မန္တလေးတိုင်း၊ တောင်သာမြို့နယ် တံတား (အနောက်)ကျေးရွာတွင် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် ကိုထီလာ၏ နေအိမ်အတွင်းရှိ နွားများနှင့် ပစ္စည်းများအားလုံးကို စစ်ကောင်စီတပ်များက ဖောက်ထွင်းယူဆောင်သွား၍ ပစ္စည်းအချို့ကို ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဝရမ်း ထုတ်ခံထားရသည့် ကိုထီလာ၏ နေအိမ်သို့ စစ်ကားနှစ်စီး ဆိုင်ကယ်ငါးစီဖြင့် စစ်ကောင်စီတပ်များ ရောက်လာပြီး အိမ်အတွင်းရှိ ပစ္စည်းများသာမက နွားမသုံးကောင်ကိုပါ ယူဆောင်ကာ ပစ္စည်းအချို့ကို ဖျက်ဆီးသွား ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အရေးခင်း စစခြင်းက ကြံ့ခိုင်ရေးပါတီဝင်အိမ်တွေ ခဲနဲ့ထုလို့ဆိုပြီး ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားတဲ့ လူရဲ့ အိမ်ကို စစ်ကားနှစ်စီး ဆိုင်ကယ် ငါးစီးနဲ့ လာမွှေပြီး အိမ်တွင်းပစ္စည်းတွေ အကုန်ခိုးသွားတာ ပရိဘောဂကအစ၊ နွားမ သုံးကောင်ပါ ခိုးသွားတယ်။ သယ်လို့မရတဲ့ ပစ္စည်းတွေ၊ စဉ့်အိုးတွေကိုတော့ ရိုက်ခွဲသွားတယ်။ အရင်တစ်ခေါက်ကလဲ ဆန်အိတ်၊ ဝပ်နေတဲ့ကြက်မရော သနပ်ခါးတုံးကအစ ယူသွားတာ၊ အခုဆို ဖမ်းထားတဲ့ နှစ်ဦးကိုလဲ မလွှတ်ပေးသေးဘူး” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် နေ့က ဖမ်းဆီးသွားသည့် အဆိုပါ ကျေးရွာရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူးဟောင်း ဦးပြည်စိုးနှင့် ရပ်ကျေး CRPH အလုပ်အမှုဆောင် ကိုစိုးမိုးတို့ကို လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကောင်စီက အိမ်ခြေ ၃၀၀ ရှိသည့် ထိုကျေးရွာရှိ နေအိမ်များမှ ပစ္စည်းများကို ဖောက်ထွင်းယူဆောင် နေသည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပြီး ဒေသခံများလည်း ထွက်ပြေးတိမ်ရှောင် နေရကြောင်း ဒေသခံများက ဆိုသည်။