ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ တာဝကွက်သစ် (စံပြကျေးရွာ)က Smart Card ရထားတဲ့ ဒေသခံနေအိမ် ၃ဝဝဝ ကျော်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့ နဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီက ဘတ်ဟိုးယာဉ်တွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖျက်ဆီးခံရတဲ့ တာဝကွက်သစ် (စံပြကျေးရွာ)ဟာ ဧက ၁၀၀ နီးပါး ကျယ်ပြီး၊ အခြေခံလက်လုပ်လက်စား သမားတစ်သောင်းနီးပါး နေထိုင်တယ်လို့ ပြောပါတယ်။
နေအိမ်တွေကို ဖျက်ပေးဖို့ စာနဲ့ရော၊ ရပ်ကွက်ရုံးကရော အကြောင်းကြားတာမျိုး မရှိဘူးလို့ နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“ကျမတို့အကုန် NLD လက်ထက်က Smart Card ရထားတဲ့ သူတွေပါ၊ ရပ်ကွက်ရုံးကို အားကိုးတကြီးနဲ့ ဒီကာလက မိုးတွင်းမလို့ ၂လလောက် အချိန်ပေးဖို့ သွားပြောတာ၊ သူတို့ပြောသလိုပဲ လုပ်လိုက်ပါတဲ့၊ စက်တင်ဘာ ၉ရက်က လာဖျက်တော့ အချိန်ပေးပါပြောလို့ ၁၁ ရက်နေ့ အထိ အချိန်ပေးတယ်၊ ဒီမနက် ၁၀နာရီ အကုန်ဖျက်သွားတာ”
နေအိမ်တွေကို လာဖျက်စဉ်က စစ်သား ၁၀ ဦးနဲ့ အရပ်ဝတ် ၂၀ ကျော် ပါဝင်ပြီး၊ ဘတ်ဟိုးကားနှစ်စီးနဲ့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။
နေအိမ်တွေကို ဖျက်ဆီးနေတာကို ဓာတ်ပုံရိုက်ယူတဲ့ ဒေသခံအမျိုးသမီးတွေကိုလည်း လမ်းမပေါ်မှာ ဒူးထောက်ခိုင်းပြီး ရိုက်နှက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၁၉ လအတွင်းမှာ NLD အစိုးရလက်ထက်က တရားဝင် Smart Card နဲ့နေထိုင်တဲ့ ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက နေအိမ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ဖျက်ဆီးတာတွေ ရှိနေပါတယ်။
Source – RFA