မီးဖိုချောင်သုံးဂတ်ဈေးတွေလဲတက်ကုန်ပြီ။အရင်တစ်ပိဿာလေးထောင်ကျပ်ခန့်သာရှိခဲ့ရာမှာအခုဆိုတစ်သောင်းနားကပ်သွားပြီ။ဆိပ်ကမ်းမှာဝင်နေတဲ့ဂတ်သင်္ဘောတွေအခွန်ကိစ္စ၊ငွေပေးငွေယူကိစ္စတွေအဆင်မပြေလို့ကြန့်ကြာနေတာဖြစ်တယ်။အရင်ကကုန်သွယ်ရေးချော့မွေ့နေတဲ့အတွက်ဒီလိုကိစ္စမျိုးတစ်ခါမှမဖြစ်ဖူးဘူး။အခုဆိုဈေးကွက်ထဲမှာအိမ်သုံးဂတ်တွေဝယ်လို့မရတော့တဲ့အထိဖြစ်သွားတယ်။မီးဖိုချောင်ဂတ်သုံးတဲ့လူတန်းစားကသိပ်မရှိပေမယ့်စားသောက်ဆိုင်တွေကတော့အခက်အခဲဖြစ်ကုန်တယ်။ စက်သုံးဆီဈေးအနည်းငယ်ပြန်ကျလာပေမယ့်စားသုံးဆီဈေးဟာလဲအတက်မှာပဲရှိနေတယ်။သူလဲအခုဆိုတစ်ပိဿာတစ်သောင်းကျပ်နားကပ်နေပြီ။စစ်ကောင်စီကရည်ညွှန်းဈေးတစ်ခုနဲ့ရောင်းပေးနေပေမယ့်ဘယ်မှာမှထိုဈေးနဲ့ဝယ်မရပါဘူး။ဗဟိုဘဏ်ကဒေါ်လာတွေအတင်းအကျပ်လိုက်သိမ်းပြီးနောက်ပိုင်းစီးပွားရေးဈေးကွက်တစ်ခုလုံးခပ်လှုပ်လှုပ်ဖြစ်နေပြီ။
နိုဝင်ဘာ ၂၅၊ ၂၀၂၃။ (စနေ)
တော်လှန်ရေးအဖွဲ့တွေဟာစစ်ကိုင်းတိုင်းထဲကတတိယမြောက်မြို့အဖြစ်ရွှေပြည်အေးမြို့ကိုထပ်မံသိမ်းယူလိုက်နိုင်တယ်။ရွှေပြည်အေးမြို့ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့ကြီးတစ်ခုဖြစ်တဲ့ဟုမ္မလင်းမြို့အောက်ဘက်မှာတည်ရှိပြီးတော်လှန်ရေးအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်တုန်းကတစ်ခါသိမ်းပိုက်နိုင်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကအခုလိုတနိုင်ငံလုံးမှာတိုက်ပွဲတွေမပြင်းထန်သေးတဲ့အတွက်စစ်တပ်ကအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လို့ပြန်ပေးလိုက်ရတယ်။အခုတော့အပြီးသိမ်းနိုင်လိုက်ပါပြီ။ ချင်းပြည်နယ်မှာလဲဒုတိယမြောက်မြို့တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်နိုင်တယ်။ချင်းပြည်နယ်တောင်ပိုင်ကလိုင်လင်းပီမြို့လေးပါ။လတ်တလောမှာချင်းပြည်နယ်ထဲကဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံးကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်နေပြီလို့သိရတယ်။ဟားခါး၊မင်းတပ်မတူပီစတဲ့မြို့ကြီးတွေကိုဝင်ရောက်သိမ်းပိုက်ဖို့ပဲကျန်တော့တယ်။ထိုမြို့တွေကထိန်းချုပ်နိုင်ရင်အရင်ကပြောခဲ့သလိုပဲချင်းပြည်နယ်ဟာပထဝီအနေအထားအရပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်။