စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ အာဏာကို ရယူလိုတာဖြစ်ပါတယ်။
အာဏာလုရတဲ့ အဓိက အကြောင်းရင်းက တိုင်းပြည်ကြီးပွားရေးလဲမဟုတ်၊ ပြည်ပရန်ကြောင့်လဲ မဟုတ်ဘဲ တိုင်းပြည်ထဲက ပြည်သူတွေနဲ့ သယံဇာတတွေကို အမြတ်ထုတ်ကာ ချမ်းသာကြွယ်ဝ စည်းစိမ်ခံလိုတဲ့ အတွက် ဖြစ်ပါတယ်။
ဒီလိုမျိူး အချီကြီးကြံတဲ့အတွက် သူတို့ဖက်ကပေးရတဲ့ အရင်းအနှီးကလဲ မသေးပါဘူး။ နေ့စဉ်မှာ သူတို့ မှိုင်းတိုက်ထားတဲ့ စစ်သားတွေရဲ့အသက်တွေကို အရင်းအနှီးအနေနဲ့သုံးရပါတယ်။ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့များစွာကိုရင်ဆိုင်ဖို့ ငွေကြေးအမြောက်အများသုံးစွဲရပါတယ်။ လောဘသားတွေပီပီ သူတို့ ခိုးယူထားတဲ့ ငွေတွေထဲကနေတော့သုံးမှာ မဟုတ်ပါဘူး။ တိုင်းပြည်ရဲ့ဘဏ္ဍာငွေထဲကနေပဲထုတ်ယူသုံးတာဖြစ်ပါတယ်။ဒီလို ယူသုံးရုံမက၊ သူတို့ရဲ့ စစ်သားတွေရဲ့ စားဝတ်နေရေးတွေ၊ မြို့ပြအုပ်ချုပ်ရေးတွေ အတွက်ပါ မတတ်နိုင်တဲ့အခါမှာ သူတို့ရဲ့ လက်ပါးစေတွေကို ပြည်သူတွေဆီက ဓားပြတိုက်တဲ့ အလုပ်လုပ်ခိုင်းပါတယ်။ဒီအရာဟာ သေချာ ကြည့်မယ်ဆိုရင် ကျရှုံးမှု အကြီးစားပါပဲ။
စစ်ကောင်စီ ဖြစ်ချင်ခဲ့တာက အစိုးရအနေနဲ့ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် အစိုးရဘဝ မရောက်ဘဲ သူခိုး ဓါးပြဘဝသာ ကျရောက်သွားခဲ့ပါတယ်။စစ်ကောင်စီနဲ့ တချိန်က နဝတ/နအဖ အဖွဲ့ချင်းယှဉ်ကြည့်မယ်ဆိုရင် လက်ရှိစစ်ကောင်စီဟာ အရည်အချင်းမှာ များစွာ ညံ့ဖျင်းနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အထင်ရှားဆုံး သက်သေတွေ အနေနဲ့ကတော့ စစ်ကောင်စီဟာ အာဏာလုချိန်ကစလို့ မကြာခဏ သူတို့ရဲ့ အဖွဲ့ထဲ လူအပြောင်းအလဲ လုပ်ရတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ “မနိုင်ဝန်ထမ်းပြီးခါးကျိူးတဲ့ဖြစ်စဉ်” မျိူးနဲ့ ဆင်တူနေတဲ့သဘောပါ။
ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာလဲ ဂျပန်ဟာ စက်မှုနိုင်ငံဖြစ်လာအပြီး သယံဇာတနဲ့ လုပ်သားလိုအပ်ချက်ကနေ တရကြမ်းနယ်ချဲ့ခဲ့ပါတယ်။ ၁၉၃၇ ခုနှစ်မှာ တရုတ်-ဂျပန် စစ်ပွဲဖြစ်ပြီး နောက်မှာ ကြေကွဲဖယ် နန်ကျင်းလူသတ်ပွဲကြီးကို ဂျပန်တွေက ကျူးလွန်ခဲ့တယ်။ ဒီမှာတင် တရုတ်(ကူမင်တန်) ကို အမေရိကန်တို့က ငွေကြေးထောက်ပံ့ပြီး၊ ဗြိတိန် နဲ့ အမေရိကန်တို့က လောင်စာဆီပိတ်လိုက်ပါတယ်။ ဒီကနေ ဂျပန်ဟာ တရုတ်ကို ထောက်ပံ့နေတဲ့လမ်းကြောင်းတွေကို ဖြုတ်ချဖို့ မြန်မာကို ဖြတ်ဝင်လာခဲ့ပါတယ်။ ဒီလိုအလောတကြီး ဝင်လာတဲ့ ဂျပန်ကို ဗိုလ်ချုပ်အောင်ဆန်းက သုံးသပ်ချက်ပေးခဲ့ပါတယ်
“ဂျပန်က အလောတကြီးမြိုတော့မြိုထားတာပဲ။ အစာခြေနိုင် မခြေနိုင်စောင့်ကြည့်ရမှာပဲ”
အခု လက်ရှိမှာ စစ်ကောင်စီဟာ အရှေ့အာရှဒေသ ဆူပွက်စပြုလာနေတဲ့ အချိန်မှာ ပြဿနာ ထရှာခဲ့တာပါ။ ဒါ့အပြင် လက်ရှိမှာလဲ မနိုင်ဝန်ထမ်းပြီး ဒီဒဏ်ကို ပြည်သူတွေအားလုံး နဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေပါ ခံနေကြရတာပါ။
အခု စစ်ကောင်စီဟာ ဒီတိုင်းပြည်ကို လောဘဇောတိုက်ပြီး အာဏာလုဖို့ လုပ်ခဲ့တာပါ။ သူတို့မှာ တော်လှန်ရေးအတွက် ပြင်ဆင်ထားခဲ့တာလဲမရှိသလို၊ ဘယ်လိုနည်းလမ်းနဲ့ အလုပ်လုပ်မယ်ဆိုတာလဲ ပြင်ဆင်ထားတဲ့ လက္ခဏာ လုံးဝမတွေ့ရပါဘူး။ အခု မြင်နေရတဲ့ အခြေအနေအရ အာဏာပိုင်အစိုးရအဖွဲ့ရဲ့ လက္ခဏာမရှိဘဲရှင်သန်ဖို့နည်းမျိူးစုံနဲ့ကျားကန်နေရတဲ့စစ်တပ်တခုသဘောဖြစ်နေတာပါ။စစ်ကောင်စီဟာသူရှင်သန်နိုင်ဖို့နည်းမျိုးစုံသုံးနေတယ်ဆိုတာကိုအခြားပညာရှင်တွေကလဲပုံစံတူသုံးသပ်ပါတယ်။
အောင်ပွဲဟာ နီးသလား ဝေးသလား ဆိုတာ အနာဂတ်ကို မကြည့်နိုင်တော့ ပြောလို့မရပါဘူး။ ဒါပေမယ့် ၁၉၆၂ ကနေ ယနေ့အချိန်အထိ တော်လှန်ရေးဖြစ်စဉ်တွေထဲ လက် ရှိတော်လှန်ရေးအဖွဲ့တွေရဲ့ စုဖွဲ့မှုဟာ အင်အားကြီးအနေနဲ့ ရှိနေပြီး စစ်ကောင်စီဟာ အသေအလဲရုန်းကန်နေရတာကို တွေ့ရမှာပါ။
ခရီးဝေးသလားကြည့်ချင်ရင် ၂၀၂၁ ဖေဖော်ဝါရီလကစခဲ့တဲ့ အချိန်ကို ပြန်ကြည့်ကြည့်ပါ။ ဒီ ၁၈ လမှာ ဒီလောက်ခရီးရောက်ခဲ့ပါတယ်။ အရှိန်ရလာရင် ပိုပြီး တိုးတက်တာ တွေ့ရပါလိမ့်မယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။