မူးမြစ်ကမ်းဘေးရှိ စစ်ကိုင်း၊ မြင်းမူ၊ ဝက်လက်မြို့နယ်များမှ ကျေးရွာများကို စစ်ကောင်စီတပ်က မြေပြင်တပ်များသာမက ဝေဟင်ကပါ တိုက်ခိုက်မှုပြုလုပ်နေပြီး ဒေသခံ ၆၀ကျော်ကို ဖမ်းထားကြောင်း သိရသည်။
ဒေသတွင်း သတင်းရင်းမြစ်များထံမှ ကနဦး ရရှိထားသည့် အချက်အလက်များအရ မြင်းမူမြို့ နယ် မူးမန္တလေးကျေးရွာမှ ဒေသခံပြည်သူ ၆၀ ခန့် ဖမ်းဆီးခံထားရပြီး အမျိုးသား ၄ ဦး သတ်ဖြတ်ခံထားရကြောင်း၊ ဝက်လက်မြို့နယ် စဉ့်ကိုင်ကျေးရွာ (မြောက်) မှ အမျိုးသား ၃ ဦးကိုလည်း လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) တဦးက “မူးမန္တလေးရွာကို ဝင်စီးတဲ့အချိန်မှာ ပိတ်မိပြီးကျန်ခဲ့တဲ့ ရွာသား ၆၀ ကျော် လောက်ထိ ဖမ်းခံထားရတယ်။ အဲဒီထဲက အမျိုးသား ၄ ဦးကို မနေ့ကတည်းက သတ်ပစ်လိုက်တယ်။ ဒီနေ့ မနက်မှာလည်း ထပ်ပြီး အသတ်ခံရသူတွေရှိတယ်လို့ သိရတယ်။ လက်ရှိ မြေပြင်အနေအထားအရ ရှုပ်ထွေးနေဆဲ ဆိုတော့ အသတ်ခံရတာ ဘယ်သူတွေ၊ ဘယ်လောက်ထိ အသတ်ခံထားရသလဲဆိုတာ အတည်မပြုနိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မူးမြစ်ကမ်းဘေးရှိ စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာ(တောင်)၊ တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ မူးသားကျေးရွာ၊ ဝက်လက်မြို့ နယ် စဉ့်ကိုင်ကျေးရွာ(မြောက်)၊ ကျီးကန်၊ လှတောကျေးရွာ၊ မြင်းမူမြို့နယ် မူးမန္တလေး၊ ကျောက်ဖျာ၊ အင်းမ၊ ကံတော်၊ ဆပ် ပြာကျင်း ကျေးရွာများကို စစ်ကောင်စီက ယမန်နေ့ (ဇူလိုင် ၂၇ ရက်) နံနက်ပိုင်းမှ စတင်ကာ ရဟတ်ယာဉ်များဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ရဟတ်ယာဉ်များက လေကြောင်းမှ တိုက်ခိုက်သလို စစ်ကောင်စီ တပ်သားများကိုလည်း ချထားခဲ့ကာ မြေပြင်စစ် ကြောင်းထိုး၍ မူးမန္တလေးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ မူးမန္တလေးကျေးရွာအရှေ့ခြမ်းရှိ နေအိမ်များ မီးလောင် ခဲ့ပြီး ယင်းစစ်ကြောင်းသည် ကျေးရွာဘုန်းကြီးကျောင်း၌ပင် တပ်စွဲထားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက မတ္တရာမြို့နယ် ရှင်လှ တောင် ရွာမှ လှေဖြင့်ကူးပြီးလာသည့် အင်အား ၅၀ ကျော်ပါ စစ်ကြောင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရေလယ်ကျွန်းရွာသို့ ရောက်ပြီး ဒေသခံအချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် စဉ့်ကိုင်(မြောက်) ရွာကို လှေများဖြင့်ကူးလာ ပြီး စိတ်ကြိုက်မွှေနှောက်ပြီးနောက် ဒေသခံ ၃ ဦးကို ဖမ်းသွားကြောင်း၊ ထိုမှတဆင့် စစ်ကိုင်းမြို့နယ်ဘက်သို့ ကူးသွားခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ် ထိစပ်နေသည့် စဉ့်ကိုင်ကျေးရွာတွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသ ကာကွယ်ရေးပူးပေါင်းအဖွဲ့များကြား ၃ နာရီခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးပြီး ၇ ဦး ခန့်မှာလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့က ပြောသည်။
အဆိုပါ စဉ့်ကိုင်ကျေးရွာတိုက်ပွဲတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ သပိတ်ကျင်းမြို့အခြေစိုက် ခလရ (၁၄၈) နှင့် မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာအခြေစိုက် အမှတ် (၂) စစ်သားစုဆောင်းရေးတပ် ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ် စစ်ကိုင်းတပ်ရင်း (၁)၊ တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့၊ မတ္တရာ ပ.က.ဖ၊ BO Tiger-ဗိုလ် ကျားကြီး၊ ဒေါင်းနီပြောက်ကျားတပ်ဖွဲ့နှင့် နယ်စီးမခြားတော်လှန်ရေးအင်အားစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဝက်လက်မြို့နယ် စဉ့်ကိုင်(မြောက်) ကျေးရွာ ဘုန်း ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာ ၁ ပါးနှင့် ဒေသခံလူငယ် ၁ ဦးတို့ ကျည်စထိမှန်ခဲ့ပြီး သံဃာ တော်မှာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
“အခုနောက်ပိုင်း စစ်ကြောင်းထိုးတဲ့ကောင်တွေက ယူနီဖောင်းမဝတ်ကြတဲ့ကောင်တွေ များလာတယ်။ အပေါ်အင်္ကျီ ဝတ် ထားပြန်ရင်လည်း လက်မောင်းတံဆိပ်တွေ ဖြုတ်ထားကြတာ များတယ်။ အခုကောင်တွေမှာတွေ့ရတဲ့ လက်မောင်းတံဆိပ် တွေကတော့ လပခတံဆိပ်တွေပဲ။ ဒါပေမဲ့ ကျနော်တို့ သတင်းရထားချက်အရတော့ မန္တလေး-မတ္တရာလမ်းပေါ် ထီးတော်မိုး မှာရှိတဲ့ စုဆောင်းရေးတပ်နဲ့ သပိတ်ကျင်းနယ်က အင်ကြင်းမြိုင်တပ်တွေလို့ သိရတယ်။ လာတာလည်း မတ္တရာဘက်ကနေ ကူးလာကြတာ” ဟု မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များ အခြေအနေနှင့် ပတ်သက်ပြီး ဝက်လက်မြို့ နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ရှင်းပြသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကိုင်းမြို့နယ်၊ တလိုင်းကျွန်းကျေးရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ် ဝင် ရောက်ခဲ့သလို ညောင်ပင်ရှည်ကျေးရွာမှ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မူးမြစ်ဘေးကျေးရွာများကို တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်းရော မြေပြင်တိုက်ခိုက်မှုပါ ပြုလုပ်နေခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
ထိုသို့သော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကိုင်းမြို့ခံတဦးက “အခုလို ဘာကြောင့်လုပ်သလဲဆိုတာ ခန့်မှန်းလို့ ရသလောက်ဆိုရင် မနေ့က ကား ၁ စီးနဲ့ မန္တလေးဘက်ကနေ ပြန်လာတဲ့ စစ်ကိုင်းနယ် ကြွယ်ပုံကျေးရွာက လူ ၂၀ ပါတဲ့အဖွဲ့ကို လက်နက်ကိုင်အဖွဲ့တွေက ပြန်ပေးဆွဲတာနဲ့ ဆက်စပ်နိုင်တယ်။ ဘယ်အဖွဲ့က လုပ်သွားတယ်ဆိုတာ မသိ ပေးမယ့် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို လုပ်တာလို့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။
စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာနေ ကိုအောင်ဇော်ဦး မောင်းနှင်သော လိုက်ထရပ်ကား ၁ စီးတွင် ပညာရေးဝန်ထမ်း ကျောင်းဆရာမ ၂ ဦး အပါအဝင် ကြွယ်ပုံကျေးရွာသား ၂၀ ကျော် လိုက်ပါကာ ဇူလိုင် ၂၆ ရက်က မန္တလေးမြို့သို့ သွား ရောက်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် မန္တလေးမှပြန်လာချိန် စစ်ကိုင်းမြို့နယ် အောင်စည်ကျေးရွာအနီး တောလမ်းတွင် ယင်းလိုက်ထ ရပ်ကားကို အမည်မသိ လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
Source – Irrawaddy