စစ်ရေး၊ လုံခြုံရေး ဆိုင်ရာ ကိစ္စများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအဖွဲ့ အကျပ်ရိုက်ခဲ့ရသည့် လွန်ခဲ့သော ငါးနှစ်က အကြောင်းများကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် မန်းဝင်းခိုင်သန်းထံမှ သိရသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန် လုပ်ဆောင်နေသည့် တော်လှန်ရေး၏ အလားအလာနှင့် ပြည်သူထံ ပေးလိုသည့် သတင်းစကားများကိုလည်း လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဝန်ကြီးချုပ်တာဝန်ယူထားသည့် မန်းဝင်းခိုင်သန်းက ပြောပြထားသည်။
မန်းဝင်းခိုင်သန်းနှင့် Myanmar Now တွေ့ဆုံမေးမြန်းထားသည်ထဲမှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး − အာဏာသိမ်းမယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေတဲ့ မနှစ်က ဒီလိုအချိန်မှာ တကယ်များ သိမ်းခဲ့ရင် ဘာလုပ်ပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားတာမျိုးရှိလား။
ဖြေ − အဲဒီတုန်းက မရှိခဲ့ဘူးဗျ။ ကျွန်တော်တို့ ဘာလုပ်မယ်ဆိုတာမျိုး။ ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ဘာသာသူ အစီအစဉ်ရှိလိမ့်မယ်။ သူ ဒီလမ်းကြောင်းထဲ ရောက်အောင် တင်းခံပြီးတော့ ပို့လိုက်တယ်လို့ ဒီလိုပဲထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုရှိတာက ပေးတဲ့ သက်တမ်းငါးနှစ်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုပြီး လုပ်တာပဲလေ၊ အောင်မှ မအောင်မြင်ပဲ။ ရှင်းရှင်းပြောရရင် တပ်ကပဲ ပြဿနာဖြစ်တာပဲ။ ဆိုတော့ ကျွန်တော့်အမြင် ပြောရရင်တော့ သူဒီလိုမလုပ်လို့ မရတော့ဘူးလို့ မြင်လိမ့်မယ်ထင်တယ်။ ဒါကြောင့် သူ တင်းခံပြီးတော့ လုပ်လိုက်တာလို့ မြင်တယ်။ သူလျှော့လိုက်ရင်လည်း နောက်ထပ်ငါးနှစ်လည်း ဒီလို အီးရောအီးရောနဲ့ သွားအုံးမှာ၊ ဒီလိုပဲ သွားနေတော့မှာ တောက်လျှောက်က။ ရန်၊ ငါ ပြတ်အောင် သူလုပ်လိုက်တာလို့ မြင်တယ်။
မေး − အာဏာမသိမ်းမီမှာ တပ်ချုပ်က ရာထူးသက်တမ်း တိုးတောင်းတယ်၊ သမ္မတရာထူးတောင်းတယ်ဆိုတဲ့ ကိစ္စတွေ မပြေလည်ဘူးလို့လည်း ကြားရပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေနဲ့ နေပြည်တော်မှာ အနီးကပ်မြင်တွေ့ခဲ့ရတာဆိုတော့ တပ်ဘက်က တောင်းဆိုသမျှ လိုက်လျောပေးလိုက်တာနဲ့ ပြဿနာတွေ ပြေလည်သွားမယ်လို့ မြင်ပါသလား။
ဖြေ − ကျွန်တော်ကတော့ ဒီလိုတွက်တယ်ဗျ။ ပြီးခဲ့တဲ့ ငါးနှစ်သက်တမ်းမှာ ကျွန်တော်တို့လိုချင်တဲ့ဟာတွေ မရဘူး။ မရတော့ ဘာသွားတွက်လဲဆိုတော့ ကျွန်တော် အဆိုးထဲက အကောင်းကို ကျွန်တော်တွက်လိုက်တယ်။ သူတို့နဲ့ ဒီလိုမလုပ်ဘူးဆိုရင် ဖွဲ့စည်းပုံကြီး မပြင်နိုင်သရွေ့က ဒီလိုကြီးတိုင်းပြည်ကရေစုန်မျောနေမှာပဲ။ကျွန်တော်မြင်တာလေ။အခုကတော့တိုင်းပြည်တစ်ခုပြောင်းတာက ပေးဆပ်ရတာတော့ ရှိမှာပေါ့။ ပေးဆပ်ရတာကတော့ စိတ်မကောင်းဘူးပေါ့။ အဆိုးထဲက အကောင်းပေါ့။ ကျွန်တော်မြင်တာက အဖြူ၊ အမဲ သဲကွဲသွားတယ်။ ဖွဲ့စည်းပုံ ပျက်လိုက်ပြီဆို၊ ကျွန်တော်တို့ မဟုတ်ရင် ဒီဟာကြီးနဲ့ ကိုင်၊ ကိုင် ပေါက်နေတာ။ သမ္မတထက်တောင် သူက (တပ်ချုပ်က) အာဏာ ပိုရထားတာလေ။
ရှင်းရှင်းပြောရရင် သူမှားတယ်လို့တောင် ပြောလို့ရတယ်။ သူမှိန်းနေလိုက်ရင် ကျွန်တော်တို့က ဘာမှ လုပ်လို့မရဘူး။ နောက်တစ်ခုက အစိုးရအဖွဲ့။ အစိုးရအဖွဲ့မှာ ကျွန်တော်တို့ တက်လာတယ်၊ ဝန်ထမ်းတွေက နဂိုလူတွေပဲလေ၊ တပ်ကလူတွေချည်းပဲ။ ညွှန်ချုပ်တို့၊ အမြဲတမ်းအတွင်းဝန်တို့ ကျွန်တော့်စိတ်ထင် လက်ညွှန် (လက်ထောက်ညွှန်ကြားရေးမှူး) လောက်အထိ ရှိတယ်။ ဒါတွေကျ ဖြုတ်ဖို့ ခက်တယ်လေ။ (တချို့က) ကျွန်တော့်လည်း ပြောတယ်၊ ဖြုတ်ပါလား။ မင်းတို့က ဖြုတ်ဖို့ ပြောတာလွယ်တယ်၊ ဘယ်လိုသွားဖြုတ်မလဲ။
အခုကတော့ ကျွန်တော်တို့ ဖြုတ်လို့ရသွားပြီ၊ အကုန်လုံးကို အသစ်ပြန်လုပ်လို့ ရသွားပြီ။ ကိုယ့်စိတ်ကြိုက်ဝန်ထမ်း ကိုယ်ခန့်လို့ ရသွားပြီ။ ခုန မိုးကျရွှေကိုယ်တွေ မရှိနိုင်တော့ဘူး။ ကျွန်တော်က ခုနပြောသလို ဖြစ်လိုက်ကတည်းက ဘာပဲပြောပြော လူထုက ပေးဆပ်ရမယ်၊ ဒါပေမဲ့ အဆိုးထဲက အကောင်းလို့ တွက်တယ်။ ကျွန်တော်တို့ လိုချင်တဲ့ဟာ ကျွန်တော်တို့ လျှောက်လို့ရသွားမယ်။ မဟုတ်ရင် နောက်ငါးနှစ်လည်း လွှတ်တော်ထဲမှာ (အခြေခံဥပဒေ) ပြင်ဖို့နဲ့ ဒီလိုသွားနေမှာပဲ။ ဒါကြီး မပြတ်သရွေ့က ဘာမှလုပ်လို့မရဘူး။ အာဏာက သူ့ဆီမှာ (တပ်ချုပ်ဆီမှာ) အပြည့်ဖြစ်နေတာ။
သူ့နောင်တော်တွေပါ ဒုက္ခရောက်ပြီ၊ အေးချမ်းသွားတဲ့လူတွေပါ မျက်ခုံးလှုပ်နေရတဲ့ အနေအထားဖြစ်သွားပြီ၊ သိမ်းလိုက်ကတည်းကပါ။ ဘာပဲပြောပြော အဆိုးထဲက အကောင်းလို့ပဲ တွက်လိုက်တယ်။
မေး − NLD အစိုးရအဖွဲ့ကတော့ ကာလုံအစည်းအဝေးကို မခေါ်ခဲ့ဘူးဆိုပေမဲ့ အဖွဲ့ဝင်တွေပါတဲ့ အစည်းအဝေးမျိုးတွေကိုတော့ ရခိုင်ကိစ္စလို အရေးတကြီးဖြစ်တဲ့ အချိန်တွေမှာ လုပ်တာတွေ့ပါတယ်။ တပ်ဘက်ကနေ ပြန်ကြားရတာတွေတော့ရှိတယ်၊ AA ကို အမြစ်ပြတ်တိုက်ဖို့၊ လေကြောင်းသုံးစွဲဖို့ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားတယ် ဆိုတာမျိုးတွေပေါ့လေ။ ဒီလိုအစည်းအဝေးတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တကယ်ပဲ တပ်ကို ညွှန်ကြားနိုင်တဲ့ အခြေအနေရှိပါသလား။
ဖြေ − ကာလုံဆိုတာက လုံလုံခြုံခြုံထားရမဲ့စကား။ ပေါ်တယ်ဆိုကတည်းက ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့။ ကျွန်တော် အမှတ်ရတာ ရှိပါတယ်။ ARSA (Arakan Rohingya Salvation Army) တွေ တိုက်တာ၊ ရခိုင်ကို တိုက်တဲ့ကိစ္စကို သူတို့ (စစ်တပ်) လာရှင်းတယ်။ ဘာမှ မပြောပါဘူး၊ ဒေါ်အောင်ဆန်းစုကြည်က။ AA (ရက္ခိုင့်တပ်တော်) အကြောင်းလည်း မပါဘူး။ သူတို့ ARSA က တိုက်တယ်ဆိုပြီး ဗီဒီယိုနဲ့ ပြပြီးသွားတာပေါ့ဗျာ။ ဘာမှ ဒီအစည်းအဝေးမှာ ညွှန်ကြားတာ ဘာမှ မရှိပါဘူး။
ဗီဒီယိုထိုးပြတာတော့ အဲဒီမှာ ရွာလုံးကျွတ်ပေါ့ဗျာ ကလေးတွေကအစ လှံတို့၊ တုတ်ချွန်တို့ ကိုင်ပြီး ကြွေးကြော်နေတာ ပါတယ်ဗျ၊ ကျွန်တော်မှတ်မိသလောက်။ ရွာမီးရှို့တယ်၊ နိုင်ငံတကာကလည်း စွပ်စွဲတာကိုး၊ အိမ်တွေ သူ့ဘာသာ မီးရှို့နေတဲ့ပုံတွေပြတယ်။ နောက်တော့ ဟိန္ဒူတွေလား သတ်တဲ့ပုံတွေပြတယ်။ ARSA က ရက်ရက်စက်စက်လုပ်တဲ့ ပုံတွေပြတယ်။ အဲဒါပဲပြတာဗျ။ သူတို့ အကျိုးအကြောင်း အဲဒါပဲ ပြောတာပါ။ AA နဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မပါပါဘူး။
မေး − အဲဒီလို ရှင်းပြတာတွေကို ယုံခဲ့သလား။
ဖြေ − ရှင်းရှင်းပြောရရင် အင်းဒင်(စစ်တပ်က ဒေသခံအချို့ကို အစုလိုက်သတ်ဖြတ်ခဲ့သည့်ရွာ) ကိစ္စတို့ဘာတို့ ကျွန်တော်တို့လည်း နောက်ပိုင်းမှ သိရတာ။ အဲဒီအထိက ကျွန်တော်တို့ မသိဘူးဗျ၊ အဲဒီကိစ္စတွေ။ မသိလို့တောင်မှ ဟာ အဲဒါဆိုရင်တော့ ARSA တွေဆိုးတာပေါ့။ ကိုယ့်လာထိပါးတာပဲဆိုပြီး အဲဒီလိုအထိ ကိုယ်တောင် စိတ်ဝင်ဖူးတာပဲ။ အဲဒီတော့ သူတို့ပြတဲ့ဟာကို ကျွန်တော်တောင်းတယ်ဗျ။ မိတ္တူတစ်ခုလောက် ပေးထားစမ်းပါ။ Memory Stick နဲ့ပေါ့လေ။ကျွန်တော်တို့ကျတော့ နိုင်ငံတကာက လာလာတွေ့ကြတာကိုး။ သံတမန်တွေ လာတွေ့တယ်။ EU (ဥရောပသမဂ္ဂ) လာတွေ့တယ်။ ကိုယ်ကလည်း အဲဒီလိုယုံတာပေါ့ဗျာ။ အဲဒါနဲ့ ကျွန်တော် ထုတ်ရှင်းပြတယ်။ ခုန အင်းဒင်တို့ဘာတို့ကျတော့ ကိုယ်လည်း မသိလိုက်ဘူးပေါ့ဗျာ။ ဒီဘက်က(စစ်တပ်) ပြန်လုပ်တာဆိုတော့ ကိုယ်ပါ ကြားညပ်သလို၊ ပြန်စဉ်းစားရင် ကိုယ်တောင်မှ ခံရသလို ဖြစ်တာပေါ့ဗျာ။
ကျွန်တော်ကတော့ လာတဲ့သူတွေ(နိုင်ငံတကာဧည့်သည်တွေ)ကို ကျွန်တော်တို့ဘက်က ဒီလိုရှိတာ။ ကျွန်တော် ဘယ်အထိတောင်ပြောလဲဆို ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာထိပါးတာဗျ။ ကျွန်တော်တောင် ဝင်တိုက်သင့် တိုက်ရမယ်။ ဒီအထိတောင် ကျွန်တော်ပြောဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြတဲ့ ပုံအရ တအား ဟိုဟာ (ဆိုးရွား) ဖြစ်တာကိုးဗျ။ ဟုတ်တယ်လေ။ (ရဲကင်း) စခန်း ၃၀ ကျော်မို့လား၊ လာပြီးတော့ တိုက်ခံရတာလေ။ အဲဒီတော့ ကိုယ့်ဘက်က ဘာမှ အမှားမရှိတဲ့ ပုံစံမျိုးပြောတော့ ကိုယ်လည်း ယုံတာပေါ့။
မေး − ဒေါ်အောင်ဆန်းစုကြည်ကရော အဲဒီတုန်းက ဘယ်လိုတုံ့ပြန်မှုရှိခဲ့ပါသလဲ။
ဖြေ − ဒေါ်အောင်ဆန်းစုကြည်လည်း ကျွန်တော့်စိတ်ထင် အဲဒီလိုပဲ ယုံမှာပဲဗျ (ရယ်လျက်)။ ဒါကြောင့်လည်း တိုင်းရင်းသားတွေက အထင်မှားတာပဲ NLD အပေါ်လေ။ စစ်တပ်ကို ဘာမှမပြောဘူးဆိုပြီး၊ အထင်မှားတာတွေက ဒေါ်အောင်ဆန်းစုကြည် ကြိတ်ခံသွားတဲ့ပုံရှိတယ်ဗျ။ တပ်ကို ဒေါ်အောင်ဆန်းစုကြည် ဘာမှမပြောဘူးဆိုတာ ကျွန်တော်တို့ အစိုးရ (NUG) ဖွဲ့တဲ့အထိ အစိုးရထဲမှာပါတဲ့ တိုင်းရင်းသားတွေ ပြောဖူးသေးတယ်။
ကျွန်တော် နည်းနည်းတော့ ရှင်းပြတယ်၊ မဟုတ်ဘူး၊ (၂၀၀၈) ဖွဲ့စည်းပုံအရ တပ်က သမ္မတထက်တောင် အာဏာရှိတာလို့။ သွားပြောလိုက်လို့ရှိရင် ကျွန်တော်တို့ NLD ငါးနှစ်တောင် အုပ်ချုပ်လို့ရမှာမဟုတ်ဘူး၊ သူတို့ကို သွားတင်းကျပ်လိုက်ရင်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပေါ့ဗျာ သွေးထွက်သံယိုတွေ ဆုံးရှုံးမှုတွေ မဖြစ်အောင် အမျိုးသားရင်ကြားစေ့ရေးကို အဓိကသွားနေတာ၊ အဲဒါပဲဗျ။ ဒါပေမဲ့ တပ်ကို သွားမပြောတဲ့အခါကျတော့ တိုင်းရင်းသားတွေကတော့ တစ်မျိုးမြင်တာပေါ့။ သူ့အပေါ် အမြင်စောင်းသွားပုံရတယ်။ အတတ်နိုင်ဆုံးတော့ ကျွန်တော်ရှင်းပြပါတယ်။ သွားပြောလို့လည်း မရဘူးလေ၊ အဲဒီအချိန်မှာ။
မေး − ပြီးခဲ့တဲ့ ငါးနှစ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ်နဲ့ NLD အစိုးရ ခေါင်းဆောင်တွေကို တပ်ဘက်က အဲဒီလို လုံခြုံရေးဆိုင်ရာ ကိစ္စတွေ နေ့စဉ် လမ်းညွှန်မှုခံယူတာမျိုး မရှိဘူးဆိုတဲ့ သဘောလား။
ဖြေ − သူတို့ ပြည်ထဲရေးကပဲ သတင်းထောက်လှမ်းတဲ့ဟာတွေပို့တယ်။ ကျန်တာတွေ ဘာမှမရဘူး။ ပြည်ထဲရေးက ဘာတွေဘာတွေဖြစ်တယ်ဆိုတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေပဲ၊ အဲဒါပဲရတယ်။ ကျန်တာက မရှိဘူး၊ ဘာမှ။
မေး − စစ်ကောင်စီ သက်တမ်းထပ်တိုးမယ်လို့ ဟိုရက်ကပဲ ပြောပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအနေနဲ့ သုံးသပ်ကြည့်ရင် ဒီကိစ္စက ဥပဒေနဲ့ ညီ၊ မညီ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ − သူတို့ဆိုလိုချင်တာက သူတို့ကို သမ္မတကနေ အာဏာအပ်တယ်။ ဒါကတော့ ဥပဒေအရဆိုရင်တော့ သက်တမ်း တိုးတိုးပေးရတာပေါ့။ အပ်တာဆိုရင်လေ။ အခု အာဏာသိမ်းတာကျတော့ အာဏာသိမ်းတာ သက်တမ်းတိုးလို့မှ မရဘဲ ဥပဒေမှ မရှိဘဲ။ ၆၂ ခုနှစ်ကတည်းက သိမ်းတာ ခင်ဗျားမြင်တဲ့အတိုင်းပဲ ခုထိတိုင် ဆိုပါတော့ဗျာ။ သူတို့ကို သမ္မတက လွှဲတယ်၊ အပ်တယ်ဆိုတာကလည်း တွက်ကြည့်လေဗျာ။ တကယ့်ကာလုံအဖွဲ့ဝင်ဖြစ်တဲ့သမ္မတကြီးကိုဖမ်းတယ်၊ဒေါ်အောင်ဆန်းစုကြည်(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) ကို ဖမ်းပြီးခါမှ သူတို့ကို (အာဏာ) အပ်ပါတယ်ပြောတော့ ဘယ်လိုလုပ်မလဲ။ နောက်ပြီးတော့ အခု ဥပဒေအရ ညီပါတယ်ဆို ဘယ်လိုမှ သွားညီမလဲ။
သူတို့က အာဏာသိမ်းတာကို မပေါ်ချင်လို့ ပြောတာ။ သမ္မတက လွှဲတယ်ဆိုရင် သမ္မတလည်း ရှိနေရမယ်။ ဒုသမ္မတတွေ ရှိနေရမယ်၊ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌတွေလည်း ရှိနေရမယ်။ သဘောက၊ ဥပဒေအရ။ အခု မရှိဘူးလေ။ ပထမဆုံးပြန်လွှတ်တာက ကျွန်တော်နဲ့ ဦးတီခွန်မြတ်ကို အရင်ဆုံးပြန်လွှတ်တာ (ရယ်လျက်)။
မေး − ဦးတီခွန်မြတ်ကတော့ အခု ပြည်သူ့လွှတ်တော်ရုံး ပြန်တက်နေတာဆိုတော့ စစ်ကောင်စီက လွှတ်တော်ကြီး အသက်ဝင်နေတယ်၊ သက်တမ်းတိုးတာ တရားဝင်တယ်ဆိုတဲ့သဘော ပြောမဲ့ပုံစံမျိုး တွေ့နေရပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုထင်ပါသလဲ။
ဖြေ − ကျွန်တော့်စိတ်ထင် ဟိုဘက်(ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH)က လွှတ်တော်တွေနဲ့ သွားတယ်လည်းဆိုရော သူတို့မှာ လွှတ်တော်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချင်တဲ့ပုံစံမျိုးနဲ့ လုပ်တယ်ပေါ့။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှိတယ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှမရှိတာ ဘယ်လိုလုပ် ဒီလွှတ်တော်ကြီးက ဖြစ်မလဲ။ လွှတ်တော်နှစ်ရပ်ရှိမှသာ ဖြစ်တဲ့ဟာကို၊ စဉ်းစားကြည့်လေ (ရယ်လျက်)။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှမရှိတာကို ဘယ်လိုလုပ် သွား run လို့ (လည်ပတ်လို့) ရမလဲ။
မေး − NUG နဲ့ ပတ်သက်ပြီး မေးချင်ပါတယ်။ ကရင်တိုင်းရင်းသားတစ်ယောက်လည်းဖြစ်တဲ့ NUG ဝန်ကြီးချုပ်အနေနဲ့ ဒီတော်လှန်ရေးရဲ့ အလားအလာကို ဘယ်လိုမြင်ပါသလဲ။
ဖြေ − ဒီနှစ်ကတော့ အောင်မြင်ဖို့လို့ ကျွန်တော်တို့က တွက်ထားတာပဲ။ အခက်အခဲလေးတွေတော့ ရှိတာပေါ့ဗျာ၊ အဲဒီအခက်အခဲလေးတွေ ကျော်လွှားနိုင်ဖို့ပါပဲ။ ဒီလိုအချိန်အခါမျိုးကတော့ တစ်ခါမှ မကြုံဖူးဘူး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကလည်း တစ်ခါမှ မကြုံဖူးဘူးပေါ့။ စစချင်းကတော့ ဘာအခက်အခဲရှိလဲဆိုတော့ တိုင်းရင်းသား EAO အဖွဲ့တွေပေါ့။ သူတို့မှာက ဖြတ်သန်းလာတဲ့ ကာလတွေရှိတာပေါ့။ အဓိကကတော့ KNU ပေါ့၊ သူတို့က တကယ်က ခံ၊ ခံ ခဲ့ရတာဗျ။ အဲဒီဟာလေးတွေ သူတို့က သံသယရှိတယ်ဗျ။ အခုလည်း ဒီလိုဗျာ၊ ဖြစ်မလားဆိုတဲ့ သံသယပေါ့။
တကယ်လို့ မဖြစ်လာခဲ့ရင် (စစ်ကောင်စီနဲ့) ညှိနှိုင်းမှာလား မေးတာ။ ညှိနှိုင်းတာကို မလိုချင်ဘူး၊ ညှိနှိုင်းမယ်ဆိုရင် သူတို့က သူတို့ ဒီအတိုင်းကျန်ခဲ့မှာ။ သူတို့မြင်တာက သူတို့က အခုအတိုင်းနေလို့လည်း ရတယ်၊ သဘောက။ ပါလိုက်ပြီးမှ ဘာမှမဖြစ်ရင် သူတို့မှာ ဒုက္ခခံသွားရမယ်ဆိုတဲ့ အစွဲလေးတွေရှိနေတာပေါ့ဗျာ။ ဒါကို ကျွန်တော်တို့က ဖျောက်နိုင်ခဲ့တယ်။ အတော်တော့လည်း ကြိုးစားရတာပေါ့ဗျာ။ ဒါကြောင့်လည်း ကြာသွားတဲ့ အနေအထားရှိတာပေါ့။
ဒါ သူတို့ဘက်ကလည်း အမှားမဟုတ်ဘူးလေ။ သူတို့လည်း ခံခဲ့ရတာရှိတဲ့အခါကျတော့ စိုးရိမ်စိတ်က ရှိတယ်။ ဒီလိုများဖြစ်သွားရင် ဘာဖြစ်မလဲပေါ့။ ထိုင်နေတာက အကောင်း၊ ထခါမှ ကျိုးမှန်းသိဆိုတဲ့ ပုံစံတော့ရှိတယ်ဗျ။ ဒါပေမဲ့ အခု အဲဒါကို ကျွန်တော်တို့ ဖြေပျောက်နိုင်တယ်၊ အားလုံး စည်းစည်းလုံးလုံးဖြစ်သွားတယ်။ ဘာပဲပြောပြော မအောင်နိုင်စရာမရှိပါဘူး၊ တိုင်းရင်းသားတွေ ပါလာပြီပဲကိုး။ ဒီအခင်းအကျင်းမျိုး၊ အခွင့်အရေးမျိုးကလည်း တစ်ခါမှ မရဖူးဘူး၊ တိုင်းရင်းသားစည်းလုံးမှုကလေ။
မေး − အင်အားစုစည်းမှုလုပ်ငန်းတွေ ပြီးစီးပြီဆိုတဲ့ သဘောလား။
ဖြေ − ကချင်တို့ဘာတို့ဘက်မှာ အရင်က ရွာတွေမီးရှို့တာ၊ သတ်ဖြတ်တာ၊ မုဒိန်းကျင့်တာ ပြောကြတာ ဘယ်သူ့မှ မယုံကြဘူး။ စစ်တပ်က ဒီလိုလုပ်လိမ့်မယ်မဟုတ်ဘူးပေါ့။ အခု ပြည်တွင်းမှာ ခံစားရပြီလေ၊ ပေါ်ပေါ်တင်တင်ဖြစ်သွားတဲ့အခါကျတော့ စစ်တပ်က ဒီလိုပါလားဆိုတာ လူတွေက သိသွားပြီလေ။ သိသွားတဲ့အခါကျတော့ တိုင်းရင်းသားတွေကို ပြန်စာနာသွားတာပေါ့။ သူတို့ နဂိုက ဒီလိုမသိတာတွေကို ဝန်ချတောင်းပန်တာတွေ ဖြစ်လာတော့ ဘာပဲပြောပြော တိုင်းရင်းသားတွေအပေါ် စာနာသွားတယ်။ ပြည်သူအားလုံးက တစ်ပြည်လုံးကပေါ့။ အားလုံးကလည်း စည်းစည်းရုံးရုံးဖြစ်သွားတယ်။
အခု ခံယူချက်တူတာက ဒီဟာမှာ စစ်တပ်က လုံးဝမထားတော့ဘူး၊ ပြုတ်ရမယ်ဆိုတာ ဒီခံယူချက်တွေ အကုန်လုံး သွားတူတဲ့အချိန်။ ဒီလိုအချိန်မျိုးကတော့ တခါမျှ မရှိခဲ့ဘူး။ ဒါမျိုးမှာ နိုင်အောင်မတိုက်နိုင်ရင် နောက်ထပ် နှစ်ပေါင်း (များစွာ) သွားအုံးမှာပဲ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေ ဒုက္ခဆက်ခံရအုံးမှာပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ တိုင်းပြည်က ခံခဲ့ပြီးပြီပဲ။
အခက်အခဲလေးတွေရှိတဲ့ဟာလေးတွေ၊ ပြောရတာလည်း ခက်တာပေါ့ဗျာ။ ခင်ဗျားတို့လည်း နားလည်မှာပါ။ အဲဒါလေးတွေ ပြည့်စုံသွားရင်တော့ ဘာပဲပြောပြော ဖြစ်သွားမှာပါ။ အတတ်နိုင်ဆုံးလည်း ကြိုးစားနေပါတယ်။ ပြည်သူတွေ ဒုက္ခခံရတာလည်း မနည်းတော့ဘူးလေဗျာ။
ကျွန်တော်တို့ နဂိုက ညှိကြတုန်းက တိုင်းရင်းသားအဖွဲ့တွေနဲ့၊ သူတို့ကတော့ အတွေ့အကြုံအရပေါ့ဗျာ၊ ဘယ်လောက်၊ ဘယ်လောက်၊ ဘယ်လောက် ဆိုတော့ အဲဒါကြီးက ကြာလိုက်တာပေါ့၊ ကျွန်တော့်စိတ်ထဲ။ ပြည်သူတွေက ခံနေရတာ ဒီလောက်ကြီး ကြာတယ်ပေါ့။ တကယ်တမ်း လက်တွေ့လုပ်ကြည့်တော့မှ ဟုတ်တယ်ဗျ၊ ကြာသင့်တဲ့အနေအထား၊ သူတို့ပြောတာ မှန်တယ်ဆိုတာက ကိုယ်ကသိရတာပေါ့။ ဒါပေမဲ့ ခုနက ပြောသလို ပြည်သူတွေကတော့ တအားခံနေနေရတော့ ကိုယ်လည်း စိတ်မကောင်းဘူးပေါ့။ မြန်မြန်တော့ ပြတ်စေချင်တာပေါ့။
မေး − ပြည်သူတွေကို တော်လှန်ရေးခရီးနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး တိတိကျကျ ဘာများပြောပြလို့ ရအုံးမလဲ။
ဖြေ − ကျွန်တော်တို့က ဒီနှစ်တော့ အကျော်မခံပါဘူး။ ပြည်သူလည်း အတော်ပန်းနေပြီလေ။ ဒီအချိန်ကြာလာပြီးတဲ့အခါကျတော့ ကျွန်တော်တို့ အမြန်ဆုံး အောင်မြင်နိုင်အောင် လုပ်မှာပါ။ သိတဲ့အတိုင်းပဲ ကျွန်တော်တို့က မြေပြင်မှာ အကုန်လုံး အသာစီးရတယ်။ အခုတော့ သူတို့ လေကြောင်း (တိုက်ခိုက်မှု) ကို ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းပဲ စဉ်းစားရတာပေါ့။ ဒါတွေက EAO တွေနဲ့ တိုင်ပင်ရမဲ့ ကိစ္စတွေပါ။ လေကြောင်းသာ မရှိဘူးဆိုရင် ကျွန်တော်တို့ ကောင်းကောင်းကြီး နိုင်နေပြီ။
မေး − နောက်ဆုံးမေးခွန်းပါခင်ဗျာ။ NUG ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အခက်အခဲပေါင်းစုံကြားထဲ ရောက်နေတဲ့ ပြည်သူတွေကို သတင်းစကားပါးလိုတာ၊ ကတိပေးနိုင်တာ ဘာများရှိမလဲ။
ဖြေ − အခု ကျွန်တော်တို့ မနိုင်ရင် နောက်ထပ် နှစ် လေး၊ ငါး၊ ခြောက်ဆယ်၊ တစ်ရာ ဆက်ခံသွားရအုံးမှာ။ အဲဒီတော့ ပြတ်မှရမယ်။ သူပြတ်၊ ကိုယ်ပြတ်ပေါ့။ နောက်တစ်ခုက ကျွန်တော့်ခံယူချက်ပေါ့၊ အခုကိစ္စက အဆိုးထဲက အကောင်းပဲဗျ။ အဖြူ၊ အမဲ သဲကွဲသွားတာ။ ဘယ်သူက ဘာလဲ။ အကုန်လုံး အသစ်ပြန်ပြီး လှန်လို့ရတာပေါ့ဗျာ၊ ဝန်ထမ်းတွေက အစပေါ့။ ပြီးခဲ့တဲ့ ငါးနှစ်တုန်းက လုပ်ချင်ပေမဲ့ ဟိုဟာဖြစ်၊ ဒီဟာရှိနေတဲ့ အခါကျတော့ စိတ်သွားတိုင်း ကိုယ်မပါဘူးပေါ့။
အသစ်ပြန်စလို့ရပြီ။ နိုင်ငံတော်သစ် ကျွန်တော်တို့ စမှာ။ အဲဒီတော့ ဘာပဲပြောပြော ပြည်သူလူထုလည်း သမိုင်းဝင်မှာပဲ၊ နိုင်ငံတော်သစ်တည်ဆောက်တဲ့နေရာမှာ။ နိုင်ငံတော်သစ်ထဲကျတော့ ဘာပဲပြောပြော ပြည်သူလူထုအားနဲ့။ ဒါ ကျွန်တော်တို့တော်လှန်ရေး မဟုတ်ဘူး၊ ပြည်သူလူထုတွေ၊ Generation Z တွေ သူတို့ရဲ့ တော်လှန်ရေး။ ကျွန်တော်တို့က ထိန်းကျောင်းပေးတဲ့ အနေအထားပဲ ရှိတယ်။ ဒါ ပြည်သူ့တော်လှန်ရေးပါ။ ပြည်သူတွေ ဆက်ပြီး တော်လှန်ပေးပါ။ ကျွန်တော်တို့ အားတက်မာန်ကြိုး ပံ့ပိုးပါ့မယ်၊ အမြန်ဆုံးလွတ်မြောက်အောင် ဆောင်ရွက်ပေးပါ့မယ်။
ပြည်သူတွေ ခံစားနေရတာကိုလည်း ကိုယ်ချင်းစာပါတယ်။ စိတ်လည်း မကောင်းပါဘူး။ ဒီဒုက္ခကနေ အမြန်ဆုံးလွတ်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားပေးနေပါတယ်။
Source – Myanmar Now