ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလ မြန်မာကို Regime-led transition/military-led transitionလို့ သုံးတာ ခံခဲ့ရတယ်။ စစ်အစိုးရကဦးဆောင်ပြီးလုပ်ခဲ့တဲ့အသွင်ကူးပြောင်းမှု၊ စစ်တပ်ကဦးဆောင်လုပ်ခဲ့တဲ့အသွင်ကူးပြောင်းမှု လို့ နိုင်ငံတကာက ရှုမြင်ခဲ့ကြတယ်။
ကမ္ဘာမှာ အာရပ်နွေဦးတော်လှန်ရေးဖြစ်ပေါ်ပြီး တခြားနိုင်ငံတွေကို တော်လှန်ရေးအရှိန်အဟုန် ကူးစက်ပျံ့နှံ့နေခဲ့တဲ့ကာလ၊ စစ်အာဏာရှင်တွေ မရှုမလှ ဖြုတ်ချခံနေရတဲ့ကာလမှာ မြန်မာစစ်အာဏာရှင်တွေက နိုင်ငံရေးဖြေလျှော့မှုအချို့လုပ်ပြီး တံခါးဖွင့်ခဲ့တာ ဖြစ်တယ်။
မြန်မာကို “စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု”လို့ တကမ္ဘာလုံးက သုံးနှုန်းအားပေးခဲ့ကြတယ်။
တကယ်တော့ စစ်တပ်က Rules of the game စိတ်တိုင်းကျရေးခဲ့ပြီး တံခါးဖွင့်ခဲ့တာ ဖြစ်တယ်။ စစ်တပ်က သူတို့ဘာသာ ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲ၊ သူတို့ဘာသာ ၂၀၁၀ရွေးကောက်ပွဲလုပ်၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၊ ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ NLD၀င်ပါပြီး ၂၀၀၈ခြေဥအောက် ၀င်သွား… စသဖြင့် သူတို့ မူဘောင်ထဲကနေ လုပ်ခဲ့တဲ့ အသွင်ကူးပြောင်းမှု ဖြစ်တယ်။ သူတို့ရေးတဲ့ ဂိမ်းပွဲရဲ့စည်းမျဉ်းနဲ့ ကစားခဲ့ရတဲ့ ကာလဖြစ်တယ်။
ဆယ်နှစ်တာအနှစ်ချုပ်
ဒီမိုကရေစီအသွင်ကူးပြောင်းမှု တကယ် မဟုတ်ခဲ့ဘူး။တကယ်တော့ ရာစုနှစ်တ၀က်ကျော် တံခါးပိတ်ဝါဒကျင့်သုံးခဲ့တဲ့ နိုင်ငံက တံခါးပြန်ဖွင့်ရုံ၊ တင်းကြပ်ဖိနှိပ်မှုအမျိုးမျိုး ကျင့်သုံးခဲ့တဲ့စနစ်ကို ဖြေလျှော့ပြီး အခြေခံလူသားလွတ်လပ်ခွင့်အချို့ ပြန်ရလာရုံသာ ဖြစ်ခဲ့တယ်။
Transitional Justice မရှိခဲ့ဘူး။ နောက်ကြောင်းပြန် အရေးမယူရ ဆိုပြီး လုပ်ခဲ့ကြတယ်။ အဲဒီ့နောက် ကမ္ဘာကျော် ပြစ်မှုကြီးတွေ ထပ်ကျူးလွန်တယ်။ ထပ်ကျူးလွန်တာတွေကိုတောင် ကာကွယ်ပေးခဲ့ကြသေးတယ်။ အပြစ်အတွက် တာ၀န်မခံရ အရေးယူမခံရဘဲ လွတ်မြောက်မှု impunityကြောင့် ဒီစစ်တပ်ဟာ ပြစ်မှုတွေထပ်ကျူးလွန်ဖို့ ၀န်မလေးဘဲ ထပ်အာဏာသိမ်းသွေးချောင်းစီးစေပြန်တယ်။
ပြီးခဲ့တဲ့ အသွင်ကူးပြောင်းကာလဆိုရာမှာလည်း – ဘယ်နှစ်ခုနှစ် ဘယ်နှစ်လ ဘယ်နှစ်ရက်ကနေ – ဘယ်နှစ်ခုနှစ် ဘယ်နှစ်လ ဘယ်နှစ်ရက်အထိ ဆိုတဲ့ ကာလသတ်မှတ်ချက်လည်း မရှိခဲ့ဘူး။ ဥပမာ- အင်ဒိုနီးရှားလို လွှတ်တော်ထဲ၀င်ထိုင်တဲ့ စစ်တပ်က ဘယ်နှစ်နှစ်မှာ ဘယ်နှရာခိုင်နှုန်းလျှော့ပြီး လွှတ်တော်ကထွက်၊ စီးပွားရေးမှာ ဘယ်လို ဘယ်လောက်ထွက်၊ စသဖြင့် နိုင်ငံရေးကနေ စစ်တပ်ထွက်ခွာဖို့ သေသေချာချာ စနစ်တကျ သတ်မှတ်ချက် မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ရေးဖို့ ဝေးလို့ ပြင်တောင်မပြင်နိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့ဆယ်နှစ်တာအတွင်း တကယ့်ဒီမိုကရေစီအသွင်ကူးပြောင်းမှု မလုပ်နိုင်ခဲ့ဘူး။
အဲဒီ့ဆယ်နှစ်တာအတွင်း သမိုင်းတလျှောက် မဟာမိတ်တွေအဖြစ် အတူတော်လှန်လာကြတဲ့ မဟာမိတ်တွေကြား အကွဲအပြဲတွေ ဖြစ်ရတယ်၊ ဒီမိုကရက်တစ်အင်အားစုတွေကြား လမ်းခွဲရတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDဟာ စစ်တပ်နဲ့ရင်ကြားစေ့ရေး လုံးပန်းရင်း ကျန်လူမျိုးစုမဟာမိတ်တွေ ဒီမိုကရက်တစ်တွေ ဖက်ဒရယ်လစ်တွေအပေါ် မှားယွင်းစွာဆက်ဆံခဲ့မိတယ်၊ နိုင်ငံတကာက ဒီမိုကရေစီမဟာမိတ်တွေရဲ့ အကြီးအကျယ်စိတ်ပျက်မှုခံရပြီး ဆုတံဆိပ်တွေ ပြန်သိမ်းခံရတာအပြင် ဝိုင်းဝေဖန်တာခံရတယ်၊ စစ်တပ်ရဲ့ကြောက်မက်ဖွယ် ရာဇ၀တ်ပြစ်မှုတွေမှာ ကြံရာပါဖြစ်ခဲ့တယ်။ ဆယ်နှစ်အတွင်း ရလဒ်က (၁)ပြည်တွင်းမှာ အစဉ်အလာလက်တွဲခဲ့တဲ့မဟာမိတ်တွေကြား အင်အား ထိခိုက်သွားတယ်၊ (၂) ပြည်ပမှာလည်း ၂၀၁၇-၂၀၂၀ကာလအတွင်း နာမည်ပျက်ခဲ့ရပြီး မဟာမိတ်တွေရဲ့ စိတ်ပျက်သွားမှုကို ဖြစ်ပေါ်စေခဲ့တယ်။
အဲဒီ့လိုအခြေအနေမှာ လောဘတက်တဲ့စစ်တပ်ဟာ အခရာကျတဲ့အာဏာအများစုချုပ်ကိုင်ထားရာကနေ ၂၀၂၁မှာ အလုံးစုံအာဏာ ပြန်သိမ်းဖို့ကြိုးစားတယ်။
အဆိုးထဲက တခုတည်းသောကောင်းကျိုး
ဒီစစ်အာဏာသိမ်းမှုမှာ တခုတည်းသောအပြုသဘောအကျိုးရလဒ်ကတော့ လူမျိုးပေါင်းစုံ တောင်ပေါ်မြေပြန့် ပြည်သူလူထုရဲ့ သမိုင်းတလျှောက် ပထမဆုံးအကြိမ် နားလည်စည်းလုံးမှုကြီး ဖြစ်ပေါ်စေခဲ့တာပါပဲ။
ပြည်တွင်းစစ်နှစ်(၇၀)ကျော်ကာလ အစဉ်အဆက် ခွဲခြားဆက်ဆံမှုတွေ မသိသားဆိုးရွားမှုတွေ ဘာသိဘာသာနေခဲ့မှုတွေအပေါ် ဗမာလူငယ်ထုက တောင်းပန်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်။
လူမျိုးပေါင်းစုံလူငယ်ထု တော်လှန်ရေးအင်အားစုတွေရဲ့ အားကောင်းမောင်းသန် ညီညွတ်လှတဲ့ကြွေးကြော်သံဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ဆိုတဲ့ အန္တိမပန်းတိုင်ဟာ နိုင်ငံ့လမ်းမကြီးတွေပေါ် ဦးဆောင်ပြည့်လျှံသွားစေခဲ့တယ်။ လူထုသပိတ်မှာ စပါ၀င်လာကာစ NLDဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတကို လွှတ်ပေးရေး၊ ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုရေး၊ အာဏာပြန်လွှဲပေးရေး၊ စစ်တပ် ကိုယ့်နေရာကိုယ်ပြန်ရေးသာ တောင်းဆိုခဲ့ပြီး နောက်တော့ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး ဆိုတဲ့ တော်လှန်ရေးအန္တိမပန်းတိုင်မှာ တသံတည်းပါ၀င်အတူကြွေးကြော်လာခဲ့တယ်။
အာဏာလုစစ်တပ်
သူတို့ကိုယ်တိုင်ရေးခဲ့တဲ့ Rules of the gameမှာ သူတို့အတွက် ဟာကွက်ရှိနေတယ်လို့ မြင်လာပြီး အဲဒါတွေကိုပိတ်ဆို့ဖို့၊ နဂိုထက် အသာစီးပိုရတဲ့ ဂိမ်းပွဲစည်းမျဉ်းတွေ စိတ်တိုင်းကျ ထပ်ရေးနိုင်ဖို့၊ သူတို့လမ်းပြမြေပုံနဲ့ ဆက်သွားဖို့၊ သူတို့ဦးဆောင်တဲ့ နိုင်ငံရေးလမ်းကိုလျှောက်ဖို့ အခုကြိုးစားနေတဲ့စစ်တပ် ဖြစ်တယ်။ အရင်လိုပဲ တချိန်မှာ military-led transition ဖြစ်ဖို့ စစ်တပ်က ကြိုးစားနေတယ်။
Who-led solution
၂၀၂၁ အောက်တိုဘာ ၈ရက်မှာ ယန်ဟီးလီတို့ SAC-Mကောင်စီက သတိပေးကန့်ကွက်ကြေညာချက်ထုတ်တယ်။ ကုလသမဂ္ဂဟာ နောက်တခါထပ်ပြီး မြန်မာမှာ စစ်တပ်ကိုအလိုက်အထိုက်ဆက်ဆံဖို့၊ စစ်တပ်ဦးဆောင်တဲ့ဖြေရှင်းနည်း military-led solutionလုပ်ဖို့ ကြိုးစားနေတယ်လို့ သတိပေးထားတယ်။
မြန်မာပညာရှင်တချို့ကလည်း စစ်တပ်က ပျောက်ကွယ်သွားမှာ မဟုတ်ကြောင်း၊ စစ်တပ်သာ ပြန်ထိန်းချုပ်နိုင်သွားမှာ ဖြစ်ကြောင်း နိုင်ငံတကာပလက်ဖောင်းတွေမှာ ရေးသားပြောဆိုနေကြတယ်။
အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ဟာ မြန်မာမှာ ဘက်အားလုံးပါ၀င်တဲ့ ငြိမ်းချမ်းစွာနိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့၊ စေ့စပ်ညှိနှိုင်းအဖြေရှာဖို့ တိုက်တွန်းကြောင်း ကြေညာချက်တွေ ရီဆိုလူးရှင်းတွေ မကြာခဏထုတ်နေကြတယ်။ တရုတ်ဟာလည်း အဲဒီ့ချဉ်းကပ်နည်းကိုပဲ တောက်လျှောက်ပြောနေတယ်။ မြန်မာ့ပဋိပက္ခအပေါ် နိုင်ငံတကာရဲ့ရွေးချယ်မှုက အာဆီယံကတဆင့် သံတမန်ရေးချဉ်းကပ်ဖြေရှင်းဖို့သာ ဖြစ်လာခဲ့တယ်။
ပြည်တွင်းမှာတော့ အာဏာသိမ်းcontextမှာ ကလေးငယ်ဘုစုခရုကနေ အိုမင်းမစွမ်းအရွယ်အထိ ပါ၀င်တဲ့ အရပ်သားပြည်သူထောင်ကျော် ဖက်ဆစ်တပ်ရဲ့ ရက်ရက်စက်စက်အသတ်ခံထားရပြီး၊ NUGနဲ့လူထုသပိတ်တွေ ကြွေးကြော်သံဟာ “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ” ဖြစ်တယ်။
နိုင်ငံတကာက Myanmar-led solution/Myanmar-led transition ဖြစ်ဖို့ အားပေးထောက်ပံ့ပါမယ်လို့ ပြောလာမှာပဲဖြစ်တယ်။ (အခုလက်ရှိ ဆီးရီးယားအကျပ်အတည်းမှာ Syria-led ဆိုပြီး ကုလသမဂ္ဂနဲ့နိုင်ငံတကာက လုပ်နေကြတယ်။ တခြားနိုင်ငံတွေမှာလည်း အဲဒီ့လိုပဲ။)
မြန်မာ့အရေးမှာလည်း တချိန်မှာ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းပြေလည်သဘောတူညီချက် peaceful political dialogue and negotiated settlement ဖြစ်လာဖို့ နိုင်ငံတကာကချဉ်းကပ်နေတယ်။ အဲဒီ့နောက် မြန်မာဦးဆောင်တဲ့ဖြေရှင်းနည်း/မြန်မာဦးဆောင်တဲ့အသွင်ကူးပြောင်းမှု Myanmar-led solution/transition လို့ ပြောမှာ အားပေးမှာ ဖြစ်တယ်။
လက်နက်ကိုင်တော်လှန်ရေးလုပ်နေရင်း တချိန်မှာ စားပွဲဝိုင်းပေါ်ရောက်လာမယ့်အချိန်ကို လမ်းခင်းနေကြတယ်။
နောက်ဆုံးမျဉ်း
ကျမတို့ရဲ့ အန္တိမပန်းတိုင်ဟာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး၊ တရားမျှတလွတ်လပ်ငြိမ်းချမ်းခွင့်တူညီမျှ နေပျော်စဖွယ် နိုင်ငံသစ်လေးတည်ထောင်ရေး ဖြစ်တယ်။
လက်တွေ့အရှိတရားအရ နိုင်ငံတကာကဒီလိုတိုက်တွန်းချဉ်းကပ်နေကြတဲ့ အခင်းအကျင်းမှာ ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ရှိနေရမှာက-
(၁) ဒီတခါ စစ်တပ်ဦးဆောင်တဲ့ အသွင်ကူးပြောင်းမှု military-led transition လုံး၀ မဖြစ်ရ၊
(၂) ပြည်သူဦးဆောင်တဲ့ people-led ဖြစ်ရမယ်၊
ပြည်ထောင်စုစတိတ်ဟိုလ်ဒါတွေ ဦးဆောင်တဲ့ အသွင်ကူးပြောင်းမှု stakeholders-led ဖြစ်ရမယ်၊
(၃) လူမျိုးပေါင်းစုံ တော်လှန်အင်အားစုအားလုံးက Stakeholdersအားလုံး ပါ၀င်ရမယ်၊
(၄) အရင်လို NLD-Military ဆိုတဲ့ အင်န်အယ်လ်ဒီနဲ့စစ်တပ် နှစ်ဖက်ကြားထဲ ဆွေးနွေးညှိနှိုင်းလုပ်ဆောင်တဲ့ နိုင်ငံရေးအကူးအပြောင်း မဖြစ်ရ၊
(ဥပမာ- လွှတ်တော်ထဲက စစ်တပ်နေရာ ၂၅ရာခိုင်နှုန်း ဖျက်သိမ်းပြီး မင်းအောင်လှိုင် သက်တမ်းတခုအာဏာဆက်ယူ ဆိုတဲ့ အပေးအယူမျိုး လုပ်မယ်ဆိုရင်လည်း လက်မခံရ၊
(၅) ၂၀၀၈အတိုင်း ဆက်သွားဖို့ကြံနေတာကို လုံး၀ လက်မခံရ၊
(၆) ဖက်ဒရယ်ခြေဥအသစ် လူထုဆန္ဒခံယူပွဲနဲ့ မဖင့်နှေးဘဲ ဖော်ဆောင်ရမယ်၊
(၇) ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အုတ်မြစ် အချိန်မဆွဲဘဲ တကယ်ချရမယ်၊
(၈) Transitional Justice လုပ်ကိုလုပ်ရမယ်၊ တရားမျှတမှု ဆောင်ကြဉ်းရမယ်၊
(၉) စစ်တပ်ဟာ နိုင်ငံရေးမှာ လုံး၀ မပါရ၊
(၁၀) လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု Security Sector Reform မလေးဖင့်ဘဲ လုပ်ရမယ်၊
(၁၁) မတူကွဲပြားပြီး များပြားစုံလင်လှတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ ပြည်ထောင်စုမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်ဆိုပြီး တခုတည်းသောစစ်တပ် လုပ်မလား? (ဒါမှမဟုတ်) လုံခြုံရေးစနစ်တခုအောက်မှာ အားလုံး ကိုယ်စီ ကိုယ့်တပ်နဲ့ကိုယ်နေရင်း ပြည်ထောင်စုမှာလည်း အတူယှဉ်တွဲပူးပေါင်းပါနိုင်မယ့် လုံခြုံရေးစနစ်သစ်တခု လုပ်မလား? ဆိုတာကို တော်လှန်ရေးအင်အားစုတွေ ညှိနှိုင်းဆုံးဖြတ်ချက်ချ လက်တွေ့အကောင်အထည်ဖော်ရမယ်၊
(၁၂) ဘယ်နှစ်လ၊ ဘယ်နှနှစ် ကာလသတ်မှတ် လက်တွေ့ရှေ့ရောက်တဲ့ အသွင်ကူးပြောင်းမှု ဖြစ်ရမယ်၊
(၁၃)
…
အစရှိတဲ့ အချက်တွေပဲ။ ဒါက နမူနာတင်ပြတဲ့ အချက်တွေပါ။
တကယ်လို့ စကားပြောတဲ့အဆင့် ရောက်ပြီဆိုရင်တောင် အလျှော့ပေးလို့မရတဲ့ နောက်ဆုံးမျဉ်းက ဒီအချက်တွေဖြစ်တယ်ဆိုတာ တော်လှန်ရေးတပ်ဦးက ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရှိနေရမယ်။
ဒီတခါ အရင်လို စစ်တပ်ဦးဆောင်ပြီး နှစ်ဖက်ထဲကြားညှိနှိုင်းတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို တကျော့ပြန်လို့ လုံး၀ မရဘူး။ အရင်လိုလုပ်ရင် အရင်လိုပဲ မြန်မာဂာ အမြဲတမ်း conflictဖြစ်လိုက်၊ ဘယ်လောက်ကြာမှန်း ကာလအကန့်အသတ်မရှိတဲ့ transitionဖြစ်လိုက် နဲ့ သံသရာလည်နေမယ်။ ဒီတခါ ရှေ့ဆက်နိုင်ပြီး နိုင်ငံသစ်တည်ထောင်မှုဆီ ရောက်အောင် သွားရမယ်။
|||
ငြိမ်းငြိမ်းပြည့်
အောက်တိုဘာ ၂၀၊ ၂၀၂၁
Source: Federal Alliance