ဧပြီလ ၁၃ ရက်
မြန်မာတို့၏နှစ်ကူးဖြစ်သည့် အတာသင်္ကြန်အကြိုနေ့ ကျရောက်လာသော်လည်း အာဏာသိမ်းစစ် ကောင်စီကကျင်းပသည့်သင်္ကြန်ပွဲအား နိုင်ငံအနှံ့မှပြည်သူလူထုက မကြိုဆိုကြောင်း ဓာတ်ပုံအထောက် အထားများအရ သိရသည်။
ယခင်က ကြက်ပျံမကျစည်ကားခဲ့သည့် ဆူးလေတဝိုက်၊ ပုဂ္ဂလိကမဏ္ဍပ်များဖြင့်ပြည့်ကြပ်နေသည့် ပြည် လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်းနှင့် အင်းလျားလမ်းတို့တွင်လည်း မဏ္ဍပ်နှင့်တူသည့် အရိပ်အယောင်တစ်ခုမျှမတွေ့ရသလို ကိုယ်ပိုင်မဏ္ဍပ်ငယ်လေးများ၊ အုန်းလက်မဏ္ဍပ်များပေါများလွန်းခဲ့ သည့် တာမွေ ဦးချစ်မောင်လမ်းကိုလည်း သာမန်နေ့များလိုသာ တွေ့မြင်ခဲ့ရသည်။
စစ်ကောင်စီက အတင်းအကြပ်စီစဉ်၍သာ လက်ချိုးရေ၍ရလောက်သော မဏ္ဍပ်နှစ်ခု၊ သုံးခုလောက်သာ ရန်ကုန်တွင်ဆောက်လုပ်ထားသော်လည်း ရေပက်ခံသူကတော့ မရှိသလောက်နည်းသဖြင့် လမ်းကိုဖြတ် သန်းသွားလာသောကားများကို ယာဉ်ထိန်းရဲများက လမ်းကြောင်းလွှဲ၍ မဏ္ဍပ်အောက်မှဖြတ်မောင်းခိုင်း ကာ မဏ္ဍပ်လူစည်သဖွယ်ဖန်တီးယူခဲ့ကြသည်။
ထို့အပြင် မဏ္ဍပ်ရှိသည့် နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ ၁၀ ဦးထက်မနည်းရှိပြီး စောင့်ကြပ်စစ်ဆေးမှုများပြုလုပ်သည်။ ရန်ကုန် ၏ အထင်ကရလမ်းမကြီးတိုင်းတွင်လည်း စစ်ကားအသေးများ၊ ရဲကားကြီးများချထားကာ လုံခြုံရေးယူ ထားသည်။
လူထုပါဝင်ဆင်နွှဲခြင်းမရှိသည့် စစ်ကောင်စီ၏ အတင်းအကြပ်စီစဉ်သောသင်္ကြန်ကို ပြည်သူတစ်ဦ်းက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
“သူတို့ကတော့ လူစည်တဲ့ပုံစံဖမ်းပြနေတာပဲ။ ခက်တာက စည်ပင်ကလူတွေကြီးပဲတွေ့နေရသလားလို့။ အရမ်းသိသာပါတယ်ဗျာ။ ဆက်တင်ဆင်ပြီး ရုပ်ရှင်ရိုက်နေသလိုပဲ။ တော်လှန်ရေးကာလမှာ ပြည်သူစစ် စစ်တွေက ဘယ်သူမှထွက်မပျော်ဘူး။ အခုပဲကြည့်လေ သူတို့လူနဲ့သူတို့ ပျော်ပြနေတာ။ အရင်က ရန်ကုန် သင်္ကြန်က ဒီလိုလားလို့” ဟူ၍ပြောသည်။
ယနေ့ဧပြီ ၁၃ ရက်သည် မြန်မာနိုင်ငံတွင် အတာသင်္ကြန်နှစ်သစ်ကူး၏အကြိုနေ့ဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီဘက်က ၎င်းအားထောက်ခံကြသူများဖြင့် သင်္ကြန်ပွဲကျင်းပနေသလို စစ်အာဏာရှင်စနစ်ကို လက်မခံသည့်ပြည်သူများဘက်ကလည်း နိုင်ငံအနှံ့တွင် စစ်ကောင်စီ၏သင်္ကြန်ပွဲနှင့်မပတ်သက်ဘဲ တော်လှန်သင်္ကြန်ပွဲ အဖြစ်ဆင်နွှဲနေကြသည်။
တော်လှန်သင်္ကြန်တွင် တော်လှန်သင်္ကြန်စာသားများကို အတာအိုးတွင်ရေးသားပြီး တော်လှန်သင်္ကြန် သပိတ်ပြုလုပ်ခဲ့ကြသည့် ပြင်ဦးလွင်မြို့ဒေသခံများ၏ တော်လှန်သင်္ကြန်လှုပ်ရှားမှုတစ်ခုဖြစ်သည်။
စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးကြသူများ ပါ၀င်ဆင်နွှဲကြသည့် လှုပ်ရှားမှုဖြစ်ကြောင်းသိရသည်။ အာဏာသိမ်းစစ်ကောင်စီ၏ လက်ချက်ဖြင့်ကျဆုံးသွားခဲ့ရသော အာဇာနည်များ၊ အသက်သွေးချွေး စည်း စိမ်ဥစ္စာဆုံးရှုံးခဲ့ကြရသောပြည်သူများအတွက် ဦးညွှတ်ဂုဏ်ပြခြင်းဖြစ်သည်ဟု အဆိုပါလှုပ်ရှားမှုကို ဦး ဆောင်သည့် မေမြို့ပင်မအထွေထွေသပိတ်အင်အားစုက ဆိုသည်။
ယနေ့သင်္ကြန်အကြိုနေ့ စစ်ကောင်စီ၏သင်္ကြန်ပွဲတွင် မန္တလေးမြို့ခံများလည်း ပါ၀င်ဆင်နွှဲခြင်းမရှိကြပေ။ အထူးသဖြင့် သင်္ကြန်အကြိုနေ့၏ညနေပိုင်းများတွင် ကျုံးပတ်လည်တစ်လျှောက် စည်ကားနေတတ်ပြီး ယနေ့တွင်တော့ လူသူအသွားအလာပင် မရှိသလောက်အခြေအနေဖြစ်ကြောင်း ကျုံးအနောက်ဘက်ခြမ်း တွင်နေထိုင်သူ သတင်းရင်းမြစ်ကဆိုသည်။
“သင်္ကြန်လို့တောင်မထင်ရဘူး၊ မန္တလေးသင်္ကြန်က အကြိုနေ့မနက်ပိုင်းမှာ ကလေးတွေလောက်သာ ရေ ကစားကြပြီး၊ နေ့လယ်လောက်ဆို လူငယ်လူလတ် လူကြီးအကုန်ထွက်ကြပြီ။ အထူးသဖြင့် အရှေ့ကျုံး အနောက်ကျုံး၊ တောင်ကျုံးကတော့ အဓိကပဲလေ။ ဗဟိုမဏ္ဍပ်ရှိတာကိုး။ ဒီနှစ်တော့ သင်္ကြန်နဲ့တောင် မတူဘူး” ဟု ၎င်းကပြောသည်။
နိုင်ငံတည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း နိုင်ငံတကာကိုပြသချင်နေသည့် အာဏာသိမ်းစစ်ကောင်စီ သည် ယခုနှစ်သင်္ကြန်ပွဲစည်ကားရန်အရေး ပြီးခဲ့သည့် မတ်လနှောင်းပိုင်းကတည်းက အစွမ်းကုန် နည်း လမ်းပေါင်းစုံဖြင့်စီစဉ်ခဲ့သည်။
“ဗဟိုမဏ္ဍပ်ကြီးအကျအနဆောက်ထားတယ်ဗျာ။ ကျုံးနဲ့မြို့ရိုးကြားမှာ အစီအစဉ်တွေအများကြီးနဲ့ အခမ်း အနားလုပ်တယ်။ ကျုံးဘေးပတ်ခြာလည်လမ်းတွေကိုတော့ ကင်းပုန်းတွေချထားတယ်။ သေနတ်မောင်း တင်ပြီး အသင့်အနေအထားလုပ်ထားတယ်။ သူတို့ပဲရှိတဲ့ သူတို့သင်္ကြန်ကို သူ့တို့ဟာသူတို့ ကြောက်လန့် နေကြတယ်။ ပြည်သူက အဲဒီဘက်လှည့်တောင်မကြည့်ဘူး” ဟု မြို့ခံနိုင်ငံရေးစိတ်၀င်စားသူတစ်ဦးကဆို သည်။
မန္တလေးမြို့၏ သင်္ကြန်အကြိုနေ့မြင်ကွင်းက ပြည်သူများပူးပေါင်းပါ၀င်ခြင်းမရှိသည့် သင်္ကြန်ပွဲအဖြစ် မြင် တွေ့ခဲ့ရပြီး ကျုံးပတ်လည်တစ်လျှောက် စစ်ကောင်စီ၏တပ်သားများဖြင့်လုံခြုံရေးချထားသလို အရပ်သုံး ကားများဖြင့်လည်း မြို့အနှံ့ကင်းလှည့်နေကြောင်းလည်းသိရသည်။
မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း နိုင်ငံတကာကိုပြသရန်စီစဉ်သည့် အာဏာသိမ်း စစ် ကောင်စီ၏ အတုအယောင်သင်္ကြန်ပွဲတွင် ပြည်သူလူထုအနေဖြင့်မပါဝင်ကြရန် တော်လှန်ရေးအင်အား စုများက ယခုလအစောပိုင်းကတည်းက တိုက်တွန်းနှိုးဆော်ခဲ့သည်။
Credit – Mizzima News