Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြေပြင်စစ်ရှုံးနေသော စစ်ကောင်စီက လေကြောင်းအားကိုးနေ

November 3, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကောင်စီတပ်များသည် နောက်ထပ် စစ်ရာဇဝတ်မှုတခုကို ကျူးလွန်လိုက်ပြီး နိုင်ငံမြောက်ပိုင်းသို့ ဂျက်တိုက်လေယာဉ် ၃ စီးကို စေလွှတ်တိုက်ခိုက်သောကြောင့် ထိခိုက်သေဆုံးမှုများပြားပြီး နိုင်ငံတဝှမ်း ဝမ်းနည်းပူဆွေးကြရသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ထူထောင်သည့် ၆၂ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဂီတပွဲကျင်းပနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ အနန့်ပါရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်သောကြောင့် လူ ၈၀ နီးပါး သေဆုံးပြီး အခြားသူအများအပြား အပြင်းအထန် ဒဏ်ရာရစေသည်။

သေဆုံးသွားသူများတွင် ကချင်ဂီတအနုပညာရှင်များနှင့် KIO ၏လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ အရာရှိများ ပါဝင်သည်။ ကချင်ဂီတပွဲကို လေကြောင်းတိုက်ခိုက်မှုသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကျူးလွန်သည့် တိုက်ခိုက်မှုများတွင် လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုဖြစ်သည်။ စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်းမှ လက်ယက်ကုန်းကျေးရွာကို လေကြောင်း တိုက်ခိုက်မှုကျူးလွန်သောကြောင့် ကလေးငယ် ၇ ဦးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးပြီးနောက် ၅ ပတ်အကြာတွင် ယခုလေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှ ကျေးရွာတရွာကို စစ်ကောင်စီက လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာတွင် ဖားကန့်မြို့နယ်မှ ဂီတပွဲကို တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရင်ပေါင်တိုင်ကျေးရွာသို့ ဂျက်တိုက်လေယာဉ် ၂ စီးနှင့် ရဟတ်ယာဉ် ၄ စီး ရုတ်တရက်ရောက်လာသည်။ ထိုဂျက်တိုက်လေယာဉ်များက ရွာကို ပစ်ခတ်နေချိန်တွင် ရဟတ်ယာဉ်များက စစ်သားများကို ရွာစည်းရိုးတွင် ချပေးသည်။ ထိုစီးနင်းတိုက်ခိုက်မှုအတွင်း စစ်သားများက ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနှင့် ထိုအမျိုးသမီး၏ ယောက္ခမကို ပစ်သတ်ခဲ့သည်။ နောက် ၂ ရက်ကြာသောအခါ ရင်ပေါင်တိုင်ကျေးရွာတွင် ချထားသော ထိုစစ်သားများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တဒါဇင်ခန့်နှင့် အရပ်သားတဦးကို သတ်ဖြတ်ခဲ့သည်။

အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ သိမ်းကြုံးပစ်မှတ်ထားသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ကုလသမဂ္ဂ၊ စင်ပြိုင်အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လူ့အခွင့်အရေးအဖွဲ့များက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအဖြစ် ပြစ်တင်ရှုတ်ချကြသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများ

လွန်ခဲ့သောနှစ် မတ်လနှောင်းပိုင်းမှစတင်ပြီး စစ်ကောင်စီသည် ၎င်းတို့က အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသည့် ဒေသခံတော်လှန်ရေးသမားများကို ချေမှုန်းရန် တနိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကို ခုခံတိုက်ခိုက်ရေးသမားများ၏ အမာခံဒေသများဖြစ်သော စစ်ကိုင်း၊ မကွေးတိုင်းနှင့် ကယား၊ ကရင်နှင့် ချင်းပြည်နယ်များတွင် ပြုလုပ်သည်။

စစ်ကောင်စီသည် ထိုဒေသများမှ အရပ်သားများကို သိမ်းကြုံးတိုက်ခိုက်ရန် ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များနှင့် ထောက်လှမ်းရေး မောင်းသူမဲ့လေယာဉ်များကို အသုံးပြုကာ ဂျနီဗာ ကွန်ဗင်းရှင်းနှင့် နိုင်ငံတကာဥပဒေကို ဗြောင်ကျကျ ချိုးဖောက်နေသည်။ အရပ်သားများကို ခြိမ်းခြောက် အကြမ်းဖက်ရန်၊ လက်နက်ကိုင် တိုက်ခိုက်သူ မဟုတ်သူများကို သတ်ဖြတ်ရန် သို့မဟုတ် ၎င်းတို့ပိုင်ပစ္စည်းများကို ဖျက်ဆီးရန် လေကြောင်းတိုက်ခိုက်မှု အသုံးပြုခြင်းအား ဂျနီဗာ ကွန်ဗင်းရှင်းနှင့် နိုင်ငံတကာ ဥပဒေက ပိတ်ပင်တားမြစ်ထားသည်။

စင်ပြိုင်အရပ်သားအစိုးရ၏ အဆိုအရ စစ်ကောင်စီသည် တိုင်းရင်းသားဒေသများ အပါအဝင် တနိုင်ငံလုံးမှ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၄၀ နီးပါး ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုများကြောင့် အရပ်သား ၂၀၀ ကျော် သေဆုံးပြီး လူနေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများ ပျက်စီးသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်၊ မီးရှို့မှုများကြောင့် တနိုင်ငံလုံးမှ ပြည်သူတသန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

လေကြောင်းတိုက်ခိုက်မှု မြင့်မားလာ

မိုးရာသီကုန်ဆုံးခါနီးတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် သိသိသာသာ တိုးလာသည်။ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်အတွင်း စစ်ကောင်စီသည် ဒေသ ၅ ခုအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ်ပြုလုပ်ပြီး အရပ်သား ၁၁၁ ဦး သေဆုံးစေကာ ၁၂၆ ဦး ဒဏ်ရာရစေကြောင်း ဧရာဝတီ သတင်းဌာနမှ စုဆောင်းထားသည့် အချက်အလက်များအရ သိရသည်။

ယခုအခါ နေ့စဉ်ပြုလုပ်နေသည့် လေကြောင်းတိုက်ခိုက်မှု အရေအတွက်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကထက် ၂ ဆ နီးပါး တိုးလာသည်။ ထိုစဉ်က စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့သည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို စစ်ကိုင်းနှင့် မကွေးတိုင်း၊ ကရင်၊ ရခိုင်နှင့် ချင်းပြည်နယ်များတွင် ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ စုစုပေါင်း လေကြောင်း တိုက်ခိုက်မှု ၂၈ ခုအနက် စစ်ကိုင်းတိုင်းသည် ၁၈ ကြိမ် တိုက်ခိုက်ခံရပြီး လေကြောင်းတိုက်ခိုက်မှု အပြင်းထန်ဆုံး ခံစားရသည်။

စစ်ကောင်စီလေယာဉ်များသည် အောက်တိုဘာလအတွင်း ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်သည်။ စစ်ကောင်စီသည် လွန်ခဲ့သော အပတ်အတွင်း ဗန်းမောက် မြို့နယ်မှ ဆေးရုံ နှစ်ရုံကို ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ကလေးငယ် ထက်ဝက်ပါသည့် အခြားသူ တဒါဇင်ခန့်ကို ထိခိုက်ဒဏ်ရာရစေသည်။ ဗန်းမောက်သည် ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ခံရသည်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ပူးပေါင်းပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အနီးရှိ အင်းတော်မြို့နယ်သည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ဒုတိယအများဆုံး ခံရသည်။

“စစ်ကောင်စီက တိုက်ပွဲမှာ သူတို့တပ်တွေ အထိနာတိုင်း ဆေးရုံနဲ့ ရွာတွေကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်” ဟု ဗန်းမောက် PDF ပြောခွင့်ရသူတဦး ပြောသည်။

ကချင်ပြည်နယ်တွင် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ဖြစ်ပွားသောကြောင့် စစ်ကိုင်းတိုင်းပြီးလျှင် လေကြောင်း တိုက်ခိုက်မှုအဆိုးရွားဆုံး ရင်ဆိုင်ရသောဒေသ ဖြစ်သည်။ PDF နှင့် KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေသည့် မိုးမောက်မြို့နယ်သည် အပြင်းအထန် လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ခံရသည်။

လေကြောင်းတိုက်ခိုက်မှု တိုးလာသည့် အကြောင်းရင်းများ

စစ်ကောင်စီသည် သေနင်္ဂဗျူဟာ ပြောင်းလာပြီး ခြေလျင်တပ်များကို အားကိုးမှု လျှော့ချလာကြောင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီး မကြာမီ ဘက်ပြောင်းလာသည့် လေတပ်ဗိုလ်ကြီး ဇေသူအောင် ပြောသည်။

သူတို့က ရန်သူသတင်းစုဆောင်းဖို့ မောင်းသူမဲ့ ဒရုန်းတွေသုံးပြီး ပစ်မှတ်ထားတဲ့ ဒေသတွေကို စီးနင်းဖို့ ရဟတ်ယာဉ်နဲ့ စစ်သားတွေကို ချထားတယ် ဟုလည်း သူကပြောသည်။

“သူတို့ရဲ့ ထိုးစစ်စီမံကိန်းတွေ မအောင်မမြင်ဖြစ်လာရင်း လေတပ်တွေဖြန့်ချတာက သူတို့ရဲ့ ပင်မသေနင်္ဂဗျူဟာ ဖြစ်လာတယ်” ဟု ဗိုလ်ကြီး ဇေသူအောင်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

နိုင်ငံတဝှမ်းမှ တိုင်းရင်းလက်နက်ကိုင်တပ်များနှင့် ဒေသခံ ခုခံတိုက်ခိုက်ရေးသမား ပူးပေါင်းတပ်များနှင့် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် စစ်ကောင်စီသည် အင်အားချည့်နဲ့လာကြောင်း Black Peacock Guerrilla Force (BPGF) ပြောက်ကျားတပ်ဖွဲ့၏ အဆိုအရသိရသည်။ စစ်ကောင်စီတပ်များသည် ခုခံတော်လှန်ရေး အင်အားစုများ၏ မိုင်းခွဲတိုက်ခိုက်မှုကြောင့်လည်း ထိခိုက်နေသည်။ ထို့ကြောင့်ပင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမို အားကိုးလာကြောင်း စစ်ကိုင်းတိုင်း အခြေစိုက် BPGF က ပြောသည်။

စစ်ကောင်စီတပ်များသည် မကြာသေးမီလများအတွင်း တရက်လျှင် အနည်းဆုံး ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရသောကြောင့် ဒေသတွင်းမှ လမ်းများကို အသုံးမပြုတော့ကြောင်း စစ်ကိုင်းတိုင်း၊ မြန်မာ့တော်ဝင်နဂါးတပ်ဖွဲ့မှ ကိုယ်စားလှယ်တဦးက ဧရာဝတီသို့ ပြောသည်။

“သူတို့က ရဟတ်ယာဉ်တွေနဲ့ လှုပ်ရှားစနစ်တခုကို သုံးနေတယ်” ဟု သူကပြောသည်။

လေကြောင်းတိုက်ခိုက်မှု များလာဦးမည်

ဒရုန်းဖြင့် ထောက်လှမ်းသည့် လုပ်ငန်းလုပ်ရန် ကောင်းကင် ကြည်လင်လာသောကြောင့် ယခုပွင့်လင်းရာသီတွင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာမည်ဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း ဇေသူအောင်က ပြောသည်။ စစ်ကောင်စီစစ်ဆင်ရေးများသည် ဒေသခံ ခုခံတိုက်ခိုက်ရေး အင်အားစုများ၏ အခြေစိုက်စခန်းများကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နိုင်ကြောင်း သူကပြောသည်။

စစ်ကောင်စီတပ်များသည် မြေပြင်တွင် ခုခံရေး အင်အားစုများကို အရေးနိမ့်နေသောကြောင့် အရပ်သားနှင့် စစ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု တိုးလာမည်ဟု အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ခန့်မှန်းသည်။

တချိန်တည်းတွင် စစ်ကောင်စီသည် လေကြောင်းပစ်အား တိုးမြှင့်ရန်လည်း လုပ်ဆောင်နေသည်။ မြန်မာလေတပ်သည် တရုတ်နိုင်ငံမှ တာလတ်ပျံသန်းသည့် FTC-2000G ဂျက်တိုက်လေယာဉ် အများအပြားကိုလည်း မှာယူထားသည်။ ဗုံး ၈ တန်အထိ သယ်ဆောင်နိုင်သည့် SU-30SME ဂျက်တိုက်လေယာဉ် ၂ စီးကိုလည်း ရုရှားထံမှ လွန်ခဲ့သော ၅ လက ရရှိထားသောကြောင့် လေတပ်လေယာဉ်များအနက် ပိုမိုဖျက်အားပြင်းသော လေယာဉ်များဖြစ်သည်။

ရုရှားနိုင်ငံသည် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး Ka-28 ရဟတ်ယာဉ် ၄ စီးကိုလည်း စစ်ကောင်စီ လေတပ်သို့ ပေးပို့ထားပြီးဖြစ်သည်။ ထိုရဟတ်ယာဉ်များ မြေပြင်အခြေစိုက်များအဖြစ် စစ်ကောင်စီက အသုံးပြုမည်ဟု ဗိုလ်ကြီးဟောင်း ဇေသူအောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် ဒေသခံ ခုခံရေး အင်အားစုများသည် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို ဂရုစိုက်ရမည်ဖြစ်ကြောင်းနှင့် တုံ့ပြန်ရေး စီမံချက်များ ရေးဆွဲထားရမည်ဖြစ်ကြောင်း သူကသတိပေးသည်။

“ရဟတ်ယာဉ်တွေက မကြာခဏဆိုသလို ပစ်မှတ်ကို လွှဲချော်တတ်တယ်။ ထိခိုက်ဆုံးရှုံးမှုက ခုခံရေးတပ်တွေရဲ့ နိုးကြားမှုအပေါ် မူတည်တယ်” ဟုလည်း ဗိုလ်ကြီးဟောင်း ဇေသူအောင်က ပြောသည်။

ပြည်သူ့ကာကွယ်ရေး တပ်များအနေဖြင့် နိုးကြားမှုမြင့်မားပြီး စစ်ကောင်စီကို အမြင့်မားဆုံး အသိဉာဏ်ဖြင့် တိုက်ခိုက်ရမည်ဖြစ်ကြောင်းလည်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သတိပေးသည်။ လေကြောင်းတိုက်ခိုက်မှုသည် အနှောက်အယှက် ပေးနိုင်သော်လည်း စစ်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ် မပေးနိုင်ကြောင်း သူက ပြောသည်။

လူဖြင့် သယ်ဆောင်နိုင်သော လေကြောင်းကာကွယ်ရေးစနစ် (Manpads) များသည် ကာကွယ်ရန် အသုံးပြုနိုင်သည့် နည်းလမ်းများအနက် တခုဖြစ်ကြောင်း သူက ပြောသည်။ သို့သော် ဝယ်ယူရန် ခက်ခဲပြီး အရေအတွက် လုံလုံလောက်လောက် ချထားရန် အချိန်ယူရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

“ဒါကြောင့် ရန်သူရဲ့ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်ဖို့ တီထွင်ဆန်းသစ်တဲ့ နည်းလမ်းကို ရှာဖွေဖို့ လိုတယ်” ဟု ၎င်းက ဆက်ပြောသည်။

လေကြောင်းတိုက်ခိုက်များကို မတိုက်ဖျက်နိုင်သောကြောင့် လာမည့်လများတွင် အရပ်သားသေဆုံးမှု ပိုမိုများပြားမည်ကိုလည်း စိုးရိမ်နေသူ အများအပြားရှိသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု တားဆီးနိုင်ရေးအတွက် စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချမှုပိတ်ပင်ရန် မြန်မာအမျိုးသမီးအဖွဲ့ချုပ် (WLB) နှင့် Burma Campaign UK တို့က နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုသည်။ မြန်မာစစ်တပ်သို့ လက်နက်နှင့် အခြားကိရိယာများ တိုက်ရိုက်နှင့် သွယ်ဝိုက် လွှဲပြောင်းရောင်းချ ပေးပို့ခြင်းကိုလည်း ဖြတ်တောက်ရန် ၎င်းတို့ တောင်းဆိုသည်။

Source – irrawaddy

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English