Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

နှစ်ကြိမ် ဖမ်းဆီးခံရပြီး ထောင်တွင်း တိုက်ပွဲဝင်နေသူ အမျိုးသမီး

စစ်ကောင်စီက ချွင်းချက်နှင့် ပြန်လွှတ်ပေးလိုက်သည့် စုသည် မြန်မာပြည်တောင်ပိုင်းတွင် ပြန်အဖမ်းခံရသည်၊ ထောင်နေဘက်များက ကူညီတတ်သည့်သူ့ကို အမှတ်ရနေကြသည်။

July 21, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

သူ့နာမည်က “စု”ဖြစ်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဟုတ်သည့် အသက် ၃၀ ကျော်အရွယ် မိန်းကလေး စု ဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးလုံးတူညီသည့်အချက်က ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းပင်။

အရပ်မြင့်မြင့် အသားညိုမောင်းမောင်းနှင့် ရဲရင့်သော မိန်းမငယ်တစ်ဦးဖြစ်သူ မစုသည် ယခုတော်လှန်ရေးကာလတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်ဟု ၎င်း၏ မိတ်ဆွေရင်း အမျိုးသမီးတစ်ဦးက ပြောသည်။

“မစုက ရဲဘော်ရဲဘက်စိတ်ရှိတယ်၊ ဒီတော်လှန်ရေးပြီးတဲ့အထိ နိုင်တဲ့အထိ တိုက်ပွဲဝင်သွားချင်တဲ့ ဆန္ဒရှိတယ်၊ အခုချိန် သူ့လို့ ရဲရင့်တဲ့ ကြယ်က ထောင်ထဲရောက်နေတာတော့ နိုင်ငံအတွက် အရမ်းနစ်နာတယ်၊ အမြန်ဆုံးပြန်လွတ်မြောက်စေချင်တယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မြန်မာပြည်တောင်ပိုင်းတွင် ထွက်ပြေးတိမ်းရှောင်နေစဉ် စု သည် စစ်တပ်၏ ပိတ်ဆို့ ဖမ်းဆီးခြင်းခံလိုက်ရသည်။ ဤသို့ဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ၂ ကြိမ် ဖမ်းဆီးခြင်းခံရသူတစ်ဦး ဖြစ်လာသည်။

စု သည် လေးစားခင်မင်ဖွယ် စိတ်နေစိတ်ထားရှိသလို ဖေးမကူညီတတ်သည့် ကိုယ်ချင်းစာတရားလည်းရှိကြောင်း ပြန်လည်လွတ်မြောက်လာသော ထောင်နေဖက်များက ပြောသည်။

အချင်းချင်း စိတ်ဓာတ်မြှင့်တင်ပေးတတ်သလို အားနည်းသူများကို ဖေးမကူညီတတ်သူဖြစ်ပြီး အနာဂတ် လူငယ်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်း၊ အများက လေးစားကြကြောင်း ထောင်နေဖက်ဖြစ်ခဲ့ဖူးသည့် ရန်ကုန်မှ အမျိုးသမီးကြီးတစ်ဦးက ပြောပြသည်။

“သူ့ခံယူချက်ကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ တွက်ရရင် ပေးဆပ်ချင်တဲ့ စိတ်သက်သက်ပဲ သူ့ဆီမှာ ရှိတာပါ” ဟု ထိုအမျိုးသမီးက ဆက်ပြောပြသည်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်ကလေးတွေကို ဒီလက်ထက်မှာ မထားခဲ့ပေးနိုင်ဘူးပေါ့၊ အဲဒါက သူအဓိက ပြောတာပါ”

လက်ဗလာဖြင့် ဖမ်းခံရသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၅ နှစ် အမိန့်ချခံလိုက်ရသည်။

စုသည် အမိန့်ချခံရပြီး မကြာခင် ကဗျာတစ်ပုဒ်ရေးသားခဲ့သည်။

“Yiruma ရဲ့ Moonlight ကို မကြားရတာ တစ်နှစ်

ကေဇကို အောက်မေ့ရတာ တစ်နှစ်

ဘယ်သူဟာ ဘယ်သူပါလိမ့် ဘယ်မှာပါလိမ့်လို့

အကြာကြီးစဉ်းစားနေရတာ တစ်နှစ်

မဗေဒါလေး ဘဲတစ်အုပ်နဲ့ တွေ့ပြန်တာ တစ်နှစ်

သူဆန်နေဦးမှာပေါ့ ပျံနေဦးမှာပေါ့

စစ်ရယ်

စစ်ရယ် စစ်ရယ်

ဒီနှစ်နဲ့ဆို ခုနှစ်ဆယ့်ငါးနှစ်

ဆရာမရှိတဲ့ စာသင်ကျောင်းလေးထဲ

အခုတော့ အစာငတ်ရှာတဲ့ ဆိတ်တွေရောက်လာတယ်

ညီလေးရယ်

ညီမလေးရယ်

အကျဉ်းကျပ်ထဲမှာပဲလား

သေသော်ငရဲမလား

မမြင်ရဘူး ကြားရတယ်

ငါရှိနေသေးတယ်

မင်းတို့ (ရဲဘော်တွေ) နေကောင်းကြလား”

ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း အမိန့်ချမည့် တရားခွင်တွင် စု သည် စစ်ကောင်စီလက်အောက်ခံ တရားရေးကိုလည်း အယုံအကြည်မရှိခြင်းကြောင့် ပူးပေါင်းခြင်း မရှိခဲ့ပေ။ ကိုယ်တိုင် ခုခံချေပနေသောသူ့ကို တရားသူကြီးက တရားခံပြ သက်သေများ တင်သွင်းရန် ပြောဆိုခဲ့သည်။

“ကျုပ်ရဲ့သက်သေတွေက တစ်နိုင်ငံလုံးက ပြည်သူသန်းငါးဆယ်ပဲ” ဟု စု က တရားခွင်တွင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ပုဒ်မ ၅၂ (က) အရ အမြင့်ဆုံးထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သည်။

စု ကဲ့သို့ပင် စစ်အုပ်စုက လွှတ်ပေးပြီး ပြန်လည်ဖမ်းဆီးခံရသူများကို ကြီးလေးသော ပုဒ်မများတပ်ကာ အမိန့်များ ချမှတ်နေခြင်းပင်ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း တစ်နိုင်ငံလုံးက သန်းနှင့်ချီသော ပြည်သူများ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြချိန်တွင် စုလည်း ပါဝင်ခဲ့သည်။

အာဏာမသိမ်းခဲ့ပါက ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပြီး ခရီးများထွက်ကာ လုပ်ငန်းလည်ပတ် အဆင်ပြေနေမည်ဖြစ်ကြောင်း စုက ပြောဖူးသည်။ မိသားစုက အားကိုးရသော သမီးကောင်းတစ်ဦးလည်းဖြစ်သည်။

၂၀၂၁ မတ်လအတွင်း စစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းခဲ့ရာတွင် စု လည်း ပစ်ခတ်ဖမ်းဆီးခံလိုက်ရသည်။ သူ့ကျောတွင် ရာဘာကျည် ၅ ချက်ထက်မနည်း ထိခဲ့သည်။

သွေးစွန်းသည့် ထိုဒဏ်ရာများနှင့်ပင် အင်းစိန်ထောင်သို့ အပို့ခံလိုက်ရပြီးနောက် ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၅၀၅ – ကဖြင့် အမှုဖွင့်ခြင်းခံရပြန်သည်။

အမေစု (ဒေါ်အောင်ဆန်းစုကြည်) တောင် အဖမ်းခံထားရတာပဲ၊ ကျုပ်တို့က ဘာကောင်မှမဟုတ်ဘူး၊ ထောင်မှာနေရတာ အချိန်တွေကုန်တယ်၊ အပြင်မှာပဲ တော်လှန်ရေးလုပ်ချင်တယ် ဟု ပြောလေ့ရှိကြောင်း အင်းစိန်ထောင်တွင် အတူနေခဲ့ရသူတို့က ပြောပြသည်။

ထောင်တွင်းရက် ၂၀ ကျော်နေခဲ့ရပြီး စစ်ကောင်စီလွတ်ငြိမ်းသက်သာဖြင့် ပြန်လည်လွတ်မြောက်လာသည်။ ခြွင်းချက်မရှိလွှတ်ပေးခြင်းမဟုတ်ခြင်း၊ ခံဝန်ထိုးခဲ့ရခြင်းတို့ကြောင့် သူ့အိမ်တွင် ဆက်မနေရဲတော့ပေ။

ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်မရမခြင်း အိမ်မပြန်ရန် ဆုံးဖြတ်ထားပြီး ထောင်ချခံမှုများသည်လည်း နည်းလမ်းတစ်မျိုးဖြင့် အာဏာရှင်ကို တော်လှန်နေခြင်းဖြစ်ကြောင်း ခံယူထားသည်။

ဒီတော်လှန်ရေးအတွက် အသက်ပေးထားပြီးပြီ၊ ဘယ်အရာမှမမြဲဘူး လမ်းချင်းတူရင် လူချင်းဆုံကြမယ်ဟု စု က ဘဝတူ တော်လှန်ရေးမိတ်ဆွေများကို ပြောပြလေ့ရှိသည်။

သူက စစ်ကောင်စီလက်အောက် ဝန်ထမ်းဆက်လုပ်နေသော ဆွေမျိုးနီးစပ်များကို CDM လုပ်ရန် အမြဲတိုက်တွန်းခဲ့သူ ဖြစ်သည်။

သာမန်မိန်းကလေးတစ်ဦးဖြစ်သည့် စု သည် ကြင်နာတတ်သည်။ ကိုယ်ချင်းစာစိတ်ရှိသူဖြစ်သည်ဟု ၎င်းမိတ်ဆွေများက မှတ်ချက်ပြုသည်။

“ဘာပဲဖြစ်ဖြစ် သူပဲ အနစ်နာခံချင်တယ်၊ ရှေ့ကနေ ကာကွယ်ပေးချင်တယ်” ဟု ထောင်နေဖက်တစ်ဦးဖြစ်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြန်ပြောပြသည်။

အခြား စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်တစ်ဦးဖြစ်သူတစ်ဦးကလည်း “မစုက ပြောစရာမလိုအောင် အကုန်လုံးကောင်းတယ်၊ သူနဲ့အတူ အင်းစိန်မှာရော တောထဲကို ရောက်တော့လည်း သူကပဲ တာဝန်ယူပြီး အရင်ရောက်နှင့်ပြီးသားဆိုတော့ လေ၊ ကျွန်မတို့ကို အစစအရာရာ ကူညီပေးတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အလုပ်တွဲလုပ်ဖူးသူ အမျိုးသားတစ်ဦးကလည်း မစုသည် အခြားသူများထက် ပိုမို ကြိုးစားတတ်သူဖြစ်သည်ဟု ပြောသည်။

“မစုက တစ်ဖက်သားကို စာနာတတ်တယ်၊ အနစ်နာခံတတ်တယ်၊ မဟုတ်မခံစိတ်ရှိတယ်၊ လုပ်ချင်တာကို ဇွတ်လုပ်တယ်၊ မလုပ်နဲ့ဆို ခိုးလုပ်တဲ့သူမျိုး” ဟု ထိုအမျိုးသားက မှတ်ချက်ပြုသည်။

လက်နက်ကိုင်မှ တော်လှန်တာ မဟုတ်ဘူး၊ ဘယ်နေရာမှာနေနေ တော်လှန်လို့ရတယ် ဟုလည်း စုက ကြွေးကြော်လေ့ရှိသည်။

စု ကဲ့သို့ပင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသူ တစ်ရာကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လက်လှမ်းမီသလောက် ကောက်ယူထားသော စာရင်းများအရ သိရသည်။

စု သည် ရောက်သည့်နေရာတွင် အဆင်ပြေအောင် နေတတ်ပြီး လူချစ်လူခင်လည်း ပေါများသူဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် နေရာစုံမှပါဝင်နေသည့် တော်လှန်ရေးရဲဘော်ရဲဘက်များ၏ အသက်ဘေးကိုလည်း အမြဲစိတ်ပူတတ်သူဖြစ်သည်။

ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် သူရောက်ရှိနေသည့် ထောင်တွင်း “ခွန်အားဖြည့်မိငယ်” သီချင်းကို သီဆိုခဲ့ကြသဖြင့် စု အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် ဇူလိုင်လ ၅ ရက် မနက်စောစောတွင် သာယာဝတီထောင်သို့  တိတ်တဆိတ် ပြောင်းရွှေ့ခံလိုက်ရသည်။ လတ်တလောတွင် သာယာဝတီထောင် (၅) ခန်း တိုက်ပိတ်ဆောင် အခန်း ၃ တွင် ပြစ်ဒဏ် တိုက်ပိတ်ခံထားရသည်။

ပြီးခဲ့သည့် လများအတွင်း စစ်ကောင်စီ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားများလွှတ်ပေးချိန်တွင် စု အိမ်ပြန်လာမည့် ရက်များကို မိသားစုဝင်များက မျှော်လင့်နေခဲ့သည်။ သို့သော် ထင်သလိုဖြစ်မလာခဲ့ပေ။ ၁၀ လကျော်ရှိသည့် ယနေ့တိုင် စု လွတ်မြောက်ခြင်း မရှိသေးပေ။

နောက်ဆုံး လွတ်ငြိမ်းသက်သာခွင့်တွင် ပါဝင်သော အကျဉ်းသားများမှာ စစ်ကောင်စီဆန့်ကျင်မှုနှင့် ဆက်စပ်ပြီး အဖမ်းခံရသူများ ပါဝင်ခြင်းမရှိပေ။

ထို့ကြောင့် စု လွတ်မြောက်ရေးမှာ အလားအလာမရှိသေးသည်ကို နားလည်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အမေစုလွတ်မှပဲ မျှော်တော့မယ်၊ အခုတော့ မမျှော်တော့ဘူး” ဟု သူက ပြောလိုက်သည်။

Source – Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English