Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

၃ နှစ်သမီးကိုသတ်၊ မိခင်ကို မုဒိမ်းကျင့်သည့် အင်းငယ်ဒေါင့်ရွာစီးနင်းမှု

မကွေးတိုင်း ပေါက်မြို့နယ် ကျေးလက်ဒေသတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ဖမ်းဆီးသွားသည့် မိသားစုဝင်များသည် ရက်စက်မှုပေါင်းစုံကို ရင်ဆိုင်လိုက်ရသည်။

March 27, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter
မောင်ရွှေဝါ
Published on Mar 17, 2022

အညာနွေ နေပူအောက်တွင် အသားခပ်ညိုညို၊ အရပ်ထောင်ထောင်မောင်းမောင်း ဦးတင်ထွန်း ငူငူငိုင်ငိုင်ကြီး ထိုင်နေသည်။ ထမင်းမစား၊ ဟင်းမစား၊ ဆိတ်ဆိတ်ထိုင်နေတတ်ကာ မည်သူ့ကိုမှလည်း စကားပြော။

သူ့ဇနီးသည်၊ ၃ နှစ်အရွယ်သမီးလေးတို့အကြောင်း စကားစမိလိုက်တိုင်း မျက်ရည်များကျကာ ‘မမေးစမ်းပါနဲ့ဗျာ” ဟု ခပ်ပြတ်ပြတ်သာ တုံ့ပြန်သည်။

 

သူ့ဇနီးနှင့် သမီးအငယ်ဆုံးလေးတို့ကို ဆုံးရှုံးလိုက်ရသည့် လွန်ခဲ့သော ၁၀ ရက်ကျော်မှစ၍ မကွေးတိုင်း၊ ပေါက်မြို့နယ် အင်းငယ်ဒေါင့်ရွာမှ အသက် ၄၀ အရွယ် တောင်သူ ဦးတင်ထွန်း ငေးငိုင်သွားလိုက်၊ ငိုချင်းချလိုက်ဖြစ်နေခဲ့သည်။

မတ်လ ၅ ရက်နေ့က အင်ငယ်ဒေါင့်ရွာကို စီးနင်းခဲ့ကြသည့် လက်နက်ကိုင်တို့က သူ့ဇနီးနှင့် သမီးလေးတို့ကို သတ်ဖြတ်ပစ်ခဲ့ကြသည်၊ ထို့ပြင် ၁၂ နှစ်အရွယ် သမီးကြီးအပါအဝင် ၎င်း၏မိဘ၊ ဆွေမျိုး စုစုပေါင်း ၈ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြသည်ဟု အင်းငယ်ဒေါင့်ရွာတောင်ဘက်ရှိ ဘို့မယ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

 

“သမီးအငယ်ဆုံးလေးရော၊ မိန်းမရော အသတ်ခံလိုက်ရတာဆိုတော့…၊ အဖေ၊ အဖေတွေရော၊ နှမရော၊ အလတ်မရော ပါသွားတော့ သူ့ခမျာ အရူးကြီးလိုဖြစ်နေတော့တာ။ ယူကျုံးမရဖြစ်နေတာ” ဟု ၎င်းနှင့် သိကျွမ်းသည့် အထက်ပါအမျိုးသားက ပြောသည်။

ရွာကိုဝင်စီးသူတို့မှာ စစ်ကောင်စီတပ်သားများ၊ ၎င်းတို့ လေ့ကျင့်ပေးထားသည့် ပျူစောထီးလက်နက်ကိုင်အဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုသည်။

 

ယောချောင်းကမ်းနံဘေးရှိ အင်းငယ်ဒေါင့်ရွာသည် ပေါက်မြို့နယ်တောင်ဘက် မိုင် ၂၀ ကျော်အကွာတွင် ရှိသည်။ အိမ်ခြေ ၃၀ ခန့်သာရှိပြီး စိုက်ပျိုး၊ မွေးမြူရေးကို အဓိကလုပ်ကိုင်ကြသည်။ သမီး ၃ ဦးရှိသည့် ဦးတင်ထွန်းတို့မိသားစုသည်လည်း ဆိတ်မွေးခြင်း၊ ရာသီပေါ်သီးနှံစိုက်ပျိုးခြင်း လုပ်ငန်းများကိုသာ အေးအေးလူလူ လုပ်ကိုင်ခဲ့ကြသည်။

ဦးတင်ထွန်းသည် မည်သည့်နိုင်ငံရေးလှုပ်ရှားမှုတွင်မှ ပါဝင်ခြင်းမရှိသော်လည်း အာဏာသိမ်းစစ်တပ်က ၎င်း၏မိသားစုအသိုက်အမြုံကို ဖြိုခွဲလိုက်သည်။ လက်ရှိတွင် ၈ နှစ်အရွယ် သမီးအလတ်မလေးသာ သူ့အနားတွင် ကျန်တော့သည်။

 

မတ် ၅ နံနက် ၉ နာရီခန့်တွင် ခါတိုင်းလိုပင် ဦးတင်ထွန်းသည် တောထဲတွင် ထန်းလှီးနေသည်။ ထိုအချိန်တွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ရွာထဲရောက်နေသည့် သတင်းကြောင့် ၎င်း၏ဇနီး ဒေါ်အေးအေးဝင်းနှင့် သမီး ၃ ဦးမှာ ရွာအပြင်သို့ သွားပြီး ပုန်းခိုနေကြသည်။ သို့သော် ပုန်းခိုပြီး မိနစ်ပိုင်းအကြာတွင် ဖမ်းဆီးခံလိုက်ရသည်ဟူသော သတင်းကြောင့် ဦးတင်ထွန်း ထန်းပင်ပေါ်မှ ခပ်မြန်မြန်ပြန်ဆင်းစဉ် ခြေချော်လက်ချော် ပြုတ်ကျပြီး ဒဏ်ရာရသွားသည်။ မိသားစုဇောကြောင့် အပြေးသွားချင်ခဲ့သော်လည်း ဒဏ်ရာကြောင့် မသွားနိုင်ခဲ့ပေ။

ထိုအချိန် ရွာထဲတွင် သူ့ဇနီးအပါအဝင် ရွာသား ၃၀ ထက်မနည်းကို ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်က တစ်အိမ်တက်ဆင်း ဖောက်ထွင်းကာ ပစ္စည်းများယူငင်နေကြသည်။ ကျန်ရွာသားများမှာ လက်နက်ကြီးများ၊ သေနတ်များ တစ်ဖက်သတ် ပစ်ဖောက်နေသည့် စစ်တပ်နှင့် ပျူစောထီးတို့ရန်မှ လွတ်အောင် ပုန်းရှောင်ရုံသာ တတ်နိုင်ကြသည်။

ညနေ ၄ နာရီခန့်တွင် ရွာအနောက်ဘက် ၂ မိုင်အကွာရှိ ဝန်ခြုံးရွာမှ လှည်း ၇ စီး ရောက်လာသည်။ ဆန်အိတ်၊ မြေပဲအိတ်၊ ဆိုလာပြား၊ ဘက်ထရီအိုး စသည့် အိမ်တကာမှ လုယူထားကြသည့် ပစ္စည်းများကို တင်ဆောင်ကာ စစ်တပ်နှင့် ပျူစောထီးတို့  ၅ နာရီခန့်တွင် ပြန်ထွက်သွားကြသည်။

ပြန်ထွက်သွားပြီး ၁ မိုင်အကွာအရောက်တွင် နွားလှည်းနှစ်စီး လှည်းဝင်ရိုးများကျိုးသွားရာ လှည်းပြောင်းရန် စောင့်ဆိုင်းနေကြစဉ် စစ်သားတချို့က ကင်းပုန်းဝပ်နေကြသည်။

ထိုအချိန်တွင် ပေါက်မြို့နယ်တောင်ပိုင်း ပြောက်ကျားတပ်ဖွဲ့ဝင်တချို့က အခြေအနေကို အကဲခတ်ရန် ထိုနေရာသို့ ရောက်သွားရာ ပစ်ခတ်ခံလိုက်ရသည်ဟု ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဲဒီနားမှာ ပြည်သူတွေပါဆိုပြီး အနားကပ်မှ အော်တို (သေနတ်နဲ့) ရမ်းသွားတာ။ ပြောက်ကျားအဖွဲ့က ရွာကပစ္စည်းတွေပါတော့ မခံနိုင်လို့ ပစ္စည်းတွေ ဘာတွေ ကျန်အောင် ဝင်တိုက်တာ” ဟု  ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် အင်းငယ်ဒေါင့်ရွာအနောက်ဘက်ရှိ တောင်ကုန်းတစ်ခုတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများ တရစပ်ပစ်ဖောက်ကြောင်း၊ တစ်နာရီဝန်းကျင် ခုခံပြီး ပြန်ဆုတ်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။

စစ်သားတို့က ၎င်းတို့ လုယက်ခဲ့သော အင်းငယ်ဒေါင့်ရွာဘက်သို့ ပြန်သွားကြပြီး တိုက်ပွဲတွင် ဒဏ်ရာရသော PDF ၄ ဦးကို  ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၇ နာရီခန့်တွင် အင်းငယ်ဒေါင့်ရွာအလယ်မှာ မီးရှို့ခဲ့ပြီးနောက် ပျူစောထီးများအားကောင်းသည့် ဝန်ခြုံးရွာဘက်သို့လည်း ထွက်သွားကြသည်။ ဖမ်းဆီးထားသည့် အင်းငယ်ဒေါင့်ရွာသား ၃၀ နီးပါးကို ဓားစားခံအဖြစ် ဖမ်းဆီးသွားကြသည်။​

စစ်ကောင်စီတပ်တို့က ဓားစာခံများကို ခေါ်ဆောင်ပြီး ရွာထဲမှ ပြန်ထွက်သွားသည်ကို မြင်တွေ့ရသော်လည်း ရွာထဲမှာ ကင်းပုန်းရှိနေနိုင်သေးသည်ဟူသော စိုးရိမ်မှုဖြင့် ထိုနေ့တစ်ညလုံး မည်သူမျှ ရွာအတွင်း ပြန်မကပ်ရဲပေ။​

နောက်တစ်နေ့(မတ် ၆) မိုးလင်းချိန် ပြောက်ကျားတပ်ဖွဲ့ဝင်များက ရွာသို့ ဝင်ရောက်စစ်ဆေးကြရာ အိမ်နှစ်လုံးမှာလည်း မီးရှို့ခံထားရသည်ကို တွေ့ရပြီး တစ်လုံးတွင် မီးကျွမ်းနေသည့် အလောင်း ၄ လောင်း ရှိနေသည်။

ထို ၄ လောင်းမှာ တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်လေးများဖြစ်သည်ဟု ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။

“မသေမရှင်ဖြစ်နေတဲ့ ကလေးတွေကို အိမ်ထဲပစ်ထည့် မီးရှို့သွားတယ်။ အိမ်ပါ ပါသွားတယ်။ အဲဒါက ကာကွယ်ရေးဘက်က ကလေးတွေ” ဟု ၎င်းက ပြောသည်။

မီးလောင်ထားသည့်အိမ်အနီးတွင် တပ်ဖွဲ့ဝင်များ၏ကျောပိုးအိပ်နှင့် အဝတ်တချို့ကို တွေ့ရသည်ဟု ဆိုသည်။

မီးလောင်ထားသည့်အိမ်များနှင့် မျက်စောင်းထိုးနေရာရှိ ဦးတင်ထွန်းအိမ်ပေါ်တွင်မူ စောင်နှင့် အုပ်ထားသည့် ရုပ်အလောင်း ၂ လောင်းကို တွေ့လိုက်ရသည်။

ဦးတင်ထွန်း၏ ဇနီးဖြစ်သူ ဒေါ်အေးအေးဝင်းနှင့် ၃ နှစ်သမီး မရတီမိုးတို့၏ ရုပ်အလောင်းများဖြစ်ကြောင်း၊ နှစ်ဦးစလုံးရင်ဘတ်တွင် ထုတ်ချင်းပေါက် ဓားဒဏ်ရာရှိနေကြောင်း ဘို့မယ်ရွာခံအမျိုးသားနှင့် အလောင်းကောက်ရာတွင် ပါဝင်ခဲ့သည့် ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးတို့က ပြောသည်။

“ကလေးလေးကိုလည်း ရင်အုံမှာပဲ ထိုးသတ်ပစ်ခဲ့တာ။ ဓားက ဒေါ်အေးအေးဝင်းတောင်မှ ထုတ်ချင်းပေါက် ထိုးခဲ့တာ။ (ဓားက) တစ်ပေကျော်မှာပေါ့” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဘို့မယ်ရွာခံက ပြောသည်။

“မုဒိမ်းကျင့်တယ်လို့ ထင်ရတယ်။ အဲဒါကြောင့် မျက်နှာသိလည်းဖြစ်နေလို့ သတ်ပစ်ခဲ့တဲ့သဘောရှိတယ်။ ဒေါ်အေးအေးဝင်းက ရင်သားတွေ ဘာတွေလည်း ပွန်းနေတယ်”

စစ်သားများ၊ ပျူစောထီးများက ထိုရွာတွင် ပစ္စည်းလု၊ လူသတ်၊ မုဒိမ်းမှုကျူးလွန်ကြသည်၊ ရွာသားများကို ဖမ်းပြီး လူသားဒိုင်းအဖြစ် အသုံးချနေသည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး ပေါက်မြို့နယ် မြို့မရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီပြန်ကြားရေးတာဝန်ရှိသူကလည်း သတင်းသမားတို့မေးမြန်းလျှင် ထိုဖြစ်ရပ်မျိုးကို စစ်သားများ ကျူးလွန်ခြင်းမရှိကြောင်း ဖြေဆိုလေ့ရှိသည်။

ဒေါ်အေးအေးဝင်းသည် သမီးနှစ်ယောက်နှင့်အတူ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ဝင်လာကတည်းက တိမ်းရှောင်နေခဲ့သော်လည်း ပိုက်စိပ်တိုက်လိုက်ရှာစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ရွာသား ၃၀ ကျော်ထဲမှ ဒေါ်အေးအေးဝင်းတို့သားအမိကို သတ်ပစ်လိုက်ခြင်းမှာ တောင်းသည့်ပိုက်ဆံပေးရန် ငြင်းဆန်ခြင်း၊ မုဒိမ်းကျင့်ခဲ့ကြခြင်းတို့ကြောင့် ဖြစ်နိုင်သည်၊ မုဒိမ်းကျင့်သူများထဲတွင် ဒေသတွင်း ပျူစောထီးအဖွဲ့ဝင်များ ပါဝင်နိုင်သည်ဟု ဘို့မယ်ရွာခံက ခန့်မှန်းသည်။

“မအေးအေးဝင်း(တို့မိသားစုက) ပိုက်ဆံရှိတယ်။ မျက်နှာသိတွေဖြစ်နေတော့ လက်လွန်သွားလို့ သတ်ပစ်လိုက်ပုံရပါတယ်။ မောင်တင်ထွန်းကတော့ ကြောင်တောင်တောင်ကြီးဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

ပျူစောထီးဟု အများက ခေါ်ပြီး ပြည်သူ့စစ်ဟု စစ်ကောင်စီကခေါ်သော ထိုလက်နက်ကိုင်များသည် အင်းငယ်ဒေါင့်အနောက်ဘက် ၂ မိုင်အကွာရှိ ဝန်ခြုံးရွာ၊ မြောက်ဘက် ၄ မိုင်ကျော်အကွာရှိ ပင်တောင်ရွာတို့မှ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုနေ့မတိုင်ခင် ရက်ပိုင်းအလိုက ဦးတင်ထွန်းတို့မိသားစု ဆိတ်အကောင် ၅၀ ရောင်းထားရာ သိန်း ၅၀ ခန့် လက်ထဲရှိနေသည်မှာ ရပ်သိရွာသိဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဆိတ်ရောင်းထားတာ။ ပိုက်ဆံတောင်းပုံရတယ်။ မပေးတော့ မုဒိမ်းကျင့်၊ သတ်ကြပုံရတယ်။ အိမ်ပေါ်မှာ လူးလှိမ့်ထားတာမျိုး။ ကြမ်းပြင်ပေါ်မှာ သွေးချည်းပဲ။ ​အဲဒီပိုက်ဆံတွေကို ခြင်ထောင်ဘေးနားမှာ အိတ်ကလေးနဲ့ တိုင်မှာ ချိတ်ထားတာ ပြန်တွေ့တယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အေးအေးဝင်း၏ ထဘီမှာ လျော့ရဲနေသည်ကို တွေ့ရသည်ဟု အလောင်းကောက်ရာတွင် ပါဝင်ခဲ့သည့် ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အလောင်းတွေခြေထောက်ကို ကြိုးချည်သွားတယ်။ ပြီးတော့ စောင်နဲ့ အုပ်ပစ်ခဲ့ကြတာ။ ထဘီတွေ လျော့လျော့ရဲရဲဖြစ်နေတာ။ ပြန်ဝတ်ပေးထားတာ။ အင်္ကျီတွေကလည်း ကပိုကရိုပြန်ဝတ်ပေးထားတာ” ဟု အထက်ပါ ပြောက်ကျားတပ်ဖွဲ့ဝင်က ပြောသည်။

“မိန်းမကိုယ်နားမှာလည်း သွေးတွေ အများကြီးတွေ့တယ်။ မုဒိမ်းကျင့်ပြီးတော့မှ သတ်သွားတာ။ ကလေးလေးကိုလည်း ဓားနဲ့ထိုးတယ်”

သူတို့နှစ်ဦး၏ အလောင်းများကို မတ် ၆ ညနေပိုင်းတွင် ယောချောင်းအနီး သင်္ဂြိုဟ်ခဲ့ကြသည်။

ဦးတင်ထွန်း၏ ၁၂ အရွယ် သမီးကြီး မသင်းသင်းမှာမူ မိခင်နှင့်အတူ ဖမ်းဆီးခံလိုက်ရသော်လည်း အလောင်းမတွေ့ရကြောင်း၊ ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရသည်ဟုလည်း ကြားရကြောင်း ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် ထိုရွာမှ ၃ လသား ကလေး ၁ ဦး၊ ၁၈ နှစ်အောက် ကလေး ၈ ဦးအပါအဝင် စုစုပေါင်း ၃၄ ဦးကို ဓားစာခံအဖြစ် ခေါ်သွားခဲ့ကြသည်။ ထိုအထဲတွင် ၈ ဦးမှာ ဦးတင်ထွန်း၏ အသက် ၇၀ အရွယ် မိဘနှစ်ဦး၊ သမီးကြီးနှင့် ဆွေမျိုးတော်စပ်သူများ ဖြစ်ကြသည်။

ဓားစာခံများကို အင်းငယ်ဒေါင့်ရွာမြောက်ဘက် ၅ မိုင်ကျော်အကွာရှိ တပ်ကုန်းရွာဘုန်းကြီးကျောင်း၌ ချုပ်နှောင်ထားသည်ဟု ကြားရကြောင်း၊ တပ်ကုန်းသို့ ခေါ်ဆောင်သွားသည့်လမ်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ဆိုသည်။

၁၀ ရက်ကျော်ကြာသည်အထိ သမီးကြီးနှင့် မိဘဆွေမျိုးများ၏ သတင်းအစအန မရသေးသလို ဇနီးနှင့် သမီးငယ်လေးကို လောလောလတ်လတ် ဆုံးရှုံးထားရသည့် ဦးတင်ထွန်းမှာ သောကအပူမီး တောက်လောင်နေသည်။ မစားနိုင်မသောက်နိုင်နှင့် ကျွေးမရ၊ မေးမရဖြစ်နေသည်။

“အဖေနဲ့ အမေတွေ၊ နှမတွေ၊ တူတွေ၊ တူမတွေပါသွားတော့ ကျွန်တော့်မှာ ဘယ်လိုမှကို တွေးလို့မရဘူး။ မမေးစမ်းပါနဲ့။ ဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘူး” ဟု ဦးတင်ထွန်းက အခြားသူများ လာမေးလျှင် ပြန်ပြောပြီး ငူငူငိုင်ငိုင်ပြန်ဖြစ်သွားသည်။

Credit – Myanmar NOW

၃ နှစ်သမီးကိုသတ်၊ မိခင်ကို မုဒိမ်းကျင့်သည့် အင်းငယ်ဒေါင့်ရွာစီးနင်းမှု | Myanmar NOW (myanmar-now.org)

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English