိုင်း မှတ်ချက်ပြုကြသည်မှာ တကယ့်အခြေအနေပင် ဖြစ်သည်။
သို့ဖြစ်ရာ ပြည်မအင်အားစုများနှင့် တိုင်းရင်းသား အင်အားစုများကြား လက်နက်ခဲယမ်း အားနည်းခြင်း၊ တစုတစည်းတည်း ခေါင်းဆောင်မှု မရှိသေးသော်လည်း ထိုအခြေအနေကို ဖြေရှင်းရန် အားလုံး ဝိုင်းဝန်းကြိုးစားနေသည်ကို တွေ့မြင်နိုင်သည်။
မည်သို့ဖြစ်စေ လက်နက်ခဲယမ်း အားနည်းခြင်း၊ တစုတစည်းတည်း ခေါင်းဆောင်မှုမရှိခြင်းတို့ကြောင့် ပြည်မတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများ အနေနှင့် မြန်မာစစ်တပ်အား အနိုင်မရနိုင်သေးဟု မှတ်ချက်ချနိုင်သကဲ့သို့ တဖက်တွင်လည်း ဤသို့သောအခြေအနေမျိုးအောက်တွင်ပင် မြန်မာစစ်တပ်သည် ပြည်မတော်လှန်ရေး အင်အားစုနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများကို အနိုင်တိုက်နိုင်ရန်၊ တိုင်းပြည်ကို တည်ငြိမ်အောင်ထိန်းချုပ်ရန် မဖြစ်နိုင်တော့သည်ကို ရှင်းလင်းစွာ တွေ့မြင်ရသည်။
ထို့ပြင် လူပေါင်းသောင်းချီ ဖမ်းဆီးပြီး စစ်ကြောရေးတွင် လူ ၃၀၀ ခန့် တရားလက်လွတ်သတ်ဖြတ်ခဲ့သော မြန်မာစစ်တပ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် အရပ်သားအိုးအိမ် ၃၀၀၀၀ ကျော်အား လုယက် ဖျက်ဆီး မီးရှို့ ခဲ့သော မြန်မာစစ်တပ်၊ မဲမဲမြင်ရာ ပစ်ခတ်ခဲ့ပြီး အပြစ်မဲ့ လူ ၄၀၀ဝ ကျော်အား သတ်ဖြတ်ခဲ့သည့် မြန်မာစစ်တပ်၊ သူအလို မကျလျင် အာဏာသိမ်းခွင့်အား မွေးရာပါ အခွင့်အရေးအဖြစ် ရယူထားသည့် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် တရားဝင်မှု မရှိသည့် အခြေအနေအားလည်း ထည့်သွင်းစဉ်းစားရန်လည်း လိုသည်။
အာဆီယံ အစည်းအဝေးကျင်းပနေစဉ် ကာလတွင်ပင် စစ်ကိုင်းတိုင်းအတွင်း အိမ်ခြေ ထောင်နှင့်ချီရှိသည့် ရွာပေါင်း ဆယ်နှင့်ချီ၍ မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ အာဆီယံအပါ နိုင်ငံတကာ ခေါင်းဆောင်များ အနေနှင့် မြန်မာစစ်တပ်နှင့်ပတ်သက်၍ ထည့်သွင်း စဉ်းစား တွက်ချက်ရာတွင် မြန်မာပြည်တွင် စစ်အင်အား အကြီးဆုံး တပ်ဖွဲ့ဖြစ်သည်ဟူသည့် အချက်တချက်တည်းသာ မလုံလောက်ပေ။
သို့ဖြစ်ရာ မြန်မာစစ်တပ်သည် မြန်မာပြည်တွင် စစ်အင်အား အကြီးဆုံး စစ်တပ်ဖြစ်သည်ဆိုသည့် အချက်ကို ဗဟိုပြု စဉ်းစားနေသည့် အာဆီယံအနေနှင့် မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်၊ ကျူးလွန်ဆဲလည်းဖြစ်သည်၊ ဆက်လက်လည်း ကျူးလွန်ရန်ရှိသည် ဆိုသည့်အချက်အပြင် အရေးအကြီးဆုံးအနေနှင့် မြန်မာစစ်တပ်သည် မြန်မာပြည်အား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိတော့သည့်အတွက် ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်စေတော့မည် ဆိုသည့် အချက်ကို အလေးအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
မြန်မာစစ်တပ်သည် လက်ရှိအချိန်၌ မြန်မာပြည်တွင် စစ်အင်အားအကြီးဆုံးတပ်ဖွဲ့ဖြစ်သော်လည်း တိုင်းပြည် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း မရှိတော့ဟူသည့် အချက်ကိုပါ ထည့်သွင်းစဉ်းစားမှ မှန်ကန်ပေလိမ့်မည်။
ထိုသို့ ထည့်သွင်း စဉ်းစားဆုံးဖြတ်မှသာ မြန်မာ့စစ်တပ် အခြေအနေမှန်ကို သုံးသပ်နိုင်ပြီး မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ မှန်ကန်သည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာပေလိမ့်မည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။