ပြင်ပသုံးသပ်သူတယောက်အနေနဲ့ ဖြစ်နိုင်ခြေကို ဝေဖန်ပါမယ်။
NUG ဟာ မူလက EAO တွေ စုပေါင်းပြီး ဖက်ဒရယ်တပ်မတော်တည်ထောင်မယ်။ PDF ထူထောင်ဖို့ စိတ်ကူးမရှိဘူး။ EAO တွေ ညီညွှတ်ရင် စစ်ဟိန်းသံပေးတာနဲ့ စကစ ဒူးထောက်သွားမယ်။ သီအိုရီက မှန်တယ်။ ဒါပေမယ့် လက်တွေ့မှာ EAO တွေဟာကမ္ဘာပျက်တဲ့အထိ ညီညွှတ်စရာ အကြောင်းမရှိဘူး။ သူတလူ ငါတမင်း ဆိုတာ EAO တွေအတွက်ထားခဲ့တဲ့စကားပဲ။
NUG ရဲ့ မူလPDF စီမံကိန်းက PDF တွေကိုစာတွေ့လက်တွေ့ သေသေချာချာလေ့ကျင့်မယ်။ EAO တွေရဲ့ လက်နက်ထက်မညံ့တဲ့ သေနတ်တွေဝယ်မယ်။ စစ်ဥပဒေသိပြီး စည်ကမ်းရှိတဲ့ တပ်မတော်တရပ်ကို ထူထောင်ချင်တယ်။ စစ်တိုင်းကြီး ၅ ခုအောက်မှာ တပ်မဟာတွေဖွဲ့မယ်။ စစ်သေနာပတိရှိမယ်။ စစ်တိုင်းမှူးတွေရှိမယ်။ မြို့နယ်အလိုက် အဖွဲ့တွေမရှိဘူး။
နောက်တော့ ဗားရှင်းနည်းနည်းပြောင်းသွားတယ်။ တပ်မှူးတွေကို EAO ထဲက ခန့်အပ်မယ်။ မြောက်ပိုင်းစစ်ဒေသကြီး နဲ့ တောင်ပိုင်းစစ်ဒေသကြီး ၂ ခု ဆိုတာပြောလာတယ်။ဦးရည်မွန်ရဲ့ စိတ်ကူးဟာ ကောင်းတယ်။ ဒါပေမယ့် လက်တွေ့မကျဘူး။ EAO တပ်မှူးတွေကို PDF တပ်ထိုးအပ်တောင်မှ တာဝန်ယူမယ့်လူမရှိဘူး။ လက်နက်ဝယ်ဖို့ကလည်းမှောင်ခိုဈေးကွက်ပဲရှိတယ်။ ရာဂဏန်းပဲ ဝယ်လို့ရတယ်။ ဈေးကလည်းစက်ရုံထုတ်ဈေး ၃ သိန်းတန်က မှောင်ခိုဈေး သိန်း ၅၀ လောက်ပေါက်တယ်။ ပြီးတော့ အဟောင်းတွေ။ တခါတရံ အစုတ်တွေ။ EAO တွေ လက်ထဲရှိနေတာက နှစ်ပေါင်းများစွာ တတိတိ စုဆောင်းရတာ။
ဦးရည်မွန် တို့ စဉ်းစားတာက ကျည်ပစ်အားကောင်းဖို့ကို စိတ်ပူတာ။ လက်နက်မကောင်းရင် အကျအဆုံးများမယ်။ဒါပေမယ့် သူတို့ သတိလစ်သွားတာက ဒီတော်လှန်ရေးဟာ EAO တွေ တိုက်တဲ့ “လူနည်းနည်း သေနတ်ကောင်းကောင်း” နဲ့ တိုက်တဲ့ ပျောက်ကြားစစ် မဟုတ်ဘူး။ “လူများများ လက်နက်အသင့်အတင့်”နဲ့ ချရမယ့် ပျောက်ကြားစစ် ဖြစ်တယ်။ဒေသခံကာကွယ်ရေး အဖွဲ့တွေ ဟာ NUG ရဲ့ PDF တွေလိုပရော်ဖက်ရှင်နယ်တပ်ဖြစ်တဲ့အထိ မစောင့်နိုင်ဘူး။ ရ ရာလက်နက်နဲ့ချတဲ့ဆရာစံခေတ်က ဒုတ်၊ဓါး ၊ ဒူးလေး အစား တူမီးအစားထိုး တိုက်နေတာ ဖြစ်တယ်။
NUG ဟာ ဒေသခံကာကွယ်ရေး အဖွဲ့တွေရဲ့တိုက်ပွဲခေါ်သံနောက်တရွတ်တိုက် လိုက်နေရတယ်။ NUG က တော်လှန်ရေးနေ့ ဗြုန်းစားကြီး ကြေညာရတာ ဒေသခံကာကွယ်ရေး အဖွဲ့တွေကို တရားဝင်စစ်တိုက်ခွင့်ပေးတာ နဲ့ စစ်ဥပဒေသကိုလိုက်နာဖို့တရားဝင်အသိပေးတာဟာ အဓိက အချက်ဖြစ်တယ်။
ဦးရည်မွန် တို့ စဉ်းစားတာက တော်လှန်ရေး အစ၊ အလယ်၊ အဆုံး ကို စဉ်းစားတယ်။ လက်ငင်းရော အနာဂတ်ရော ရောထွေး စဉ်းစားတဲ့အခါ “အလှမ်းကျယ် အလယ်လပ်” တာဖြစ်လာတယ်။
ပစ်အားကောင်းပြီး ဂျမ်းမဖြစ် ပြောင်းမကွေးတဲ့ စက်ရုံထုတ် တွေနောက် တကောက်ကောက်လိုက်ရင်း တကယ်လုပ်သင့်တဲ့ကိုယ်တိုင်ထုတ်လက်နက်တွေကို ပစ်ပယ်မိတယ်။ တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှားတော့ ပြည်ပကဝယ်မယ့် လက်နက်ဆိုတာမရေရာမှုတွေနဲ့ ဒစ်လည်နေတယ်။ လူတယောက်ကို တလုံးထိုး တလက်စီ ပေးနိုင်ရေး နဲ့ ကျည်ဆံထုတ်နိုင်ရေး ကို အားမစိုက်မိဘူး။တလုံးထိုး သေနတ်ဟာ ရင်ဆိုင်တိုက်ပွဲကြီးတွေမနွဲနိုင်ဘူး။ ဒါပေမယ့် တခါပစ်ဖို့အရေး ၅ မိနစ်လောက်ယမ်းထောင်း နေရတဲ့မိုးရွာရင် ပစ်မရတဲ့တူမီးထက်တော့ သာသေးတယ်။ ဦးရည်မွန် ဟာ ဒီလို သေနတ်မျိုးနဲ့ တပ်မတော်လုပ်ရမှာ ရှက်တော်မူတယ်။
ဒါပေမယ့် သိရမှာက ဒီတော်လှန်ရေးဟာ လူထုတော်လှန်ရေး ဖြစ်တယ်။ တပ်မတော်တခုရဲ့ တော်လှန်ရေး မဟုတ်ဘူး။ လူ သန်း ၂၀ လက်ထဲ တလုံးထိုး တလက်စီထည့်ပေးနိုင်ရင် စကစ ဒူးညွှတ်ကျသွားမယ်။ လူထုနဲ့ ဝိုင်းတိုက်ရမယ့် တိုက်ပွဲ။ ဖက်ဒရယ် ခြေဥကို ပြည်သူက ကာကွယ်နိုင်ဖို့ လူတိုင်း သေနတ်ကိုင်ခွင့်ဥပဒေ ပြဒါန်းရမယ့် အနာဂတ်ကို လူတိုင်းလက်ထဲ သေနတ်ထည့်ရေးကို တွေးကြောက် မနေသင့်ဘူး။ လူ “ထု” နဲ့ တိုက်ရမှာကို လူထုနာမှာ ကြောက်တယ် ဆိုတဲ့ ဘွားတော်ရဲ့ အတွေးအမြင်တွေ စိတ်ထဲ ကျန်နေသေးရင် မျက်နှာ သစ်လိုက်ပါ။
ပထမလိုအပ်ချက်က သေနတ်မဟုတ်ဘူး တူညီတဲ့ စံသတ်မှတ်ရှိတဲ့ ကျည်ဆံ ဖြစ်တယ်။ ကျည်ဆံ ကို စက်ရုံထုတ် မရနိုင်ရင် လက်လုပ်ကျည်ဆံကို စံနှုန်းသတ်မှတ်ချက်နဲ့ လုပ်နည်းကို ဖြန့်ဝေရမှာ ဖြစ်တယ်။
ဒုတိယလိုအပ်ချက်က တူမီးအစားထိုး တလုံးထိုး (ဒါမှ မဟုတ်) ကျည်ကပ်ထိုး (ဒါမှမဟုတ် ) ဆုံလည် မောင်းဆွဲ သေနတ်တွေ ဖြစ်တယ်။ အော်တိုဂန်းကို မလုပ်တတ်ရင် စိတ်ကူးမယဉ်ပါနဲ့။ စက်မှုပညာ တတ်သလောက် မှတ်သလောက် ရမ်းလုပ်နေကြတာ ထိရောက်မှု မရှိဘူး။ NUG က စက်မှုလက်မှုပညာရှင်တွေနဲ့ နည်းပညာ အကြံပေးအဖွဲ့၊ စမ်းသပ်အဖွဲ့တွေ ဖွဲ့စည်းပြီး လက်နက်လုပ်နည်းကို စံသတ်မှတ်ချက်နဲ့ စနစ်တကျ ထုတ်ဝေပေးသင့်တယ်။
တတိယလိုအပ်ချက်က စစ်တက္ကသိုလ်တွေက သင်ပေးတဲ့ စစ်ဆင်ရေးကာလ နေထိုင်စားသောက်နည်း၊ ဆေးဝါးကုသနည်း၊ စခန်းဆောက်နည်း၊ မြေပုံဖတ်နည်း၊ တောတောင်မြေရေအကြောင်း၊ ခံတပ်ဆောက်နည်း၊ ထောင်ချောက် ဆင်နည်း၊ ကင်းထောက်နည်း၊ စစ်ဗျူဟာအရပ် ရပ်ကို လို-တို-ရှင်း စာအုပ်ငယ်တွေ ထုတ်ဝေသင့်တယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။