“လူနေမှု ပုံစံတွေဟာ မထင်မှတ်ထားဘဲ ကိုယ်ရည်ရွှယ်ထားခဲ့တာတွေနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်ကုန်တယ်။ အာဏာမသိမ်းခင်ကဆိုရင် ကိုယ့်ရဲ့ဘဝကို လက်ရှိအခြေအနေကနေ ပြောင်းလဲပစ်ဖို့ ကြိုးစားနေသူ တစ်ယောက်ပါ။ ဂျပန်စာတွေ လေ့လာတယ်၊ ဒီပလိုမာသင်တန်းတွေ တက်တယ်။ ဂျပန်စာကို N3 လောက်အထိ တက်ပြီး စာမေးပွဲဖြေမယ်။ ၂၀၂၂ ထဲမှာ ဂျပန်ကိုသွားမယ်။ ကိုယ့်ဘဝကို အများကြီး ပိုကြိုးစားမယ်ပေါ့။ မထင်မှတ်ဘဲ အာဏာသိမ်းခံလိုက်ရတဲ့ အချိန်မှာ ဘဝက စောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်တာဘဲ” ဟု မြန်မာစာ နောက်ဆုံးနှစ်ကျောင်းသူ မလွင်လွင်မာ (အမည်လွှဲ) က ဧရာဝတီက စစ်အာဏာသိမ်းအပြီး ရန်ကုန်မြို့တော်သူ မြို့တော်သားများ၏ ပြောင်းလဲသွားသော လူမှုဘဝများအကြောင်း စုံစမ်းမေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။
သူတယောက်တည်း မဟုတ်ပါ။ တခြားသော ရန်ကုန်မြို့သူမြို့သားများ၏ ဘဝရှင်သန်ရပ်တည်ရေးက ပင်ပန်း ဆင်းရဲလာနေသည်။
မြန်မာနိုင်ငံသည် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် တနှစ်ကျော်အကြာ ကာလအတွင်း နိုင်ငံရေး လွတ်လပ်ခွင့်နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများအပါအဝင် တခြားသော လူမှုဘဝ အဆင့်အတန်းများ တနေ့တခြား ဆိုးရွားစွာ ကျဆင်းလာနေပြီ ဖြစ်သည်။
ရေနှင့် လျှပ်စစ်မီးကဲ့သို့သော အခြေခံလိုအပ်ချက်အပါအဝင် နိစ္စဓူဝ လိုအပ်ချက်များက ဆိုးရွားစွာ ခက်ခဲလာနေပြီး မြို့ပြလူနေမှုဘဝ အဆင့်အတန်းများက တဖြည်းဖြည်း နိမ့်ကျလာခဲ့သည်။ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုများ မြင့်တက်လာခြင်း၊ ရရာအလုပ်လုပ်ကိုင်ရင်း မဖြစ်စလောက်ရရှိနေသည့် လုပ်အားခတို့ကြောင့် မြင့်တက်လာသည့် ကုန်ဈေးနှုန်းအပေါ် လိုက်မမီခြင်းတို့ကလည်း လူနေမှုဘဝများ ပိုမို ဆင်းရဲနိမ့်ကျလာနေစေသည်။
လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်ဈေးနှုန်း မထိန်းချုပ်နိုင်မှု၊ စက်သုံးဆီဈေး မြင့်တက်မှု၊ သုံးရေ ဖူလုံအောင် မရရှိမှုတို့အပြင် အင်တာနက်လိုင်းများ နှေးကွေးလာခြင်းကလည်း စိတ်ညစ်ညူးစရာ ဖြစ်သည်။ အာဏာသိမ်း စစ်တပ်က အုပ်ချုပ်ရေးညံ့ဖျင်းတာလား၊ သို့တည်းမဟုတ် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ကြသူ ရန်ကုန်သူရန်ကုန်သားများအပေါ် ဖြတ် ၄ ဖြတ် လုပ်ခြင်းလား မသဲကွဲတော့ပေ။
လက်ရှိဖြစ်ပေါ်နေသော မြို့ပြ လူနေမှုဘဝတွင် အဆိုးရွားဆုံးသော ပြဿနာတရပ်မှာ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်နေမှုဖြစ်သည်။ ယင်းဖြစ်ရပ်က မြို့ပြလူနေမှုဘဝ အဆင့်အတန်း နိမ့်ကျနေသည်ကို လှစ်ဟပြနေသည်။
လျှပ်စစ်မီး ပြတ်တောက်မှု နောက်ဆက်တွဲ ဆိုးကျိုးများမှာလည်း ဒုနှင့်ဒေး ရှိလှသည်။ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းကြောင့် ယာဉ်ကြောများပိတ်ဆို့ခြင်း၊ သုံးရေဖူလုံအောင် မရရှိခြင်းများသည် ပူပြင်းခြောက်သွေ့လာသည့် ရာသီဥတုကိုရင်ဆိုင်နေရသည့် မြို့ပြလူထု၏ဒေါသကို နှိုးဆွပေးနေသယောင်ရှိသည်။
စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက မတ်လဆန်းပိုင်းအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတခု၌ အကြမ်းဖက်မှုများက လျှပ်စစ်ထုတ်လုပ်ပေးနေသော စက်ရုံတချို့ကို ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်မှု ပမာဏ လျော့ကျခဲ့ရကြောင်း ဆိုသည်။
စွမ်းအင်သုတေသီများကမူ စစ်အာဏာမသိမ်းမီ အရပ်သားအစိုးရလက်ထက် နိုင်ငံတကာ အကူအညီများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများဖြင့် ပြင်ဆင်တည်ဆောက်လာခဲ့သော မီးလင်းရေးအစီအစဉ်များ ပျက်စီးသွားခဲ့ရပြီး ရေအားလျှပ်စစ်စီမံကိန်းဟောင်းများမှသာ လျှပ်စစ်မီးပေးနိုင်သောကြောင့်ဟု ထောက်ပြဝေဖန်နေကြသည်။
မြို့ပြများတွင် အလှည့်ကျ လျှပ်စစ်မီး ပေးဝေနေရပြီး သက်ဆိုင်ရာဋ္ဌာနများ အနေဖြင့် မီးပေးဝေမည့် စနစ်ကို လူထုထံ ကြိုတင်အသိပေး ထုတ်ပြန်ရန် ညွှန်ကြားထားသည်ဟုလည်း ဆိုသည်။ သို့သော် လူထုကို အသိပေးထုတ်ပြန်ရန် မေ့လျော့နေသည်။
“ငယ်ငယ်က မီးပြန်လာရင် ဟေးလို့ ထခုန်ပြီးအော်ခဲ့တာ။ ဒါကို လူ့အခွင့်အရေး၊ ကိုယ်ပိုင်အခွင့်အရေး ဆုံးရှုံးနေတယ်လို့ ဘယ်သူမှ မသိခဲ့ကြဘူး။ NLD အစိုးရ ငါးနှစ်တာကာလ အုပ်ချုပ်ခဲ့စဉ်မှာ ကောင်းကောင်းကြီး သဘောပေါက်လာခဲ့တယ်” ဟု ယခင်နှင့် လက်ရှိအခြေအနေကို ရန်ကုန်မြို့သူ မလွင်လွင်မာက နှိုင်းယှဉ် ပြသည်။
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ခြင်းကြောင့် အွန်လိုင်းမှတဆင့် လုပ်ငန်းလုပ်ကြရသူများ အခက်အခဲ များစွာကြုံလာခဲ့ ပြန်သည်။ Covid 19 ရောဂါ ကူးစက်မှုနှုန်း မကျသည့်အပြင်၊ ပြည်တွင်းပျံနှံ့မှု ထပ်မံ များပြားလာခြင်းကြောင့် အိမ်မှနေ၍ အလုပ်လုပ်ကြရသူများရှိသလို၊ လုပ်ငန်းခွင်သို့ သွားရောက်ရသူများ မှာလည်း နေ့စဉ် ကျီးလန့်စာစားဘဝဖြင့် လှုပ်ရှားရုန်းကန်နေရသည့် အခြေအနေဖြစ်သည်။
ရန်ကုန်၏ တချို့ ဆိုင်ကယ်စီးခွင့်ရသော မြို့နယ်များတွင် အချိန်မရွေးဆိုင်ကယ်တားစစ်ခြင်း၊ အပြစ်အမျိုးမျိုးရှာကာ ဒဏ်ငွေဆောင်ခိုင်းခြင်း၊ မထင်ရင်မထင်သလို ဖမ်းဆီးခြင်းများရှိနေသည်။
“ကိုယ်နဲ့ မနီးမဝေးမှာ ပေါက်ကွဲတာဖြစ်ဖြစ်၊ ဒလန်လုပ်ကြံခံရတာဖြစ်ဖြစ် ဖြစ်ပြီဆိုရင် လန့်နေရတယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင် ဖမ်းတာဆီးတာတွေ လုပ်တယ်။ ဒလန်တယောက်ယောက်က ကိုယ့်ကိုကြည့်မရလို့ လက်ညှိုးထိုးတာနဲ့ ဖမ်းမယ်ဆိုတာချည်းပဲ။ ဘာပြစ်မှုမှမရှိရင် ငွေညှစ်ပြီးမှ ပြန်လွှတ်ပေးတယ်။ တချို့ဆို ရိုက်နှက်စစ်ဆေး ခံရပြီးမှ ငွေယူပြီး ပြန်လွှတ်တယ်။ အရက်ဖိုးမရှိလို့ ဆိုင်ကယ်သွားဖမ်းကွာဆိုတဲ့အသံ ကျနော်နားနဲ့ ဆတ်ဆတ် ကြားဖူးတယ်” ဟု ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့တွင် နေထိုင်သူ တဦးက ပြောသည်။
သန်လျင်၊ သီလဝါစက်မှုဇုန်တွင် ရန်ကုန်မှလာရောက်၍ အလုပ်လုပ်ကိုင်နေကြသူများ၊ သန်လျင်မှ ရန်ကုန်သွားရောက် အလုပ်လုပ်နေသူများ ကြုံရသည့် အခက်အခဲကတော့ တံတားကို မကြာခဏပိတ်ပြီး စစ်ဆေးခြင်းဖြစ်သည်။ အမှတ် ၁၊ အမှတ် ၂ တံတား နှစ်စင်းစလုံးကို လုံးဝပိတ်၍ စစ်ဆေးမှုများ ရှိခြင်းကြောင့် အလုပ်သွားအလုပ်ပြန်များ မကြာခဏ အခက်အခဲကြုံနေရသည်။
“ဆီဈေးတွေမြင့်လို့ ကားမဆွဲနိုင်ဘူး။ အော်ဒါရှိမှပဲ လိုက်တယ်။ ဒါ ကျနော်က ကိုယ်ပိုင်ကားမို့လို့။ အုံနာဆီက ယူဆွဲရတဲ့သူတွေဆို လုံးဝမကိုက်လို့ မဆွဲနိုင်ကြတော့ဘူး။ ဒီကြားထဲ အစစ်အဆေးတွေကလည်းရှိ၊ လမ်းတွေပိတ်နဲ့ တော်တော်ကို ဆိုးဆိုးရွားရွားပဲ” ဟု ကိုယ်ပိုင်တက္ကစီမောင်းသူတဦးက ညည်းညူသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ပုဒ်မမျိုးစုံတပ်၍ ဖမ်းဆီးထိန်းသိန်းခံထားရသူပေါင်း သောင်းဂဏန်းချီ ရှိနေရာ ထိုသူတို့၏ မိသားစုဝင်များမှာ အချိန်ကြာလာသည်နှင့်အမျှ ထောင်ဝင်စာပေးပို့ရသည့် အခက်အခဲ အကျပ်အတည်းများ ကြုံတွေ့နေရသည်။
အင်းစိန်ထောင်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူတဦး၏ မိခင်က “ကျမသမီး ဖမ်းခံရတာ တနှစ်ပြည့်တော့မယ်။ သူက ကျမနဲ့ သားငယ်လေးကို လုပ်ကျွေးနေတာ။ အခု သူမရှိတော့ ကျမ အရမ်း ဒုက္ခရောက်တယ်။ သူ့ကို ပါဆယ်မှန်မှန်ပို့နိုင်ဖို့တောင် တော်တော်ရုန်းကန်နေရတယ်” ဟု ဆိုသည်။
ယင်းအပြင် အင်တာနက်လိုင်းများကို ယခင်ကဲ့သို့ ဝိုင်ဖိုင်၊ ဒေတာ ဖွင့်ရုံနှင့်မပြီးဘဲ၊ VPN ပါ ခံသုံးလာရသည်။ စစ်တပ်က VPN ခံ၍ အသုံးပြုခြင်းအတွက် ဖမ်းဆီးစစ်ဆေးခြင်းအပါအဝင် ဒဏ်ရိုက်မှုများလည်း ရှိနေသည်ဟူသော သတင်းမှာ လူထုအကြား ပျံ့နှံ့နေသည်။
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တဦးအား ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းသမားတချို့က မေးမြန်းရာတွင် ၎င်းကိုယ်တိုင်ပင် VPN ခံ သုံးနေရသည်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။
“သတင်းစီးဆင်းမှုတွေ အားနည်းအောင် ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေကို ပိတ်တယ်။ ဒေတာခတွေ တိုးကောက်တယ်။ VPN ခံသုံးနေရတာ တနှစ်ကျော်ပြီ။ ဒါကိုကြည့်ရင် စစ်ကောင်စီလက်ထက်မှာ နိမ့်ကျသွားတဲ့ လူနေမှုအဆင့်အတန်းရဲ့ ပထမဆုံးသော အခြေအနေတခုပါပဲ” ဟု စက်ဘီးတစီးဖြင့် ပစ္စည်းလိုက်လံ ပို့ဆောင်သောလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ ကိုမျိုးမောင်မောင်က ရင်ဖွင့်သည်။
“ကျနော်တို့ ဝန်ဆောင်မှု လုပ်တဲ့ လုပ်ငန်းဆိုရင် မနက်လင်းလို့ စက်ဘီးတစီးနဲ့ လမ်းပေါ်ရောက်တာနဲ့ အင်တာနက်အတွက် ဒေတာဝယ်ဖို့ အရင်ဆုံးလုပ်ရတယ်။ ကိုယ်ရွေးချယ်တဲ့ အလုပ်က အင်တာနက်နဲ့ လုပ်မှ ထမင်းစားရတဲ့ ဘဝလေ။ တခါတလေ လိုင်းတွေကျလို့ ပါးစပ်နားရောက်နေတဲ့ ထမင်းလုပ်တောင် ပုတ်ချခံရသလို ခံစားရတယ်။ အခုအချိန်က လူငယ်ဘဝအလုပ်ပြီးချိန် လည်ချင်ပတ်ချင်တာတောင် ကိုယ့်ဝင်ငွေကို ကြည့်ပြီး ချိန်ဆသုံးနေရတာ။ အရင်လို အပေါင်းအသင်းနဲ့ အပြင်ထွက်ပြီး ဆိုင်ထိုင်သောက်တာမျိုး မရှိတာ လနဲ့ချီကြာပြီ။ တခါတလေ အရင်လို ချောင်လည်တဲ့ မိသားစုဘဝ၊ နောက်ကျောလုံလုံ ရှာဖွေစားသောက်ရတဲ့ ဘဝတွေကို ပြန်သွားချင်တယ်ဗျာ” ဟု သူက ညည်းတွားသည်။
၂၀၂၂ ခုနှစ် အစောပိုင်းကာလများမှစ၍ မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်း၏ ထက်ဝက်နီးပါးဖြစ်သော လူဦးရေ ၂၅ သန်းခန့်သည် အမျိုးသားဆင်းရဲမွဲတေမှု စည်းမျဉ်းအောက်တွင် နေထိုင်ရမည်ဟု UNDP ၏ အကဲဖြတ်ချက်အရ အတည်ပြုခဲ့သည်။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာခြင်းကြောင့် ဝင်ငွေ မရရှိခြင်းအတွက်သာမက အာဟာရ၊ကျန်းမာရေးနှင့်ပညာရေးအတွက်ပါကြီးမားသောအန္တရာယ်ရှိနေပြီး မျိုးဆက်သစ် လူသားအရင်းအမြစ်အပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သည်ဟု အစီအရင်ခံစာက ဖော်ပြထားသည်။
အမျိုးသားဒီမိုကရေစီအစိုးရ လက်ထက်တွင် မြန်မာ့လူနေမှုဘဝ အဆင့်အတန်းအတွက် နိုင်ငံတဝန်းရှိ ပြည်သူများ မည်သို့နေထိုင်ရသည်၊ မည်သည့် လုပ်ငန်းများတွင် လုပ်ကိုင်နေရသည်၊ လုပ်သားအင်အား၊ ကျောင်းတက်နှုန်း၊ ရေရရှိမှု၊ ဖုန်းနှင့် အင်တာနက်သုံးစွဲမှု ကိစ္စရပ်များအား ကမ္ဘာ့ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ ချက်ဖြင့် ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များကို ချမှတ်ခဲ့ပြီးဖြစ်သည်။
မြို့ပြနေမှုဘဝ အဆင့်အတန်းများအပေါ် ပြန်ပြောင်းကြည့်မည်ဆိုလျှင် နိစ္စဓူဝ ကုန်ကျနေသည့် အသုံးစရိတ်များနှင့် ဝင်ငွေရရှိမှုများသည် ဆီနှင့်ရေ ခွဲခြား၍ ရသည့်ပမာ မြင်တွေ့နေကြရသည်။ လမ်းစရိတ်၊ အိမ်ငှားခ၊ မီတာခ၊ အထွေထွေအသေးသုံး စရိတ်များမှာ မဖြစ်မနေ သုံးစွဲကုန်ကျနေရသည့် ပင်မဒေါက်တိုင်များလည်း ဖြစ်သည်။
လက်ရှိ ရန်ကုန်မြို့တွင်း ခရီးသွားသယ်ယူပို့ဆောင်ရေး စရိတ်များသည် ယခင် ကျပ်၂၀၀ မှ ယခု ကျပ် ၃ဝဝ မှသည် ၄၀၀ သို့ ပြောင်းလဲကောက်ခံလာသည်။ လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကြောင့် စုပေါင်းနေထိုင်ရသော အိမ်ရာတိုက်ခန်းများတွင် သုံးရေ ဖူလုံအောင်မရရှိသဖြင့် ဝယ်ယူသုံးစွဲနေရသည်။ မြေညီထပ်မှစ၍ အလွှာအလိုက် ပေးနေရသည့် ရေဖိုးသည် တရက်လျှင် ကျပ်နှစ်ထောင်ဝန်းကျင်မှ ကျပ်ငါးထောင်အထိ ရှိနေသည်။ ရန်ကုန်ပြည်သူအများစုက မီတာခွန်မဆောင်ခြင်းဖြင့် စစ်ကောင်စီကို ဆန့်ကျင်နေရာ တချို့နေရာများတွင် လျှပ်စစ်မီးကို လုံးဝဖြတ်တောက်မှုများလည်း ရှိနေသည်။
လျှပ်စစ်မီး ပြတ်တောက်မှုသည် တရက်လျှင်နှစ်ကြိမ်၊ တခါတရံ သုံးကြိမ်နှုန်းဖြင့် တကြိမ်ပျက်လျှင် ၆ နာရီကျော် ကြာမြင့်သည်။ အိမ်ငှားခကို ကြည့်ပြန်လျှင် တလလျှင် ကျပ်တသိန်းမှ နှစ်သိန်းဝန်းကျင်ရှိသည်။ အဆိုပါ အသုံးစရိတ်များကို ခြုံငုံကြည့်မည်ဆိုလျှင် နေထိုင်သည့် မိသားစုဦးရေအပေါ် မူတည်၍ တလလျှင် ပျမ်းမျှ ကျပ် ၁၀ သိန်းခန့် ကုန်ကျမည်ဖြစ်သည်။
ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကို ကြည့်ပြန်လျှင်လည်း မြို့နေလူထုအဖို့ အသက်ပင် ရဲရဲမရှူရဲလောက်အောင်ပင် လူမှုဘဝ အဆင့်အတန်းများ ယိုယွင်းခဲ့ပြီဖြစ်သည်
“အခုအချိန် ငွေတသောင်းကိုင်ပြီး ဈေးကိုမသွားနဲ့၊ ရွာကိုလည်နေတော့တာ။ ကန်စွန်းရွက်တစည်း အရင်က သုံးစည်းငါးရာကနေ အခုတစည်းကို သုံးရာဖြစ်နေပြီ။ မိသားစုများတဲ့ အိမ်ထောင်စုတစု ကန်စွန်းရွက်ကျော် စားမယ်ဆိုရင်တောင် အနည်းလေး တထောင်ဖိုးလောက်ဝယ်မှ အဆင်ပြေမယ်။ ဆီဖိုး၊ ကြက်သွန်ဖိုးဆိုတဲ့ အမယ်ဖိုးတွေ မပါသေးဘူး။ ဒါကြောင့် မလိုတာမဝယ်မိအောင် ထိန်းထားတယ်။ အပိုသုံးစွဲတာ မျိုးတွေကိုလည်း ရှောင်လိုက်တယ်” ဟု အိမ်ထောင်ရှင်မ တဦးက ရင်ဖွင့်ပြောဆိုသည်။
စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ကုန်ဈေးနှုန်းများ မြင့်တက်လာကြောင်းနှင့် ပြည်ပ သွင်းကုန်များလည်း ဈေးနှုန်းမြင့်တက်လာနေကြောင်း ဝန်ခံပြောဆိုထားသည်။ သို့သော် ပြန်လည် ထိန်းချုပ်နိုင်အောင် ဆောင်ရွက်ပေးခြင်းမျိုး မရှိသေးချေ။ ရန်ကုန်မြို့၏ အထင်ကရ နေရာတခုဖြစ်သော လသာမြို့နယ်အတွင်းရှိ ၁၉ လမ်းတွင် ညတိုင်း စားသောက်ပျော်ပါးသည့် နှုန်းများလည်း ကျဆင်းနေသည်ဟု ယင်းလမ်းအတွင်းရှိ စားသောက်ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။
“အရင် တညရောင်းရတဲ့နှုန်းနဲ့ အခု ရောင်းရတဲ့နှုန်း မတူဘူး။ ၁၉ လမ်းထဲမှာ လူစည်နေတာပဲရှိတာ၊ စားသုံးသူတွေက အရင်လို ဝယ်မစားကြတော့ဘူး။ ဘီယာသောက်ရင် အမြည်းတပွဲလောက်နဲ့တင် ပြီးတယ်။ အကင်ဆိုတာ ယပ်ခပ်ပြီး ဝယ်သူကို ထိုင်စောင့်နေရတဲ့ အခြေအနေ။ လှည်းနဲ့တွန်းရောင်းတဲ့ လက်ဖက်တို့၊ စွပ်ပြုတ်တို့လောက်နဲ့တင် ပြီးကြတယ်။ အရင်ကဆို ၁၉ လမ်း အကင်ကို သက်သက် လာစားတဲ့ မိသားစုဝိုင်းတွေ ရှိတယ်။ အခု မရှိသလောက်ရှားတယ်။ ပြည်တွင်း ခရီးသွားရော၊ ပြည်ပခရီးသွားရော မရှိတာ။ လာတဲ့ စားသုံးသူတွေက မြို့ခံသက်သက်လောက်ပဲ ရှိတော့တယ်” ဟု သူက ညည်းတွား ပြောဆိုသည်။
ယင်းအပြင် ၁၉ လမ်းအတွင်း လာရောက်လည်ပတ်သူ တဦးကလည်း “ရပ်ကွက်ထဲက ဆိုင်မှာ အမြဲလိုလို သောက်နေရတော့ ငြီးငွေ့လာတယ်။ အပြောင်းအလဲလေး ဖြစ်အောင်လာထိုင်တာ။ ဒါပေမယ့် လာကတည်းကိုက ချိန်ဆပြီးလာတာ၊ ဘီယာငါးခွက်သောက်မယ်၊ ကန်စွန်းပလိန်းတပွဲ မှာစားမယ်။ ပြီးရင် ပြန်မယ်ပေါ့။ ရှာလို့ရတဲ့ ဝင်ငွေနဲ့ သုံးနေရတဲ့ငွေက မမျှတဘူး။ ကြာလာတော့ မအလ လက်ထက် နေထိုင်စားသောက်ရတဲ့ ဘဝတွေက ခါးလွန်နေပြီဗျာ” ဟု ဆိုသည်။
ယင်းသည် မြို့ပြနေ လူနေမှုဘဝ အဆင့်အတန်းများ နိမ့်ကျလာခြင်းနှင့် ကျီးလန့်စာစားဘဝများ၏ တစိတ်တပိုင်းပင် ရှိသေးသည်။
မြို့ပြ၏ဒုက္ခများအပြင်၊ ကျေးလက်နေ ပြည်သူတို့၏ ဘဝကိုလှမ်းမျှော်ကြည့်မည်ဆိုလျှင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ကျေးလက်များအတွင်း ထိုးစစ်ဆင်တိုက်ပွဲများကြောင့် အိုးမဲ့အိမ့်မဲ့ ဘဝများဖြင့် ထွက်ပြေး တိမ်းရှောင်သူဦးရေ နှစ်သန်းအတွက် အရေးတကြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး (OCHA) က ထုတ်ပြန်ထားသည်။
ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ကျေးလက်နေပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရသူများသည် ကယားပြည်နယ် တပြည်နယ်တည်းမှာပင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ တသိန်းဝန်းကျင်ရှိနေပြီး ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး တိုက်ပွဲများကြောင့် လူဦးရေ နှစ်သောင်းနီးပါးမှာ ချင်းပြည်နယ်၊ မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ယာယီစစ်ရှောင်စခန်း ၁၀၀ ကျော်၌ ဆက်လက်နေထိုင်နေရကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း၌ လူဦးရေစုစုပေါင်း သုံးသောင်းနီးပါးခန့်သည်လည်း နေရပ်စွန့်ခွာခဲ့ကြရပြီး ယင်းအနက် လူဦးရေ ခုနစ်ထောင်ကျော်လောက်မှာ ယာယီ စစ်ရှောင်စခန်း ၃၃ ခုတွင် ဆက်လက်နေထိုင်နေရဆဲ ဖြစ်ကြောင်း ဆိုသည်။
နိုင်ငံတနိုင်ငံ၊ ဒေသတခု၊ လူ့အဖွဲ့အစည်းတရပ်၏ လူနေမှု အဆင့်အတန်းနှင့် ဘဝအရည်အသွေးကို မြှင့်တင်ပေးရန်မှာ အစိုးရများ၏ မဖြစ်မနေ လုပ်ရမည့် တာဝန်ဟု ဆိုလျှင် မြန်မာပြည်တွင် အစိုးရ ပျောက်ကွယ်သွားသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စခဲ့သည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။