ယူကရိန်းနိုင်ငံကို ကမ္ဘာကလက်နက်တွေဝိုင်းဝန်းထောက်ပံ့၊ လိုအပ်တာတွေ အင်တိုက်အားတိုက် ကူညီတာမြင်ရတော့ စိတ်ထဲမှာ တွေးစရာတွေ၊ ပြောပြစရာတွေ အများကြီးရှိလာတယ်။ မချီးကျူးဘဲမနေနိုင်တာက ယူကရိန်းသမ္မတရဲ့အရည်အချင်းဖြစ်ပြီး၊ NUG နဲ့ပတ်သက်ပြီးလည်း ဝေဖန်ထောက်ပြစရာတွေ တစ်ပုံကြီးပေါ်လာတယ်။တချို့က မေးကြတာရှိတယ်။ ကမ္ဘာက ယူကရိန်းကိုကျတော့ ဘာဖြစ်လို့ လက်နက်တွေထောက်ပံ့တာလဲ၊ ငွေကြေးအကူအညီအများကြီးပေးတာလဲ၊ မြန်မာနိုင်ငံကိုကျတော့ ဘာလို့မကူညီတာလဲ၊မြန်မာနိုင်ငံကမွဲနေလို့လား၊မျက်နှာကြီးရာဟင်းဖတ်ပါတာလား အစသဖြင့်ပါ။ တချို့လည်း ကိုယ့်လိုဘမပြည့်တော့ တွေ့ကရာပို့စ်တွေမှာ လိုက်ဆဲနေတာတွေလည်း ရှိပါတယ်။
ကျွန်တော့်အမြင်ပြောရရင် အနေအထားခြင်း၊ အခြေအနေခြင်းက မတူညီပါဘူး။ ရုရှားက ယူကရိန်းကို ကျူးကျော်တာဟာအခန့်မသင့်ရင်တတိယကမ္ဘာစစ်တောင်ဖြစ်သွားနိုင်တဲ့အနေအထားပါ။အခုအချိန်ထိလည်း တရားသေပြောလို့မရသေးပါဘူး။ နောက်တစ်ချက်က ယူကရိန်းသမ္မတရဲ့ အရည်အချင်း။ သူ့ကို အမေရိကန်အပါအဝင် တခြားအင်အားကြီးနိုင်ငံတွေက ဘေးကင်းရာကို ခေါ်ပေးမယ်ဆိုပြီး ကမ်းလှမ်းတုန်းက သူက “ငါတို့လိုအပ်တာ လက်နက်နဲ့ခဲယမ်း၊ အဲဒါပဲလိုချင်တယ်၊ ငါ ဒီကနေ ဘယ်မှမသွား၊ ငါ့နိုင်ငံကို အတူကာကွယ်ကြမယ်” ဆိုတာမျိုးပါ။ စကားတွေက လိုရင်းတိုရှင်းပဲ။ ပြောတာပြတ်တယ်။ လုပ်တာလည်းရှင်းတယ်။အဲဒီ့တော့ ဒီမိုကရေစီလိုလားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အရှိုက်ကိုထိသွားတယ်။ သူတို့ ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်တော့ဘူး။ စိုးရိမ်တယ်၊ စိတ်ပူတယ်၊ ရပ်တန်းကရပ်ပါ ဆိုတာလောက်နဲ့မရဘဲ လက်တွေ့ကျတဲ့အကူအညီတွေပေးရတယ်။ ဒါဟာ ဘာကိုပြသသလဲဆိုတော့ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့အရည်အချင်းပါပဲ။
ထပ်ပြောရရင်ယူကရိန်းနိုင်ငံသားတွေရဲ့နိုင်ငံချစ်စိတ်ပဲ။အားကစားသမားတွေကအစလက်နက်ကိုင်ကြတယ်။ လစာဝင်ငွေကောင်းတဲ့ ဘောလုံးသမားတွေတောင် ဘောလုံးမကန်ကြဘဲ တော်လှန်ရေးထဲ ချက်ခြင်းဝင်ပါကြတယ်။ ဒါတွေကို ကမ္ဘာက မတုန်လှုပ်ဘဲ မနေနိုင်တော့ဘူး။
ကိုယ့်နိုင်ငံရဲ့အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရအောင် ။
ကျွန်တော်တို့ မြန်မာနိုင်ငံကို ကမ္ဘာက လက်နက်နဲ့ခဲယမ်းမထောက်ပံ့တာ၊ လိုအပ်တဲ့ငွေကြေးအကူအညီ၊ စစ်ရေးအကူအညီမပေးတာဟာ ဒီအချက်တွေကြောင့်လို့ သုံးသပ်ပါတယ် –
(၁) လူမျိုးတုံးသတ်ဖြတ်မှုကိစ္စ(Genocide Issue) ဟာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့အမည်းစက်တစ်ခုပါပဲ။ အမေရိကန်အပါအဝင် အနောက်အုပ်စုတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားကြတယ်။ လူမပြောနဲ့၊ တိရစ္ဆာန်တစ်ကောင်ရဲ့အသက်ကိုတောင် လက်လွတ်စပယ် မသတ်ကြပါဘူး။ အဲဒီ့လိုအနေအထားမှာ မြန်မာနိုင်ငံကို ဂျီနိုဆိုဒ်အားပေးတယ်လို့ သတ်မှတ်ခံထားရတာဟာ အတော်ဆိုးပါတယ်။ ကိုယ်တွေပြည်တွင်းမှာတော့ သိတာပေါ့။ ဒီကိစ္စကျူးလွန်တာ စစ်တပ်က ကျူးလွန်တာ၊ စစ်တပ်မှာပဲ အပြစ်ရှိတယ်၊လူမျိုးနဲ့နိုင်ငံမှာအပြစ်မရှိဘူးဆိုပြီး။ ဒါပေမယ့် လက်တွေ့မှာတော့ ကမ္ဘာ့အမြင်က တစ်မျိုးဖြစ်ပါတယ်။ တချို့ကိုယ့်လူမျိုးတွေကိုယ်နှိုက်က ဘုမသိဘမသိနဲ့ ပါးစပ်သရမ်းထားတာတွေ၊ ဂျီနိုဆိုဒ်အားပေးလုပ်ရပ်မျိုး ပြောဆိုထားတာတွေဟာ သူတို့လက်ထဲမှာသက်သေတွေရှိပါတယ်။ဘယ်ကိစ္စမဆိုဒီအတိုင်းမပြီးဘူး၊နောက်ဆက်တွဲသက်ရောက်မှုတွေရှိတယ်ဆိုတာ သတိပြုဆင်ခြင်စရာပါပဲ။
(၂) မြန်မာကို လက်နက်မထောက်ပံ့တဲ့ ဖြစ်နိုင်ချေ ဒုတိယအချက်က NUG ကို အစိုးရအဖြစ် အသိအမှတ်မပြုသေးလို့ဖြစ်ပါတယ်။ တရားဝင်အစိုးရမဟုတ်ရင် တရားဝင် လက်နက်အကူအညီ၊ ငွေကြေးအကူအညီ၊ စစ်ရေးအကူအညီတွေ ပေးလို့မရပါဘူး။ ပေးလေ့မရှိပါဘူး။ UN ရော၊ US ရော ဂရုမစိုက်ဘူး၊ ကိုယ့်ဖာသာတိုက်မယ်၊ ကမ္ဘာက အသိအမှတ်မပြုလည်း ဂရုမစိုက်ဘူးဆိုတာ နားမလည်လို့ပြောကြတာ ဖြစ်ပါတယ်။ ကမ္ဘာကသာ အသိအမှတ်ပြုရင် အခုလိုမျိုး ယူကရိန်းရတဲ့အခွင့်အရေးတွေ ကိုယ့်နိုင်ငံလည်း ကျိန်းသေပေါက်ရမှာပါ။
(၃) နောက်ဆုံးတစ်ချက်က NUG ရဲ့ စွမ်းဆောင်ရည်ပါ။ ဒီလိုပြောလို့ NUG ကို အသုံးမကျဘူး၊ စွမ်းဆောင်ရည်ညံ့ဖျင်းတယ်လို့ ဆိုလိုတာမဟုတ်ပါ။ NUG မှာ လူတော်လူကောင်းအများစုနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ အားလုံးသိပါတယ်။ နယ်ပယ်အသီးသီးက ပညာရှင်တွေနဲ့ စုဖွဲ့ထားတယ်လို့သိရပါတယ်။ NUG ဟာ စုပေါင်းဉီးဆောင်မှု(collective leadership) နဲ့ ဆောင်ရွက်နေတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒီနေရာမှာ ထောက်ပြစရာရှိတာက collective leadership ရဲ့ အားနည်းချက်ဖြစ်ပါတယ်။ collective leadership ဟာ ပုံမှန်အခြေအနေမှာဆိုရင် အလုပ်ဖြစ်ပြီး အမှားနည်းပါတယ်။ ဒါပေမယ့် ကျဉ်းထဲကြပ်ထဲမှာဆိုရင် collective leadership ဟာ သိပ်အသုံးမတည့်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ပြတ်ပြတ်သားသားဆောင်ရွက်ရမယ့်အချိန်မှာ အရေးကြီးဆုံးဖြတ်ချက်ချမယ့်သူ (Final Decision Maker) လိုအပ်လာလို့ ဖြစ်ပါတယ်။ အပြောင်းအလဲ(turning point) ကို ပြုလုပ်မယ့်သူ လိုအပ်လာပါတယ်။ ဉပမာ – ယူကရိန်းသမ္မတလိုမျိုးပါ။ ဘေးလွတ်ရာကို ထွက်ပြေးမလား၊ အညံ့ခံပြီး ဆွေးနွေးမလား၊ အသေခံပြီး တိုက်မလား ဆိုတာမျိုးကို ရွေးချယ်ရတာမျိုးပါ။ ယူကရိန်းသမ္မတဟာ တတိယရွေးချယ်စရာ(third option) ကို ရွေးချယ်သွားပါတယ်။ တိုက်မယ်၊ ကမ္ဘာကို ဆွဲခေါ်မယ် ဆိုပြီးတော့ပါ။ NUG မှာလည်း ပြတ်ပြတ်သားသား ဆုံးဖြတ်မယ့်သူ၊ အဆုံးအဖြတ်ပေးနိုင်မယ့်ပုဂ္ဂိုလ် လိုအပ်တယ်လို့ သုံးသပ်မိပါတယ်။ ယာယီသမ္မတလား၊ ဝန်ကြီးချုပ်လား၊ ဘယ်ဝန်ကြီးလဲ ဆိုတာမျိုးပါ။ အရေးအကြီးဆုံးအချက်က လက်ရှိသွားနေတဲ့ ဗျူဟာတွေဟာ တကယ်ရော ထိရောက်မှုရှိရဲ့လား၊ ကိုယ်မျှော်မှန်းထားတဲ့အချိန်အတွင်းမှာ လိုချင်တဲ့ပန်းတိုင်ကို ရပါ့မလား၊ လက်တွေ့ဖြစ်မလာခဲ့ရင်ဘယ်လိုနည်းလမ်းနဲ့အစားထိုးဖြေရှင်းမလဲဆိုတာကိုသေချာပြင်ဆင်ထားစေလိုပါတယ်။
ခန့်မှန်းသုံးသပ်ကြည့်ရသလောက် NUG သွားနေတဲ့ ဗျူဟာက နိုင်ငံရေးဉီးစားပေးပြီး၊ စစ်ရေးကို ဒုတိယထားတဲ့ဗျူဟာ ဖြစ်နိုင်ပါတယ်။ ရဲနဲ့စစ်သား CDM အရေအတွက်များလာအောင်လုပ်ပြီး တပ်ကိုဖြိုမယ်၊ တစ်ဖက်မှာ Local PDF တွေရဲ့ အားနဲ့ မစ်ရှင်တွေလုပ်မယ်၊ တပ်ကိုဖြိုမယ်၊ တစ်ဖက်မှာလည်း နိုင်ငံတကာအသိအမှတ်ပြုခံရအောင် ကြိုးစားမယ်ဆိုတာမျိုးပါ။
ဒါပေမယ့် ဒီပုံစံအတိုင်းဆက်သွားရင် ဒီဗျူဟာ ဟာ ၂၀၂၂ အတွင်း (ကျန်တဲ့ ၁၀ လ အတွင်း) မှာ အောင်မြင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ရဲနဲ့စစ်သား CDM အရေအတွက်ဟာ ထင်သလောက် များမလာနိုင်ပါဘူး။ ရှိတော့ရှိနေပါလိမ့်မယ်။ ဒါပေမယ့် အရေအတွက်အားဖြင့် နည်းပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အများစုက အာဏာရှင်စနစ်မှာ လုပ်ချင်တာလုပ်၊ အနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတာကို သဘောကျကြလို့ ဖြစ်ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်း CDM အပိုင်းမှာလည်း ဒီအတိုင်းပါပဲ။ အများစုက မိသားစုအကြောင်းပြကြပေမယ့် တကယ်တမ်းကျ အာဏာရှင်စနစ်ကို ကြိုက်နှစ်သက်တဲ့သူတွေဟာ CDM မလုပ်ကြပါဘူး။ ဒီမိုကရေစီစနစ်မှာ ပြည်သူကို လေးစားရ၊ ကြောက်ရွံ့ရတာကိုး။ အာဏာရှင်စနစ်မှာ စိတ်ကြိုက်ပညာပြခွင့်၊ အာဏာရှင်ဘောမပြီး လုပ်စားခွင့် ရတဲ့အတွက် CDM မလုပ်ကြပါဘူး။ အဲ့လိုလူတွေကို CDM မှာ ပါဝင်လာအောင် လုပ်နေတာဟာ တော်လှန်ရေးကာလကို ဆွဲဆန့်နေတာနဲ့ သိပ်မကွာပါဘူး။
နောက်တစ်ချက်က ဒလန်ရှင်း၊ ရဲကင်းတွေဝင်ပစ်၊ မစ်ရှင်တွေလုပ်ပြီး တပ်ကို ဖြိုတဲ့နေရာမှာလည်း ကောင်းတော့ကောင်းပေမယ့် ထိရောက်မှုအပိုင်းမှာ အားနည်းနေပါသေးတယ်။ စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ကြီးကြီးမားမား မထိခိုက်သရွေ့၊ ခေါင်းဆောင်ပိုင်းတွေကို မချေမှုန်းနိုင်သေးသရွေ့ သူတို့က အာဏာပြန်လွှဲမှာမဟုတ်ပါဘူး။ အောက်ခြေက စစ်ခွေး၊ ရဲခွေးတွေ သေချင်သလောက် သေပါစေ၊ သူတို့စိတ်မဝင်စားပါဘူး။ အဲဒီ့တော့ ဗျူဟာ မပြောင်းဘဲ ဒီပုံစံအတိုင်းဆက်သွားနေရင်တော့ ၂၀၂၂ နှစ်အတွင်းမှာ မျှော်မှန်းရလဒ်ရဖို့ ခဲယဉ်းတယ်ဆိုတာပါပဲ။ ဒီ (၁၀)လ အတွင်းမှာ နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုခံရဖို့ဆိုတာ မဖြစ်နိုင်ဘူးတော့မဟုတ်၊ ဖြစ်နိုင်ချေ အတော်နည်းပါးတယ်လို့ပဲ ဆိုချင်ပါတယ်။
အဲဒီ့တော့ NUG အနေနဲ့ တော်လှန်ရေးကို မြန်မြန်အဆုံးသတ်ချင်တယ်၊ ၂၀၂၂ အတွင်းမှာ ကြီးမားတဲ့အောင်မြင်မှုကို လိုချင်တယ်ဆိုရင်တော့ ဗျူဟာအပြောင်းအလဲ လုပ်ကိုလုပ်သင့်ပြီဖြစ်ပါတယ်။ တကယ်လို့ ဆွဲထားပြီးသားဆိုရင်လည်း အချိန်မရှိတဲ့အတွက် မြန်မြန်ထက်ထက် အကောင်အထည်ဖော်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုမှမဟုတ်ရင် မြေပြင်မှာ ထိခိုက်ဆုံးရှုံးမှုများပြီး တော်လှန်ရေးဟာ တဖြည်းဖြည်းအားပျော့လာမှာဖြစ်ပါတယ်။
တော်လှန်ရေးကာလ ၁ နှစ်ကျော်လာတဲ့အချိန်မှာ “ငါတို့နိုင်နေပြီ” ၊ “အားတင်းထား မကြာတော့ဘူး” ၊ “အရေးတော်ပုံအောင်နေပြီ” ဆိုတဲ့စကားတွေဟာ False Hope တွေမှန်း ပြည်သူတွေ တဖြည်းဖြည်းနဲ့ သဘောပေါက်လာလို့ဖြစ်ပါတယ်။ အဓိကအချက်က ပြည်သူဟာ ရေရှည်တောင့်မခံနိုင်တော့ပါဘူး။ NUG အနေနဲ့ လာမယ့် ၂ လ/ ၃ လ အတွင်းမှာ သိသာထင်ရှားတဲ့အပြောင်းအလဲကို လုပ်ပေးဖို့ အရေးကြီးနေပါပြီ။
လက်ရှိမြေပြင်အခြေအနေမှာ Local PDF တွေ အထိအခိုက်အကျအဆုံးများနေပါတယ်။ ပြည်သူတွေ တရားလက်လွတ် အဖမ်းခံရ၊ နှိပ်စက်ခံရ၊ အိမ်မီးရှို့ခံနေရပါတယ်။ EAOS တွေလက်အောက်က PDF တွေဟာ စိတ်ဓာတ်တွေကျ၊ ယုံကြည်မှုတွေ ပျောက်ဆုံးနေကြပါပြီ။ CDM အများစုလည်း ခက်ခဲကြပ်တည်းလွန်းလို့ ယုံကြည်မှုတွေ ပျောက်ဆုံးနေကြပါပြီ။
NUG အနေနဲ့ လုပ်သင့်တဲ့အချက်များ
(၁)EAOsတွေနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့အတွက်ခန့်အပ်ထားတဲ့ကိုယ်စားလှယ်တွေကိုအပြောင်းအလဲပြုလုပ်သင့်ပါတယ်။လက်ရှိမှာတောင်ပိုင်းရော၊မြောက်ပိုင်းမှာရောအဆင်မပြေတဲ့အသံတွေဆူညံစွာကြားနေရပါတယ်။ ကိုယ်စားလှယ်တွေကို EAOsတာဝန်ခံတွေရော၊PDFတွေရောအယုံအကြည်ကင်းမဲ့နေတဲ့သတင်းတွေဟာ မကြားချင်အဆုံးပါဘဲ။ အထူးသဖြင့် မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေ ပေးတာမျိုး၊ စကားကို လျှာအရိုးမရှိလျှောက်ပြောတာမျိုး၊ တစ်ဖက်သားကို လေးစားဖို့ဝန်လေးတဲ့အပြုအမူမျိုးတွေဟာ NUG ရဲ့ ပုံရိပ်ကိုကျဆင်းစေသလို၊တော်လှန်ရေးကိုလည်းထိခိုက်စေတာမို့ဒီအတိုင်းမထားဘဲအပြောင်းအလဲလုပ်သင့်ပါကြောင်း အကြံပြုချင်ပါတယ်။
(၂) လုံခြုံရေးအခြေအနေအရ နေရာတကာ ကိုယ့်လူချည်းပဲထားတာ ကောင်းတော့ကောင်းပေမယ့် လုပ်ငန်းအောင်မြင်မှုအပိုင်းကိုထိခိုက်စေပါတယ်။တချို့နေရာတွေမှာအသုံးမကျတဲ့ကိုယ်စားလှယ်တွေကြောင့် လုပ်ငန်းမတွင်ကျယ်တာမျိုးဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်လူဟာ အများနဲ့အဆင်မပြေဘူး၊ လက်တွေ့မှာအသုံးမကျဘူးဆိုရင် ပြောင်းလဲပစ်တာမျိုးလုပ်သင့်ပါတယ်။ ငါပဲမှန်တယ်၊ ငါတို့ပဲကောင်းတယ်၊ ငါတို့မရှိရင်ဘာဖြစ်သွားမယ်ထင်သလဲဆိုရင်အာဏာရှင်နဲ့ဘာထူးတော့မှာလဲ။အာဏာရှင်စနစ်ကိုတော်လှန်နေပြီး အာဏာရှင်အချိုးလာချိုးရင် ဘယ်တိုင်းရင်းသားလက်နက်ကိုင်က၊ ဘယ် PDF ရဲဘော်က လေးစားပါ့မလဲ။ အဆင်မပြေနိုင်ပါဘူး။
(၃) Bond မဝယ်ဘဲ၊ နွေဉီးထီမထိုးဘဲ တော်လှန်ရေး မအောင်ချင်နဲ့ဆိုပြီး ပြည်သူကို အပြစ်ပြောနေမယ့်အစား Bond ဝယ်ချင်လာအောင်၊ နွေဉီးထီထိုးချင်လာအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသင့်ပါတယ်။ လက်ရှိမှာ bond ကိုရော၊ နွေဉီးထီကိုရော လူထုစိတ်ဝင်စားမှုလျော့ကျနေပြီး မြေပြင်ကို တိုက်ရိုက်ကူနေကြပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာရပ်မဟုတ်ပါဘူး။ NUG အပေါ် လူထုထောက်ခံမှု လျော့ကျလာတဲ့ အဓိပ္ပာယ်ပါပဲ။ NUG ကို လှူရင် ကြာတယ်၊ အလှူငွေတွေ ရောက်/မရောက် မသေချာဘူးဆိုတဲ့ အယူအဆတွေ ကျယ်ပြန့်လာတာ လက်တွေ့ပါပဲ။ ဒါကို တချို့က သွေးခွဲတဲ့သူတွေကြောင့်လို ပြောနေကြပါတယ်။ အမှန်တော့မဟုတ်ပါဘူး။ NUG အပေါ် ယုံကြည်မှုလျော့ကျလာလို့ပါ။ မယုံရင် မြေပြင်စစ်တမ်းတွေကို ကောက်ကြည့်ပါ။ နိုင်ငံခြားက အကြီးအကျယ်လှူနေတဲ့ အလှူရှင်တွေကို မေးကြည့်ပါ။ ဘာလို့ NUG ကို မလှူဘဲ မြေပြင်ကို တိုက်ရိုက်လှူနေသလဲလို့ပါ။
Bond ကို ယခုထက်ပိုပြီး ပြည်တွင်းရော/ပြည်ပရော အလွယ်တကူထိုးနိုင်အောင် နောက်ထပ်နည်းလမ်းတစ်ခုနဲ့ ကြိုးစားသင့်ပါတယ်။ နိုင်ငံကျော် အနုပညာရှင်တွေ၊ ဆယ်လီတွေ၊ အင်ဖလူရန်ဆာတွေ၊ ဗော်လန်တီယာတွေ အားကိုသုံးပြီး Raffel Ticket တုန်းကလိုမျိုး Challenge အကြီးစားလုပ်ပြီး bond ရောင်းသင့်ပါတယ်။
နွေဉီးထီကိုဒီအတိုင်းဆက်ရောင်းနေရင် နောက်(၃)နှစ်ကြာမှသာ CDM ဝန်ထမ်းတွေကိုလူစုံအောင် ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ ဒါတောင် CDM ဝန်ထမ်း (၄) သိန်းကိုထောက်ပံ့နိုင်မှာမဟုတ်ဘဲ NUG ကို ချိတ်ဆက်ထားတဲ့ CDM ဝန်ထမ်း ၁ သိန်း ၆ သောင်းကိုသာ ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။ အဲဒီ့တော့ သမားရိုးကျဆက်ရောင်းနေမယ့်အစား လူစိတ်ဝင်စားမယ့်အစီအစဉ်တွေနဲ့ ရောင်းချသင့်တယ်လို့ အကြံပြုချင်ပါတယ်။ အနည်းဆုံးတော့ “အောင်လံလွှင့်ချီ နွေဉီးထီ” Facebook Page မှာ အပြုသဘောဆောင်တဲ့ comment တွေကို reply ပြန်ပေးရင်တောင် ဒီ့ထက်ပိုပြီးရောင်းရမှာဖြစ်ပါတယ်။
(၄) နောက်ဆုံးအကြုံပြုချက်ကတော့ အရေးအကြီးဆုံးပါပဲ။ EAOs တွေနဲ့ အဆင်ပြေအောင် အမြန်ဆုံးပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်း နှစ်ဖက်စလုံးက လူမျိုးစွဲ၊ ဒေသစွဲတွေ စွဲမကိုင်ထားကြဖို့ အရေးကြီးပါတယ်။ ခေါင်းဆောင်လုပ်သူတွေကိုယ်နှိုက်က ငါ့လူမျိုး၊ ငါ့ဒေသ အကျိုးစီးပွားလောက်သာတွေးနေရင် တော်လှန်ရေးဟာ ကြာပါလိမ့်ဉီးမယ်။ တော်လှန်ရေးကြာတော့ ဘယ်သူနာသလဲ၊ ပြည်သူပဲ နာတာပါ။ ပြည်သူဆိုတာဟာလည်း တစ်နိုင်ငံလုံးမှာရှိတဲ့လူတွေကို ဆိုလိုပါတယ်။ ကရင်မှ ကိုယ့်လူ၊ ကချင်မှ ကိုယ့်လူ၊ ဗမာမှ ကိုယ့်လူမဟုတ်ပါဘူး။ လူမျိုးကြီးဝါဒကို စွန့်လွှတ်နိုင်မှသာ ဆွေးနွေးပွဲတွေဟာ ထိရောက်မှာဖြစ်ပါတယ်။
တော်လှန်ရေးကာလဟာ ၂၀၂၂ နှစ်ကို ကျော်သွားလို့မရပါဘူး။ မတော်တဆများ ကျော်သွားခဲ့ရင် ပြည်သူတွေမလိုချင်တဲ့ရလဒ် ထွက်လာနိုင်လို့ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။