စစ်ခေါင်းဆောင်မင်းအောင်လှိုင် လှည်းကူးမြို့ ညောင်နှစ်ပင်ခန်းမအား သွားကြည့်သည့်ပုံကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးရယူထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့်အာဏာသုံးရပ်ကို သူတဦးတည်းက လက်ဝယ်ထားသော အကြွင်းမဲ့ အာဏာရှင်စနစ်ကို နှစ်ရှည်လများ ကိုင်ထားနိုင်ရန် စီစဉ်လာနေပြီဟု မြန်မာ့အရေး လေ့လာသူများက ဆိုလာကြသည်။ ဦးသန်းရွှေလမ်းကြောင်းကို လိုက်ဖို့ပြင်နေပြီဟု ဆိုကြသည်။
ထို့ကဲ့သို့ သုံးသပ်နိုင်ရန်လည်း အချက်အလက်တချို့ ရှိလာနေပြီဟု လေ့လာသူများကဆိုသည်။
အာဏာသိမ်းသည့်အချိန်ကစ၍ စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြောဆိုချက်ကို မယုံကြည်သူ များစွာရှိခဲ့ကြသည်။ အာဏာသိမ်းပြီးစ အချိန်တွင် သူတို့မယုံကြည်သည့် အချက်ကို ပြသနိုင်သည့် အချက်အလက် သူတို့ထံတွင် မရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယင်း အချက်အလက်များ စတင်ရရှိလာခဲ့သည်။
စစ်ခေါင်းဆောင်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က မှော်ဘီမြို့ တပ်မတော်ကြည်း ဗိုလ်သင်တန်းကျောင်းမှ အရာရှိစစ်သည်များနှင့် တွေ့ဆုံသည့်အခါ “နိုင်ငံ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေပြီ” ဟု ပြောဆိုခဲ့သည်။
သူ့အနေဖြင့် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပေးမည်ဆိုသည့် သဘောမျိုး မဟုတ်ဘဲ၊ တည်ငြိမ်အေးချမ်းမှု အပေါ်မူတည်ပြီး ဆိုသော စကားကို အရှေ့ကခံထားခဲ့သည်။ အဆိုပါ ပြောစကားကို ကြားလာရသည့်အခါ စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြောဆိုထားမှုကို မယုံကြည်ကြသူများအတွက် ထောက်ပြစရာ အချက်အလက် စတင်ရရှိလာခဲ့သည်။
အတိတ်တွင် ဖြစ်ခဲ့သော ဖြစ်ရပ်များအရ မြန်မာနိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုသည် စစ်တပ်အပေါ်မှာသာ အဓိက မူတည်နေခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တည်ငြိမ်မှုမရှိသည့် အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်သော ရခိုင်ပြည်နယ်သည် ရွေးကောက်ပွဲကျင်းပပြီးသည့် အချိန်ကစ၍ ယခုအချိန်အထိ သေနတ်သံ တိတ်သွားခဲ့သည်။
ထို့ကြောင့် စစ်ခေါင်းဆောင်ပြောကြားသော “နိုင်ငံ တည်ငြိမ်အေးချမ်းမှုအပေါ် မူတည်ပြီး” ဆိုသော စကားချပ်သည် ဆင်ခြေတခု ပေးဖို့လို့အပ်လာသည့်အခါ အသုံးပြုရန် ထည့်သွင်းထားသော စကားလုံးများသာ ဖြစ်သည်ဟု လေ့လာသူများက ယူဆခဲ့ခြင်းဖြစ်သည်။
ထိုအချိန်ကစပြီး စစ်ကောင်စီဥက္ကဋ္ဌ ပြောထားသော ရွေးကောက်ပွဲသည် ဖြစ်လာရန်မရှိဟု အနီးကပ် လေ့လာသူများက ပိုမိုယုံကြည်လာခဲ့ကြသည်။ ထိုကဲ့သို့ မယုံကြည်သူများအတွက် နောက်ထပ် အားဖြည့်ပေးသည့် အချက်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့သော လှည်းကူးမြို့ ညောင်နှစ်ပင်ခန်းမအား သွားကြည့်သည့်ပုံကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။
“အဆောက်အဦ ထိန်းသိမ်းဖို့ဆိုရင် ပြည်ထောင်စုဝန်ကြီးတို့၊ ဝန်ကြီးချုပ်တို့ လောက်ကို ကြည်ခိုင်းလို့ရတာပဲ။ သူကိုယ်တိုင်သွားကြည့်ပြီး သတင်းထုတ်တာက သတင်းစကားတခုခု ပါးချင်လို့” ဟု နေပြည်တော်တွင် နေထိုင်နေသည့် နိုင်ငံရေးလေ့လာသူ တဦးက ဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းသည့် အချိန်ကစပြီး နိုင်ငံရေးနှင့်ပတ်သက်၍ အစီအစဉ်နှစ်ခု ရှိသည်ဟု လေ့လာသူများကဆိုကြသည်။ ပထမအစီအစဉ် Plan (A) သည် ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီအား အာဏာလွှဲပေးရန် ဖြစ်သည်။ ဒုတိယအစီအစဉ် (Plan B) သည် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲမည်ဟု အကြောင်းပြကာ ဦးသန်းရွှေကဲ့သို့ မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သွားရန် ဖြစ်သည်။
သို့သော် စစ်ခေါင်းဆောင်အနေဖြင့် အာဏာသိမ်းပြီးစအချိန်တွင် သူတို့ကိုယ်တိုင် တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များအထိသွားကာ အာဏာသိမ်းခြင်းမဟုတ်၊ အာဏာထိန်းခြင်းသာ ဖြစ်သည်၊ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမည်ဟု ပြောဆိုခဲ့သည်။
အာဏာသိမ်း အစောပိုင်းအချိန်က စစ်ခေါင်းဆောင်၏ အာဏာသိမ်းခြင်းအပေါ် မနှစ်သက်သည့် အရာရှိစစ်သည်များစွာ ရှိနေခဲ့သည်။ ထိုကဲ့သို့ မနှစ်သက်သူများက စစ်ခေါင်းဆောင်များအား ဆန့်ကျင်တိုက်ခိုက်မှုများ ချက်ခြင်းတုန့်ပြန်မည်ကို စိတ်ပူခဲ့သည်။ ထိုကဲ့သို့သော သူများအား စည်းရုံးရန် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း လက်ရှိ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူ တချို့ကဆိုသည်။
အာဏာသိမ်းပြီး တနှစ်ခန့်အကြာ၊ တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးဖြိုခွဲမှုလည်း အောင်မြင်လာသည်ဟု စစ်ခေါင်းဆောင်က ယူဆချိန်တွင် ရွေးကောက်ပွဲအား မဖြစ်မနေကျင်းပပေးမည်ဟူသော စကားမျိုးကို မပြောဆိုတော့ပေ။ အာဏာသိမ်းပြီး ရယူထားသော အကြွင်းမဲ့အာဏာရှင်စနစ်အား နှစ်နှစ်ထက်ကျော်ပြီး ထိန်းထားနိုင်ရန် ပြင်ဆင်သည့် ခြေလှမ်းများ မြင်လာရသည်။
လက်ရှိ စစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေသူများအား ဖြိုခွဲနိုင်သည်ဟု စစ်ကောင်စီက ယူဆလာသည့် အခါ တည်ငြိမ်မှု မရှိ၍ သော်လည်းကောင်း၊ နိုင်ငံရေးပါတီတချို့က အခြေခံဥပဒေပါ အချက်တချို့ကို ပြင်ဆင်ရန် တင်ပြလာလျှင်သော်လည်းကောင်း ရွေးကောက်ပွဲမကျင်းပတော့ဘဲ၊ ဖွဲ့စည်းပုံအသစ် ရေးဆွဲမည်ဟု အကြောင်းပြလာနိုင်သည်ဟု လေ့လာသူများက ဆိုကြသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ရွေးကောက်ပွဲကျင်းပပြီး သူကိုယ်တိုင် သမ္မတ ရာထူးကို ရယူသည့်တိုင် ယခုကဲ့သို့ အချုပ်အချာအာဏာ သုံးရပ်စလုံးက လက်ဝယ်ရှိတော့မည် မဟုတ်တော့ပေ။ အာဏာသိမ်းပြီးနောက် ရရှိထားသော အကြွင်းမဲ့အာဏာကို လက်လွှတ်ရမည်ဖြစ်သည်။
ထို့အပြင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရေးခဲ့သော ဇာတ်ညွန်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၅ တွင် နဝတ၊ နအဖ အစိုးရ လက်ထက် ဆောင်ရွက်ခဲ့မှုများအား တရားစွဲ အရေးမယူရဆိုသည့် အချက်ကိုထည့်ကာ သူ့အတွက် အကာအကွယ် ယူသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့်လည်း ထိုကဲ့သို့ ဥပဒေအရအကာအကွယ်ရရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲမှ ရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွင် စစ်ကောင်စီလက်ထက် ဆောင်ရွက်ခဲ့မှုများအား တရားစွဲဆို အရေးယူခြင်းမရှိစေရဟူသည့် အချက်ထည့်သွင်းမှသာ သူ့အတွက် ဥပဒေကြောင်းအရ အကာအကွယ် ရမည်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်မတိုင်ခင် ဆုံးဖြတ်ရမည် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်အနေဖြင့် ၂ နှစ်အထိသာ အာဏာသိမ်းထားနိုင်သည်။ စစ်ကောင်စီ အနေဖြင့် လာမည့် ဇူလိုင်လကုန်တွင် ဒုတိယအကြိမ် ကာလုံအစည်းအဝေး ခေါ်ယူကာ နောက်ထပ် ၆ လ (၃၁ -၁ – ၂၀၂၃ အထိ) သာ သက်တမ်း တိုးနိုင်တော့မည်ဖြစ်သည်။
ထို့နောက် ၂၀၁၃ ခုနှစ် သြဂုတ်လဆန်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲစာရင်းပြုစုခြင်း လုပ်ငန်းကစလို့ လုပ်ဆောင်ရမည် ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပြည်နယ်၊ တိုင်း ၁၄ ခုတွင် ၅ ခုလောက်မှလွဲ ၍ ကျန်ပြည်နယ်နှင့် တိုင်းများတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်း အဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားလျှက်ရှိနေသည်။
လက်ရှိ အခြေအနေအရ နောက်ခြောက်လအတွင်း စစ်ကောင်စီအနေဖြင့် သိန်းနှင့်ချီရှိနေသာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များကို ချေမှုန်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် နောက်ထပ် ၆ လ၊ ၇ လ အတွင်း မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု ရရှိမည် မဟုတ်ပေ။
ထိုအခြေအနေမျိုး ဖြစ်ရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စနစ်တကျ ပြင်ဆင်ထားသည်။ မကြာသေးမီက စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဖိတ်ကြားရာတွင် အင်အား တသိန်းခန့်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ မပါဝင်ခဲ့ပေ။ ထိုကဲ့သို့ PDF အဖွဲ့များ မပါဝင် သည့်အတွက် ကချင်၊ ကရင်၊ ချင်း၊ ကယား၊ ရခိုင်၊ ပလောင်၊ ကိုးကန့် စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း ဆွေးနွေးပွဲကို မတက်ဖို့ ဆုံးဖြတ်ထားကြသည်။
ထို့ကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသကဲ့သို့ နောက်ထပ် ၆ လအတွင်း သေနတ်သံများ ပိုမို ကြားလာရဦးမည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တည်ငြိမ်မှုမရှိသည့်အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသိမ်းခြင်းကို နောက်ထပ် သက်တမ်းတိုး၍ မရတော့သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်သွားပြီဟု ကြေညာခြင်းမျိုး လုပ်လာနိုင်ချေရှိသည်။
ထိုနောက် နောက်ထပ်ဖွဲ့စည်းပုံအသစ်တခု ရေးဆွဲရန်အကြောင်းပြကာ အကြွင်းမဲ့ အာဏာကို ဆက်လက် ရယူထားမည်ဖြစ်သည်။ ထို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခဲ့သော ညောင်နှစ်ပင် အဆောက်အဦအား သွားရောက်ကြည့်ရှုပြီး ပျက်ဆီးနေမှုများအား ပြင်ဆင်ထားရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုကဲ့သို့ဖြစ်လာနိုင်ရန် ယခုအချိန်တွင် ယတိပြတ်မပြောနိုင်သေးပေ။ တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များ ဘက်က ယခုမိုးတွင်းကာလတွင် စစ်ကောင်စီအား အသာစီးရလာသည့် အနေအထား ဖြစ်လာခဲ့လျှင် မူလအစီအစဉ်အတိုင်း ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပပေးရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်လာနိုင်သည်။
သို့သော် ယခု မိုးတွင်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF ဘက်က အသားစီး မရလာဘဲ စစ်တပ်က ထိန်းချုပ်လာနိုင်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယုံကြည်လာသောအခါ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေး ခေါင်းစဉ်ဖြင့် ဦးသန်းရွှေကဲ့သို့ အကြွင်းမဲ့အာဏာရှင် စနစ်ဖြင့် မြန်မာနိုင်ငံအား ဆယ်စုနှစ်များစွာ အုပ်ချုပ်သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်ထားကြသည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။