Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကိုင်းတိုင်းမှာ သုံးရက်အတွင်း ရွာငါးရွာက အိမ် ၅၀၀ ကျော် မီးရှို့ခံရ

May 2, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းထဲက အင်တာနက် ဖြတ်တောက်ခံထားရတဲ့မြို့တွေကို စစ်ကောင်စီက လက်ရှိအချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဧပြီလ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့ သုံးရက်အတွင်းမှာတင် မင်းကင်း၊ ခင်ဦးနဲ့ ရွှေဘိုနယ်ထဲမှာရှိတဲ့ ရွာငါးရွာက နေအိမ် ၅၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာ မင်းကင်းမြို့နယ်ထဲ သံပေါက်ရွာက နေအိမ် ၂၀၀ ဝန်းကျင်၊ ဇင်ကလဲရွာက နေအိမ် ၇၀ လောက်နဲ့ ၂၆ ရက့်မှာတော့ ခင်ဦးမြို့နယ် သံဘိုရွာက နေအိမ် ၂၂၀ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂၇ ရက် မနေ့ညပိုင်းကလည်း ရွှေဘိုမြို့နယ်ထဲက မလားရွာနဲ့ မခေါက်ရွာကို စစ်ကောင်စီတပ်သားတွေ ထပ်မံမီးရှို့ခဲ့ပြီး ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် မီးလောင်ကျွမ်းတဲ့နေအိမ် အတိအကျကို မသိရသေးပါဘူး။

အင်တာနက်ဖြတ်တောက်ပြီးနောက်ပိုင်း စစ်ကြောင်းထိုးတာများလာသလို စစ်ကြောင်း တစ်လျှောက် မီးရှို့တာတွေ ပိုလုပ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးမြို့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“၂၆ ရက်နေ့က သံဘိုတစ်ရွာတည်း အိမ်ခြေ ၂၂၀ လောက် ပါသွားတယ်။ စစ်ကြောင်း နှစ်ကြောင်းနဲ့ဝင်လာပြီး မနက် ၈ နာရီခွဲလောက်မှာ မီးရှို့တယ်။ တစ်နေကုန်နီးပါး လောင်တယ်။ ညနေ ၅ နာရီလောက်မှာ မီးငြိမ်းတယ်။ စစ်ကိုင်းတိုင်းမှာ အင်တာနက် ဖြတ်တောက်ပြီးတာနဲ့ စစ်ကြောင်းထိုးတဲ့နှုန်း ပိုလာတယ်။ အလုံးအရင်းနဲ့ အင်အား သုံးတာထက် လမ်းကြောင်းတစ်လျှောက် စစ်ကြောင်းထိုးရင်း ယုတ်မာမှုပိုလာတာ။ ယုတ်မာမှုဆိုတာ မီးရှို့တယ်၊ လူသတ်တယ်၊ ဒီအဆင့်တွေကို တွင်တွင်ကျယ်ကျယ် လုပ်လာတာ”

သံဘိုရွာကို စစ်ကြောင်းဝင်ရောက်လာချိန် လမ်းပြအဖြစ် ဖမ်းဆီးခံရတဲ့ အသက် ၃၅ နှစ်အရွယ် ရွာသား ကိုအောင်ဆန်းမြင့်ကိုလည်း စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“စစ်ကိုင်းတိုင်းမှာ အင်တာနက် ဖြတ်တောက်ပြီးတာနဲ့ စစ်ကြောင်းထိုးတဲ့နှုန်း ပိုလာတယ်”

သံဘိုရွာဟာအိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး ပျူစောထီးအများဆုံးရှိတဲ့ မကျီးတုံရွာနဲ့ ကပ်လျက်ဖြစ်နေတာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ မကြာခဏ ဝင်ရောက်လေ့ရှိပေမယ့် မီးရှို့ခံရတာတော့ ဒီတစ်ခါဟာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲထဲက မလားရွာနဲ့ မခေါက်ရွာတွေကိုလည်း ဧပြီလ ၂၇ ရက် မနေ့ညနေပိုင်းက ပစ်ခတ်ဝင်ရောက်လာပြီးနောက် နေအိမ်တွေ မီးရှို့ခံရတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

PDF တွေရှိတယ်လို့ ဒလန်က သတင်းပေးခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ရောက်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်မြောင်းဒေသခံက ပြောပါတယ်။

“ကျောက်မြောင်းမြို့နယ်ခွဲထဲက မခေါက်ရွာနဲ့ မလားရွာ ရွာတွေက ကပ်လျက်ပဲ။ မနေ့က ညနေ ၅ နာရီခွဲလောက် ဒလန်သတင်းပေးမှုကြောင့် အကြောင်းမဲ့သက်သက် စစ်ကောင်စီနဲ့ ပျူစောထီးတွေက သေနတ်တွေနဲ့ ပစ်ခတ်တယ်။ အဲဒီအချိန် ရွာသားတွေ ကလည်း ထွက်ပြေးနေရတော့ အိမ်ခြေဘယ်လောက် မီးလောင်လဲဆိုတာ မသိနိုင် သေးဘူး။ ဘာလို့လဲဆို ရွာက ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းလောက်က ထွက်ပြေးနေကြ ရတယ်”

ကျောက်မြောင်းမြို့နယ်ခွဲထဲမှာ အခုလိုနေအိမ်တွေ မီးရှို့ခံရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပျူစောထီးတွေနဲ့အတူပါလာပြီး မီးရှို့တဲ့စစ်ကြောင်းဟာ ကလေးမြို့အခြေစိုက် ခလရ (၈၇) ကဖြစ်ပြီး ခန့်မှန်းအင်အား ၁၅၀ လောက်ပါဝင်သလို ရွာတွေမှာ PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နေအိမ်တွေကိုလည်း ဓာတ်ဆီလောင်းပြီ မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အခုလို နေအိမ်တွေ မီးရှို့ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဆက်သွယ်နေပေမယ့် ဒီနေ့ ညနေပိုင်းအထိ ဖုန်းခေါ်လို့ မရသေးပါဘူး။

ဒါပေမဲ့ စစ်ကိုင်းတိုင်းထဲကရွာတွေ မီးရှို့ဖျက်ဆီးတာတွေကို စစ်သားတွေလုပ်တာ မဟုတ်ဘူးလို့ ဧပြီလ ၄ ရက် နေ့ RFA က မေးမြန်းချိန်မှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

“အဓိကဖြစ်နေတဲ့အကြောင်းအရာက ပြည်သူ့စစ် ဖွဲ့စည်းထားတဲ့နေရာတွေကို PDF တွေနဲ့ တချို့ EAO တွေ ပေါင်းပြီး တိုက်ခိုက်ခဲ့တာတွေရှိတယ်။ တိုက်ခိုက်ပြီး ပြန်လည် ထွက်ခွာတဲ့အခါမှာ မီးရှို့ဖျက်ဆီးသွားတာတွေ ရှိတယ်။ ဒါတွေကို တပ်ကပဲလုပ်သလို၊ သူတို့စွပ်စွဲနေကျစကားလို ပျူစောထီးကပဲလုပ်သလို၊ ပျူစောထီးဆိုတာ ရှိလည်း မရှိပါဘူး၊ နိုင်ငံတော်အစိုးရအနေနဲ့က ရွာတွေမှာ မီးလောင်သွားခဲ့ရင် ကျနော်တို့ပဲ ကူညီစောင့်ရှောက်ရမှာဖြစ်တယ်။ ကိုယ့်ဒုက္ခရောက်စေမယ့်ကိစ္စမျိုး လုပ်စရာအကြောင်း မရှိဘူး”

စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အနက် စစ်ကောင်စီကို အပြင်းအထန် တော်လှန်နေတဲ့ မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ဒီပဲယင်းအပါအဝင် ၂၇ မြို့နယ်ကို ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က စပြီး အင်တာနက်ဖြတ်တောက်ထားတာပါ။

ဒါဟာ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေသာ နစ်နာတာမဟုတ်ဘဲ အခြားဒေသကသူတွေပါ သတင်းအချက်လက် သိပိုင်ခွင့် ဆုံးရှုံးရတယ်လို့ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒုဥက္ကဋ္ဌက RFA ကို ပြောပါတယ်။

“အင်တာနက်ဖြတ်တောက်ခံထားရတဲ့ဒေသက ပြည်သူတွေဆိုရင် ပြည်တွင်းမှာ ဘာတွေဖြစ်နေလဲ၊ နိုင်ငံရေး အခြေနေကအစ စစ်ကိုင်းတိုင်းပြင်ပက ပြည်သူတွေရော၊ မြို့နယ်အသီးသီးမှာရော တော်လှန်ရေးအရ ဘယ်လိုတွေ သွားနေလဲဆိုတာ သတင်း အချက်အလက် မရကြဘူး၊ ကိုယ့်တိုင်းလေးအတွင်းမှာ လက်လှမ်းမီရာလောက်ပဲ သိကြတယ်။ ပြင်ပကမ္ဘာနဲ့ အဆက်သွယ်ပြတ်သလိုဖြစ်သွားတယ်။ ဖုန်းကို အဓိက သုံးကြတော့ အင်တာနက်ဖြတ်တောက်ခံလိုက်ရတော့ တော်တော်ကြီး ဆိုးဆိုးရွားရွားကို မသိကြတော့တာ”

လတ်တလော အင်တာနက်ဖြတ်ခံထားရတဲ့ဒေသတွေအတွက် သတင်းအချက်အလက် မျှဝေတာနဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ စာစဉ်တွေ အပတ်စဉ်ပေးပို့တာကို တယ်လီဖုန်း ဖုန်းမက်ဆေ့ကနေသာ ပေးနေရတယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးက မီးရှို့ခံရမှုဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာ သိမ်းချိန်ကနေ လက်ရှိတစ်နှစ်ကျော်အတွင်း မြန်မာတစ်နိုင်ငံလုံးမှာ နေအိမ်အလုံးပေါင်း ကိုးထောင်ကျော် မီးရှို့ဖျက်ဆီးခံရပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက နေအိမ် ၅၆၁၇ လုံးနဲ့ မီးရှို့ခံရမှု အများဆုံးဖြစ်နေပါတယ်။

Source – Mizzima

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English