သမ္မတ ဒူဝါလရှီးလသည် ၂၀၂၁ ဧပြီ ၁၆ တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုသမ္မတအဖြစ် စတင်ခန့်အပ်ခံရပြီး လက်ရှိတွင် ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ရှေ့နေတစ်ဦးဖြစ်သော ၎င်းသည် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
Myanmar Now က ယနေ့ ဆက်သွယ် မေးမြန်းစဉ် ဒူဝါလရှီးလက ပြည်သူ့ခုခံတော်လှန်စစ် စတင်ရန် ကြေညာမှု တစ်နှစ်အတွင်း နယ်မြေစိုးမှု၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်စုဖွဲ့မှု၊ လက်နက်တပ်ဆင်မှု အခြေအနေများကို ပြောပြထားသည်။
မေး။ ။ ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်တဲ့ ကာလမှာ ထိုးစစ်ကြေညာဖို့ အဆင်သင့်ဖြစ်နေပြီလား။
ဖြေ။ ။ ကျွန်တော်တို့က ထိုးစစ်ဆင်တဲ့ဟာကို ကြေညာတာထက် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို လှုပ်ရှားလို့ မရအောင် လုပ်မယ်ဆိုတာတော့ ပြည်သူလူထုကို အသိပေးချင်ပါတယ်။ စစ်ရေးအရ အကုန်လုံးကို စစ်သားအကုန်လုံးကို သတ်ပစ်ဖို့၊ ရှင်းပစ်ဖို့ ရည်ရွယ်ချက်တော့ မရှိပါဘူး။ သူတို့က အမြင်ပြောင်းလဲလာပြီးတော့ ခုဆိုရင် သူတို့ထဲက ပြည်သူ့ရင်ခွင်ခိုလှုံလာတာတွေ အများကြီး ရှိပါတယ်၊ ဒီလိုမျိုး အားလုံး ခိုလှုံလိုက်ရင် အမြန်ဆုံး အဖြေရနိုင်ပါတယ်။
နောက်တစ်ချက်ကလည်း သူတို့ကြားမှာလည်း အမှန်ကိုသိတဲ့ စစ်ဗိုလ်တချို့က ပြောင်းလဲမှုကိုလုပ်ပြီး မင်းအောင်လှိုင် တာဝန်ရှိတဲ့သူတွေကို ပြောင်းလဲလိုက်မယ်ဆိုရင် ဒီနိုင်ငံရဲ့ ပြဿနာကတော့ ရှင်းသွားမယ်၊ လူထုလိုချင်တဲ့ အခြေအနေကို ရောက်သွားမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။
မေး။ ။ ထိုးစစ်မဟုတ်ရင်တောင် စစ်ပွဲတွေဟာ မြို့ကြီးတွေအထိ ကူးစက်လာနိုင်သလား။
ဖြေ။ ။ ကျွန်တော်တို့ NUG အစိုးရအနေနဲ့တော့ ပြည်သူလူထု ဒုက္ခရောက်မှာကို မလိုချင်ပါဘူး။ ဒါကြောင့်မို့လို့ စစ်ပွဲအကြီးကြီးတွေ ဆင်နွှဲပြီးတော့ အပြီးသတ်မယ်ဆိုတာ တစ်ခုတည်းနဲ့ ကျွန်တော်တို့ စဉ်းစားတာ မဟုတ်ပါဘူး။ တကယ်တော့ အမှန်တရားကို ကျွန်တော်တို့ တည်ဆောက်မှာ ဖြစ်ပါတယ်။ သူတို့ ဘယ်လောက် အမှန်တရားဘက်ကို ပြောင်းလဲလာမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ သူ့အနေနဲ့ကတော့ သူ့ရဲ့ စစ်တပ်အုပ်ချုပ်တာကို ဆုပ်ထားတဲ့လက်ကို လက်လွှတ်မှာ မဟုတ်ပါဘူး။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ရဲ့ အတွေ့အကြုံအရ အင်မတန်မှ ရှင်းပါတယ်။ ဒါကြောင့်မို့ သူတို့က အလျှော့ပေးပြီးတော့ ပြည်သူလူထုဘက်ကို ပြည်သူ့အာဏာကို ပြန်ပေးမယ်လို့ မျှော်လင့်ချက်မထားပါဘူး။
ပညာရှင်တွေပြောတဲ့အတိုင်းဆိုရင် သူတို့နားလည်တဲ့ ဘာသာစကားနဲ့ပဲ ပြောရပါမယ်၊ သူတို့နားလည်တဲ့ စကားဆိုတာက စစ်လက်နက်အင်အားနဲ့ လုပ်တဲ့သူကို လက်နက်နဲ့ ပြန်ပြီးတော့ ဆုံးမမှပဲ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုအနေနဲ့လည်း လာမယ့် အခြေအနေကို မျှော်မှန်းပြီးတော့ ဖြစ်လာနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နိုင်အောင် ခံနိုင်ရည်ရှိအောင်၊ ပြည်သူလူထုအားလုံးကလည်း စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ထားဖို့ လိုမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။
မေး။ ။ စစ်ရေးအရ မဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့ အခြေအနေရောရှိလား။
ဖြေ။ ။ ပြဿနာတွေအားလုံးက စစ်ကောင်စီရဲ့ လက်ချက်တွေဖြစ်ပါတယ်၊ အာဏာသိမ်းတာကြောင့်၊ အာဏာမက်မောတာကြောင့် ဖြစ်တာဖြစ်ပါတယ်။ ဒီအာဏာကို ပြည်သူလူထုကို ပြန်အပ်လိုက်တဲ့ နေ့မှာ လုံးဝ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်ဆိုတာ အင်မတန်ရှင်းပါတယ်။ နိုင်ငံရေးသမားတွေကို ချုပ်ထားတာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကို ချက်ချင်း ရပ်ဆိုင်းရမယ်ဆိုပြီးတော့ အာဆီယံက ချမှတ်ထားတာကိုလည်း လုံးဝ မလိုက်နာပါဘူး။
တွေ့ဆုံဆွေးနွေးမှုဆိုတဲ့ နေရာမှာ ကျွန်တော်တို့က Condition (ခြွင်းချက်) တွေ အများကြီးထားပါတယ်။ လူတွေကို ရမ်းကားသတ်ဖြတ်နေတဲ့ဟာကို Impunity (ပြစ်ဒဏ်ကင်းလွတ်ခွင့်) မပေးနိုင်ပါဘူး။ ထိုက်တန်တဲ့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ပြည်သူလူထုက ပေးတာကို ခံယူရမှာဖြစ်ပါတယ်။ နောက်တစ်ချက်က တပ်မတော်ဟာ လုံးဝပြောင်းလဲဖို့ စဉ်းစားထားရမှာဖြစ်ပါတယ်။ အဲဒီပြောင်းလဲတဲ့ နေရာမှာ တပ်မတော်ဟာ နိုင်ငံရေးလောကကနေပြီးတော့ လုံးဝ အပြီးတိုင်အောင်ထွက်ဖို့၊ ပြည်သူလူထုရဲ့ အုပ်ချုပ်မှုကို ခံယူဖို့ စသဖြင့် ဒါတွေဟာ အရေးတကြီး လိုအပ်ချက်တွေဖြစ်ပါတယ်။ ဒါတွေကို ပြောင်းလဲပြီးတော့ လူထုရဲ့ အာဏာကို လေးစားလိုက်နာမယ်ဆိုရင် အမြန်ဆုံး ငြိမ်းချမ်းရေး ရနိုင်ပါတယ်။
မေး။ ။ စစ်တပ်ဘက်ကတော့ စစ်တိုက်ဖို့ ဒေါ်လာတွေစုနေတယ်ဆိုပြီး သတင်းထွက်နေတယ်။ NUG ဘက်ကရော စစ်အတွက် ဘဏ္ဍာရေးအခြေအနေ ဖူလုံနေပြီလား။
ဖြေ။ ။ အဲဒီကိစ္စတွေကတော့ တစ်ကမ္ဘာလုံး စိတ်ဝင်စားပြီး ခဏခဏ မေးနေကြတဲ့ ကိစ္စဖြစ်ပါတယ်။ စကတည်းကနေ တော်လှန်ရေးကြေညာတဲ့ အချိန်ကနေစပြီး ခဏခဏ မေးနေကြပါတယ်။ ကျွန်တော်လည်း ခဏခဏ ဖြေပါတယ်။ ကျွန်တော်တို့မှာ အဓိကက လူဖြစ်ပါတယ်။ လူတွေရဲ့ နှလုံးသား၊ ဒီပြည်သူလူထုတွေက ကျွန်တော်တို့ကို ထောက်ခံတယ်၊ ဒီပြည်သူလူထုတွေက ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ကိစ္စ အရေးအကြီးဆုံးဖြစ်ပါတယ်။ ငွေနဲ့ လက်နက်တွေက အရေးမကြီးဘူးလားဆိုတော့ အရေးကြီးပါတယ်။ ဒါပေမဲ့ လူတွေရဲ့ စိတ်ဓာတ်တွေက ပိုပြီးတော့ အရေးကြီးပါတယ်။ ဒီလူတွေရဲ့ စိတ်ဓာတ်က စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ ဘယ်တော့မှ အညံ့မခံချင်တော့ဘူး။ နှစ်ပေါင်းများစွာ ဖိနှိပ်မှုကို ပြန်ပြီးတော့ တွန်းလှန်မယ်ဆိုတဲ့ စိတ်ထားရှိတဲ့အတွက်ကြောင့် အခုအချိန်ထိ ဘဏ္ဍာရေးကလည်း ရှောရှောရှူရှူနဲ့ ပြည်သူလူထုက ထောက်ပံ့တဲ့ ငွေနဲ့ ကျွန်တော်တို့အစိုးရနဲ့ PDF ကလေးတွေ တောက်လျှောက်လုပ်ဆောင်လာနိုင်တာဖြစ်ပါတယ်။ နိုင်ငံခြားက ခုချိန်ထိ ကျွန်တော်တို့ကို မကူညီနိုင်သေးပါဘူး။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ စေတနာပံ့ပိုးမှုနဲ့သာ လုပ်ဆောင်နိုင်တာဖြစ်ပါတယ်။
စစ်ကောင်စီကတော့ သူတို့မှာ နိုင်ငံရဲ့ ဘဏ္ဍာငွေ အကုန်လုံးကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားတာဖြစ်ပါတယ်။ အခွင့်အရေးရှိသမျှ သူတို့ ယူထားတာဖြစ်တယ်။ အဲဒီအပြင် ရုရှတို့ တရုတ်တို့ဆီကနေပြီးတော့ သူတို့ လက်နက်တွေလည်း ယူထားတယ်။ ကုမ္ပဏီကြီးတွေကလည်း ငွေယူထားတာဖြစ်ပေမဲ့ သူတို့မှာ တစ်နှစ်နဲ့ တစ်နှစ်၊ တစ်လနဲ့ တစ်လ လုံးဝ ချည့်နဲ့သွားပြီးတော့ PDF တွေရဲ့ စိုးမိုးမှုက ပိုပြီး တစ်နိုင်ငံလုံးမှာ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာတာကို သူတို့အနေနဲ့က ဘယ်လိုမှ တားဆီးလို့ မရတော့ပါဘူး။ ဒါကြောင့် အဖြေက ရှင်းပါတယ်။ ကျွန်တော်တို့မှာ စိတ်ဓာတ်ရေးရာအရ ပြည်သူလူထုက အားလုံးပါဝင်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ကို နိုင်နေပါပြီ။ ဘယ်လိုနည်းနဲ့မှ (စစ်ကောင်စီက) PDF တွေကို နိုင်လာစရာ နည်းလမ်းမရှိဘူးဆိုပြီးတော့ စစ်ရေးကျွမ်းကျင်သူတွေကလည်း သုံးသပ်တာ အမှန်ပါပဲ။
မေး။ ။ စစ်ကိုင်း၊ မကွေးနဲ့ မြန်မာပြည် အလယ်ပိုင်းမှာ PDF အားကောင်းတယ်။ အဲဒီဒေသမှာ PDF တွေ နယ်မြေစိုးမိုးထားနိုင်ပြီလား။
ဖြေ။ ။ စစ်ကိုင်းနဲ့ မကွေးဘက်မှာတော့ သူတို့က တော်တော်များများ လူထုကို နှိပ်စက်တယ်။ သတင်းတွေမှာလည်း နေ့တိုင်း စိတ်မချမ်းသာစရာ တွေ့နေရပါတယ်။ အစိုးရလုပ်မယ့် သူက ဒီလိုယုတ်မာတဲ့ စိတ်ထားမျိုး လုံးဝ ရှိလို့ မရပါဘူး။ ပြည်သူကို ကာကွယ်ရမယ့်သူက ပြည်သူကို သတ်ဖြတ်၊ နှိပ်စက်၊ မောင်းထုတ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုကလည်း အားစိုက်ပြီးတော့ ခုခံတော်လှန်နေတာဖြစ်ပါတယ်။ ဒါကြောင့်လဲ NUG အစိုးရအနေနဲ့ ဒီလို နှိပ်စက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို လုံးဝဖယ်ရှားဖို့ ကြိုးစားနေတဲ့ နေရာမှာ ပြည်သူလူထုနဲ့ ပါဝင်ပြီးတော့ လုပ်ဆောင်နေပါတယ်။
စစ်ကိုင်းနဲ့ မကွေးဘက်မှာ ဆိုရင် ကျွန်တော်တို့ ခရိုင်ကြီး ၈ ခရိုင်နဲ့ တပ်ရင်းပေါင်းမြောက်မြားစွာ ဖွဲ့စည်းပြီး လှုပ်ရှားနေပါပြီ။ ရှင်းရှင်းပြောရရင်တော့ သူတို့တွေ အဲဒီဘက်ခြမ်းကို လုံးဝ မစိုးမိုးနိုင်တော့ပါဘူး။ တချို့မြို့နယ်တွေဆိုရင် ရာခိုင်နှုန်း ၉၅ လောက်ထိ PDF တွေ စိုးမိုးထားနိုင်ပါတယ်။ စာသင်ပေးတာ၊ ကျန်းမာရေးနဲ့ ပတ်သက်တာ၊ လူထုရဲ့ လိုအပ်ချက်တွေ တော်တော်များများကို ကျွန်တော်တို့က တာဝန်ယူပြီးတော့ လုပ်ဆောင်နေပြီဖြစ်တယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ။ ဒါပေမဲ့ စစ်ရေးကတော့ ဘယ်အချိန်မှာ ဘယ်လောက်ဆိုတာကို အတိအကျ မပြောပေမဲ့ လာမယ့်အချိန်မှာ ပိုမိုပြီးတော့ အားကောင်းကောင်းနဲ့ နယ်မြေတွေ အားလုံးကို စိုးမိုးနိုင်အောင် အလယ်ပိုင်းရော၊ အောက်ပိုင်းရော၊ အရှေ့ပိုင်းရော ပြည်သူလူထုရဲ့ အုပ်ချုပ်မှုရရှိအောင် ဆက်ပြီးတော့ ကြိုးစားသွားမှာဖြစ်ပါတယ်။
မေး။ ။ နယ်မြေစိုးမိုးမှုက NUG အတွက် ဘယ်လောက် အရေးပါသလဲ။
ဖြေ။ ။ အချုပ်အခြာအာဏာမှာ ဒီနယ်မြေစိုးမိုးရေးက အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူလူထုက မြန်မာ့မြေပေါ်က အကြမ်းဖက်တွေ အုပ်ချုပ်လို့ မရအောင် တစ်ပြည်ထောင်စုတစ်ခုလုံးကို ပြည်သူလူထုက အုပ်ချုပ်နိုင်အောင် စိုးမိုးနိုင်အောင် ဆိုတဲ့ ရည်မှန်းချက်နဲ့ သွားတာ ဖြစ်တဲ့အတွက်ကြောင့် အခုအချိန်ထိ အရမ်းကို အောင်မြင်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ပြည်နယ်တွေမှာရော၊ အလယ်ပိုင်းဒေသတွေမှာရော၊ အရင်က တစ်ခါမှ မရှိဖူးတဲ့ နေရာတွေမှာ PDF တွေက စိုးမိုးထားပြီး ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ သေချာ ကိန်းဂဏန်းနဲ့ မပြောနိုင်ပေမဲ့ ရာခိုင်နှုန်းအားဖြင့်တော့ ၅၀ ကျော် ၆၀ ကျော်လောက်တော့ ကျွန်တော်တို့ PDF တွေက စိုးမိုးထားပြီးဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးတွေ ရေးဆွဲပြီးတော့ လူထုကိုယ်တိုင် ဦးဆောင်နေတာတွေလည်း အများကြီးရှိနေပြီဆိုတာကို အားလုံးကို ပြောကြားလိုပါတယ်။
မေး။ ။ တပ်ပိုင်းဆိုင်ရာ စုဖွဲ့မှု၊ လေ့ကျင့်မှု၊ လက်နက်တပ်ဆင်မှုတွေ ဘယ်လောက် ခရီးရောက်ပြီလဲ။
ဖြေ။ ။ PDF ဆိုရင် တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါပြီ။ မြန်မာနိုင်ငံအနှံ့မှာ ပ.က.ဖ လို့ ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း မြို့နယ်အနှံ့မှာ ၂၅၀ ကျော်မှာ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီလို ဖွဲ့စည်းတဲ့အခါမှာ အင်အားအနေနဲ့က လုံလောက်တဲ့ အနေအထားမှာ ရှိနေပါပြီ။ လက်နက်ပစ္စည်းတွေကတော့ မစုံလင်သေးဘူးပေါ့။ လက်နက်ပစ္စည်းနဲ့ ရန်သူကို ဖြိုခွဲဖို့ တန်ပြန်စစ်ဆင်ရေးလုပ်ဖို့ ဆက်ပြီးတော့ တည်ဆောက်ရမှာဖြစ်ပါတယ်။ အခက်ခဲဆုံးက သင်တန်းပေးရတာဖြစ်ပါတယ်။ သင်တန်းပေးရတဲ့အခါမှာ လုံခြုံတဲ့နေရာမှာ ပေးရတာဖြစ်ပါတယ်။ Code of Conduct (စည်းကမ်းတွေကို သင်ပေးရပါတယ်။ စည်းကမ်းလိုက်နာဖို့ သင်ပေးရသလို တစ်ဖက်က Chain Of Command တစ်ခုတည်းမှာ PDF လိုက်နာတတ်ဖို့၊ လုပ်ဆောင်တတ်ဖို့ တော်တော်ကို လေ့ကျင့်ပေးရပါတယ်။ တစ်နှစ်အတွင်းမှာ လေ့ကျင့်ပေးခဲ့လို့ Chain of Command (အဆင့်ဆင့်အမိန့်နာခံမှုစနစ်လည်း တော်တော်ကောင်းလာပါပြီ။ တစ်ခုသေချာတာကတော့ NUG လက်အောက်က တပ်ရင်းတပ်ဖွဲ့တွေက စည်းကမ်းသေဝပ်မှုရှိပါတယ်။ ပြည်သူကို ကာကွယ်မယ့် ပြည်သူကို ချစ်စိတ်တွေ တော်တော်များများ ခိုင်မာနေပြီဆိုတာကို တွေ့ရပါတယ်။
မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ မဟာမိတ်စုဖွဲ့မှုအခြေအနေ တိုးတက်နေပြီလား။
ဖြေ။ ။ ကျွန်တော်တို့ကို ကူညီနေတာ KIA တစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးက ကျွန်တော်တို့ကို ကူညီပါတယ်။ အားလုံးဆီကလည်း သင်တန်းတွေ ယူခဲ့တာ ရှိပါတယ်။ KNU နဲ့လည်း ကျွန်တော်တို့ ချိတ်ဆက်ပါတယ်။ ချိတ်ဆက်လို့ သူတို့နယ်မြေမှာလည်း PDF တွေ အများကြီးရှိပါတယ်။ အလားတူပဲ ရှမ်းနိုင်ငံရေးအဖွဲ့အစည်းတွေရော လက်နက်ကိုင်အဖွဲ့အစည်းတွေရော ကျွန်တော်တို့နဲ့ ထိတွေ့ ဆက်ဆံပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ မူဝါဒကိုက အားလုံးပါဝင်ရေး။ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ဖို့က စကတည်းက Strategy (ဗျူဟာ) မှာ ပါပြီးသားမို့ ချိတ်ဆက်ပြီး လုပ်ဆောင်နေပါတယ်။
ကျွန်တော်တို့မှာက ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရော နောက်တစ်ခါ ကိုယ့်ရဲ့ဒေသမှာ အုပ်စီးဖို့ Power ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ရော လက်တွဲလုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် အားလုံးနဲ့ လုပ်ဆောင်နိုင်ပါတယ်၊ ချိတ်ဆက်နေပါတယ်ဆိုတဲ့ အကြောင်းကို ရှင်းလင်းပြောလိုပါတယ်။ ကျွန်တော်တို့မှာ မဟာမိတ်ဆက်ဆံရေးကော်မတီ ဖွဲ့ထားပါတယ်။ အဲဒီမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်ဇင်မာအောင်၊ ဖက်ဒရယ်ရေးရာ ဝန်ကြီးဌာနက ဝန်ကြီး လျန်မှုန်ဆာခေါင်းတို့၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ ဒီပါဝင်တဲ့ အဖွဲ့တွေနဲ့ သူတို့နဲ့ တောက်လျှောက်ထိတွေ့ ဆက်ဆံနေတာ တစ်ဖွဲ့ရှိပါတယ်။ နောက်တစ်ခါ သမ္မတနဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်ပါဝင်တဲ့ လုံခြုံရေးကောင်စီအနေနဲ့လည်း သူတို့နဲ့ တွေ့ဆုံနေတာ ရှိပါတယ်။ ဝန်ကြီးဌာနအလိုက် ချိတ်ဆက်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ တစ်ခါတစ်ခါမှာ အင်ဖော်မယ် တွေ့ဆုံတာလည်း ရှိပါတယ်။ ကျွန်တော်တို့ နည်းလမ်းပေါင်းစုံနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာရှိပါတယ်။
မေး။ ။ အာဏာသိမ်း စစ်တပ်ကို နိုင်ငံရေးအရ ပိတ်ဆို့ဖို့ရော စီစဉ်ထားသလား။
ဖြေ။ ။ ကျွန်တော်တို့ NUG အနေနဲ့ကတော့ အစကတည်းက စဉ်းစားထားတာက နံပါတ် ၁ နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းမွန်လာအောင် လုပ်မယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု အပြည့်အဝရအောင် ကြိုးစားမယ်ဆိုတာ ခုချိန်ထိ ကြိုးစားနေဆဲဖြစ်ပါတယ်။ ကျွန်တော်တို့မှာ နိုင်ငံခြားရေးရာကော်မတီဆိုတာ ရှိပါတယ်။ အဲဒီထဲမှာ ဝန်ကြီးတွေ တော်တော်များများပါပြီးတော့ နိုင်ငံခြားရေးရာ ဆိုင်ရာကော်မတီကို ဖွဲ့စည်းပြီးတော့ တောက်လျှောက် အစည်းအဝေးတွေ လုပ်ပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးလည်း ကျွန်တော်တို့ဘက်က အရမ်းကို ကောင်းလာပြီးတော့ အသိအမှတ်ပြုမှုတွေလည်း အများကြီး ရှိလာပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံမှာ NUG ရဲ့ ဆက်ဆံရေးရုံးတွေ ဖွင့်လာနိုင်ပြီဖြစ်ပါတယ်။ ဆက်ပြီးတော့ အခြားနိုင်ငံတွေကိုလည်း ကြိုးစားဖို့ ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ အားကောင်းလာလို့ သူတို့ဘက်က အသိအမှတ်ပြုလာပြီး သူတို့ဘက်က ထောက်ပံ့လာရင်တော့ အမြန်ဆုံးပြီးသွားမှာပေါ့။
နောက်တစ်ချက်ကတော့ စစ်ကောင်စီရဲ့Finance (ဘဏ္ဍာရေးလုပ်ငန်း) တွေကို လုံးဝရပ်တန့်သွားအောင် ငွေရေးကြေးရေးကျပ်တည်းသွားအောင် ကျွန်တော်တို့ Sanction (ပိတ်ဆို့ကန့်သတ်မှု) တွေကို ကြိုးစားတာရှိပါတယ်။ အဲဒါလည်း ခု နိုင်ငံတကာကနေ တော်တော်များများ သဘောပေါက်ပြီးတော့ အမေရိကန်နဲ့ EU ကလည်း Sanction တွေ လုပ်လို့ သူတို့ဘက်က တော်တော် အခက်အခဲဖြစ်လာပြီး ခုတောင်မှ တော်တော်တောင်မှ ကမောက်ကမဖြစ်လာကြပြီဆိုတာ အင်မတန်ရှင်းပါတယ်။ အရမ်းကျပ်တည်းသွားရင်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဖြေရှင်းမှု ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။