အိမ်နီးချင်း တရုတ်၊ ရုရှားနဲ့ အာဆီယံက မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်အတိုင်း “အာဏာသိမ်း” တာ ဆိုတဲ့ စကားရပ်ကို သုံးနှုန်းဖို့ ရှောင်ရှားခဲ့သလို၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ “အာဏာသိမ်း” ဆိုတဲ့ အသုံးအနှုန်းကို ပယ်ဖျက်ပေးဖို့ ကန့်ကွက်တာတွေ လုပ်ခဲ့ကြတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင်ပြောကြားချက် ထွက်ပေါ်လာချိန်မှာ ဖေဖော်ဝါရီ (၁) ရက်နေ့ ဖြစ်ရပ်ဟာ “အာဏာသိမ်း” တာဖြစ်ပြီး၊ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခဲ့တာဖြစ်ကြောင်း သက်သေအထောက်အထား ထပ်မံပေါ်ထွက်လာပါတယ်။
ကမ္ဘာပေါ်မှာ ဘယ်လိုနိုင်ငံရေးစနစ်ကို ကျင့်သုံးပါစေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေရှိကြပြီး နိုင်ငံတော်အကြီးအကဲကအစ နိုင်ငံရဲ့အာဏာကို ကျင့်သုံးဆောင်ရွက်ရတဲ့ အစိုးရ၊ လွှတ်တော်၊ တရားရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းများအားလုံးနဲ့ နိုင်ငံသားများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ရပါတယ်။
ဒါဟာ အငြင်းပွားစရာမရှိတဲ့ နိုင်ငံတကာက လက်ခံထားတဲ့ စံနှုန်းဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေဖော်ဝါရီ (၁) ရက် လုပ်ရပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခဲ့တဲ့ အချက်က အငြင်းပွားဖွယ်မရှိ ထင်ရှားနေပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကိုးကားပြီး အာဏာသိမ်းခဲ့လို့ ဒီလိုကိုးကားချက်တွေ မှန်ကန်မှုရှိမရှိ ဖော်ထုတ်တင်ပြသွားပါမယ်။
ဖေဖော်ဝါရီ (၁) ရက်နေ့ ဖြစ်စဉ်လေ့လာခြင်း
ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ဒုတိယသမ္မတ-၁ (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဦးမြင့်ဆွေဟာ “ယာယီသမ္မတ” ဆိုတဲ့ ရာထူးနဲ့ “ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၁)” ကို ထုတ်ပြန်ကြေညာပြီး၊ နိုင်ငံတော်ကို “အရေးပေါ်အခြေအနေ” ကြေညာခဲ့ပါတယ်။
အဲဒီမတိုင်ခင် မြန်မာပြည်မြောက်ဖျားစွန်းက ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသန ရှေ့တန်းစခန်းရုံးနဲ့ နောင်မွန်မြို့ဖွံ့ဖြိုးတိုးတက်မှုတွေကို ဦးမြင့်ဆွေ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ နေပြည်တော်ကို ဇန်နဝါရီလ (၃၁) ရက်မှ ပြန်ရောက်လာတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ (၃၁) ရက်နေ့ထုတ် နိုင်ငံပိုင် “မြန်မာ့အလင်းသတင်းစာ” ရဲ့ မျက်နှာဖုံးခေါင်းကြီးပိုင်းမှာ သူ့ရဲ့ ခရီးစဉ်ကို ဝေဝေဆာဆာဖော်ပြထားတာဟာ နိုင်ငံမှာ မည်သည့်အရေးပေါ်အခြေအနေမှ ပေါ်ပေါက်နေခြင်းမရှိတဲ့ သက်သေဖြစ်ပါတယ်။
ဖေဖော်ဝါရီလ (၁) ရက် နံနက်ပိုင်းမှာပဲ ဦးမြင့်ဆွေဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ခေါ်ယူ ကျင်းပခဲ့ပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကောင်စီရဲ့ အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ကို ၎င်းတို့နေရပ်အသီးသီးမှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါပြီ။ ကောင်စီအဖွဲ့ဝင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းဟာ ကံကောင်းထောက်မစွာ သူ့ရဲ့ အိမ်မှာ မရှိခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်သွားခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုအပေါ် တပ်မတော်က ဖြေရှင်းပေးရန် တောင်းဆိုချက်ကို လျစ်လျူရှုပြီး၊ ပြည်ထောင်စုလွှတ်တော်အသီးသီးကို ခေါ်ယူခြင်းဟာ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း” ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၀-ဂ) နဲ့ (၄၁၇) ကို ကိုးကားပြီး စွပ်စွဲခဲ့ပါတယ်။ ၎င်းရဲ့တင်ပြချက်ကို ဦးမြင့်ဆွေက လက်ခံသဘောတူပြီး၊ “ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၁)” ကို ထုတ်ပြန်ပါတယ်။
အဲဒီအမိန့်မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူခြင်းဟာ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း” လို့ ဖော်ပြချက်ဟာ အရေးကြီးတဲ့ အခြေခံဥပဒေဆိုင်ရာ စွပ်စွဲချက်ဖြစ်ပြီး၊ ဒီအချက်ကို ဖြေရှင်းနိုင်ရင် နိုင်ငံတကာက တိုက်တွန်းနေတဲ့ ရွေးကောက်ပွဲရလဒ်အတိုင်း ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဖေဖော်ဝါရီ (၁) ရက်နေ့ ဖြစ်ရပ်တွေမှာ (၁) နိုင်ငံတော်သမ္မတကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ (၂) ဒုတိယသမ္မတ – ၁ ဦးမြင့်ဆွေက “ယာယီသမ္မတ” ရာထူးရယူခြင်း၊ (၃) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ခြင်းနဲ့ (၄) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၁၇) ကို ကျင့်သုံးခြင်း စတဲ့လုပ်ဆောင်ချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မှန်မှန်ကန်ကန်ကျင့်သုံးခဲ့ခြင်း ဟုတ်မဟုတ် အဓိကဆန်းစစ်လေ့လာရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားသလဲဆိုတာကို နားလည်ဖို့ အင်မတန်အရေးကြီးပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခန်း (၁၅) ခန်း၊ ပုဒ်မပေါင်း (၄၅၇) ခုနဲ့ ဥပဒေပြုစာရင်း ဇယား (၅) ခုနဲ့ ဖွဲ့စည်းထားပါတယ်။ အခန်း (၁) က “နိုင်ငံတော်အခြေခံမူများ” အခန်းဖြစ်ပြီး၊ ကျန် အခန်း (၁၄) ခုဟာ နိုင်ငံတော်အခြေခံမူ ပုဒ်မ (၄၈) ခုအပေါ် အခြေခံပြီး ရေးဆွဲထားပါတယ်။ အခန်း (၁) ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို အနက်အဓိပ္ပာယ်ဖွင့်ဖို့ လိုအပ်တဲ့အခါ လိုက်နာရမဲ့ လမ်းညွှန်အခြေခံမူတွေလည်း ဖြစ်ပါတယ်။ ဒီအချက်ကို အခန်း(၁) ရဲ့ နောက်ဆုံးပုဒ်မဖြစ်တဲ့ ပုဒ်မ (၄၈) မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
ပုဒ်မ (၄၈) – နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်းကောင်း လိုက်နာရမည့်လမ်းညွှန်များဖြစ်သည်။
ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံမူပုဒ်မပါ စကားရပ်နဲ့ ၎င်းပုဒ်မအပေါ် အခြေခံထားပြီး ရေးဆွဲပြဋ္ဌာန်းထားတဲ့ အခြားပုဒ်မတစ်ခုရဲ့ စကားရပ်အသုံးအနှုန်းအကြား မတူကွဲပြားမှု ပေါ်ပေါက်ပါက မူရင်းအခြေခံမူပုဒ်မပါ စကားရပ်ကို ရည်ညွှန်းကိုးကားရမယ်ဆိုတဲ့ အခြေခံမူပုဒ်မ (၄၈) ပါ ပြဋ္ဌာန်းချက်ဟာ သိပ်အရေးကြီးပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့နေ့မှာ ကိုးကားခဲ့တဲ့ အခန်း (၁) “နိုင်ငံတော်အခြေခံမူများ” ပုဒ်မ (၄၀-ဂ) နဲ့ အခန်း (၁၁) “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ” အခန်း၊ ပုဒ်မ (၄၁၇) ပြဋ္ဌာန်းချက်တွေကို ကျင့်သုံးခဲ့ပုံဟာ မှန်ကန်မှုရှိမရှိ လေ့လာတဲ့အခါ ပုဒ်မ (၄၈) ဟာ အဓိကလမ်းညွှန်ချက် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒု-သမ္မတ ဦးမြင့်ဆွေနဲ့ စစ်ခေါင်းဆောင်တွေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ခြင်းရှိမရှိ ခေါင်းစဉ်ခွဲ (၃) ခုနဲ့ ဆန်းစစ်တင်ပြသွားပါမယ်။
မေးခွန်း (၁) နိုင်ငံတော်သမ္မတကို ရာထူးမှ အတင်းအကျပ်ဖယ်ရှားခြင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်ကျူးလွန်မှုများ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄) အရ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် မဲဆန္ဒရှင်ပြည်သူတွေက၊ ပုဒ်မ (၇) အရ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကနေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ သမ္မတဖြစ်ပါတယ်။
ပုဒ်မ (၁၆) အရ နိုင်ငံတော်သမ္မတဟာ “နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲ” ၊ ပုဒ်မ (၅၀-က) အရ နိုင်ငံရဲ့မြို့တော် နေပြည်တော်ကို တိုက်ရိုက်အုပ်ချုပ်သူ၊ ပုဒ်မ (၅၈) အရ “မြန်မာနိုင်ငံတစ်ဝန်း နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ” ရရှိထားသူ ဖြစ်ပါတယ်။
ထို့ပြင် နိုင်ငံတော်သမ္မတရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင့်သုံးဆောင်ရွက်မှုများအားလုံးနဲ့ ပတ်သက်ပြီး သမ္မတကို ပုဒ်မ (၂၁၅) အရ အောက်ပါအတိုင်း ဥပဒေအကာအကွယ်ပေးထားပါတယ်။
ပုဒ်မ (၂၁၅) – နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း မိမိအား အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၁၅) အရ နိုင်ငံတော်သမ္မတကို “မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ” လို့ ဥပဒေအရ အပြည့်အဝအကာအကွယ်ပေးထားပြီး၊ ပုဒ်မ (၅၀-က) အရ နေပြည်တော်ကို တိုက်ရိုက်အုပ်ချုပ်သူ သမ္မတရဲ့ အိမ်တော်ကို စစ်တပ်အင်အားအသုံးပြုစီးနင်းပြီး၊ အတင်းအဓမ္မ ရာထူးမှ ဖယ်ရှားရန် ခြိမ်းခြောက်ကြိုးပမ်းခဲ့ခြင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း လုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိအလင်းဖောက်ဖျက်ကျူးလွန်ခဲ့ခြင်း ဖြစ်ပါတယ်။
မေးခွန်း (၂) ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက “ယာယီသမ္မတ” ရာထူး ရယူခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတရာထူး လစ်လပ်မှသာလျှင် ဒုတိယသမ္မတ-၁ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ ယာယီသမ္မတအဖြစ် တာဝန်ယူရပါတယ်။ သမ္မတရာထူး လစ်လပ်နိုင်တဲ့ အကြောင်းရင်းတွေနဲ့ သမ္မတသစ် ပြန်လည်ရွေးချယ်တင်မြှောက်ဖို့ ဥပဒေအရ ဆောင်ရွက်ရမဲ့ အချက်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ၊ ပုဒ်မခွဲတွေနဲ့တကွ ရှင်းလင်းတိကျစွာ ဖော်ပြထားပါတယ်။
အဲဒါတွေက (၁) ပြည်ထောင်စုလွှတ်တော်တစ်ရပ်ရပ်မှာ စွပ်စွဲပြစ်တင်ခြင်းခံရပြီး ရာထူးမှ ဖယ်ရှားခံရခြင်းကို ပုဒ်မ ၇၁-က မှ ၇၁-ဆ အထိ အသေးစိတ်ဖော်ပြထားပါတယ်။ (၂) ရာထူးမှ ဆန္ဒအလျောက်နုတ်ထွက်ခြင်းကို ပုဒ်မ ၇၂ မှာ ဖော်ပြထားပြီး ၊ (၃) ကွယ်လွန်ခြင်း၊ ထာဝစဉ် မစွမ်းဆောင်နိုင်တော့ခြင်းနဲ့ အကြောင်းတစ်ခုခုကြောင့် သမ္မတရာထူးလစ်လပ်ခြင်းကို ပုဒ်မ ၇၃-က တို့မှာ ဖော်ပြထားပါတယ်။
ဒီနေရာမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့ သူ့ကို စစ်အရာရှိကြီး ၂ ဦးက ကျန်းမာရေးအကြောင်းပြချက်နဲ့ ရာထူးမှ နုတ်ထွက်ပေးရန် ပြောတဲ့အခါ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ သူကျန်းမာရေးကောင်းပြီး ရာထူးမှ နုတ်ထွက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် သမ္မတရာထူးလစ်လပ်ခြင်းမရှိဘဲ ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေဟာ ယာယီသမ္မတရာထူး ရယူခဲ့ခြင်းက အောက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေကိုပါ ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ထင်ရှားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၆၅) အရ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေအဖြစ် ရွေးချယ်တင်မြှောက်ပြီးချိန် ပြည်ထောင်စုလွှတ်တော်ရှေ့မှောက်မှာ ဦးမြင့်ဆွေ ကတိသစ္စာပြုခဲ့ရာမှာ “ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာ ရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်” လို့ ကတိသစ္စာပြုခဲ့ပါတယ်။
ယာယီသမ္မတရာထူးကို ရယူခဲ့ခြင်းဟာ ပုဒ်မ ၆၅ အရ ကတိသစ္စာပြုထားခြင်းကို ဖောက်ဖျက်ခြင်း ဖြစ်ပါတယ်။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၃ အရ ဒုတိယသမ္မတတွေဟာ သမ္မတကိုလည်းကောင်း၊ သမ္မတကတစ်ဆင့် ပြည်ထောင်စုလွှတ်တော်ကိုလည်းကောင်း တာဝန်ခံရပါတယ်။
ဒါကြောင့် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေဟာ သမ္မတ ဦးဝင်းမြင့်ကို တာဝန်မခံခြင်း၊ စစ်တပ်က သမ္မတကို ဖမ်းဆီးခြင်းနဲ့ ရာထူးမှ ဖယ်ရှားရာတွင် ပူးပေါင်းပါဝင်ခြင်း ယာယီသမ္မတရာထူးကို ရယူခဲ့ခြင်းက ပုဒ်မ ၂၀၃ ကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ထို့ပြင် ယာယီသမ္မတရဲ့ တာဝန်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအကျ သတ်မှတ်ထားပါတယ်။ ယာယီသမ္မတရဲ့ အဓိကတာဝန်ဟာ သမ္မသစ်တစ်ယောက်ကို အမြန်ဆုံး ရွေးချယ်တင်မြှောက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ “အမြန်ဆုံး” အကြောင်းကြားရပါတယ်။
ဒီနေရာမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ဟာ ရာထူးတာဝန်မှာ အပြည့်အဝထမ်းဆောင်နေတဲ့ လွှတ်တော်အကြီးအကဲဖြစ်ပါတယ်။ ဒါပေမဲ့ ဦးမြင့်ဆွေဟာ ဦးတီခွန်မြတ်ကို အမြန်ဆုံးအကြောင်းကြားရမဲ့တာဝန် ပျက်ကွက်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းဟာ ငါးနှစ် (ပုဒ်မ ၆၁-က) ဖြစ်လို့၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ သမ္မတသက်တမ်းဟာ ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှ ငါးနှစ်သက်တမ်းပြည့်မှာ ဖြစ်ပြီး၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းချိန်မှာ သမ္မတသက်တမ်း (၂) လတိတိ ကျန်ရှိနေပါသေးတယ်။
အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော်သမ္မတရာထူး လစ်လပ်တဲ့အခါ သမ္မတသစ်ကို အစားထိုးရွေးချယ်တင်မြှောက်ခြင်း မဖြစ်မနေပြုလုပ်ရပြီး၊ ပုဒ်မ (၆၁-င) အရ သမ္မတသစ်ဟာ ကျန်ရှိတဲ့ သက်တမ်းကာလအတွက်ပဲ ဖြစ်တယ်လို့ အတိအလင်းဖော်ပြထားပါတယ်။ ဒါကြောင့် ဦးမြင့်ဆွေ ယာယီသမ္မတရာထူးကို အခုအချိန်ထိ ယူထားတာဟာ ဥပဒေနဲ့မညီပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတရာထူးလစ်လပ်သွားပါက လွှတ်တော်ကျင်းပနေချိန်ဖြစ်လျှင် ပုဒ်မ ၇၃-ခ အရ (၇) ရက်အတွင်း သမ္မတသစ်ရွေးချယ်ပွဲကို ကျင်းပပေးရပြီး၊ လွှတ်တော်ကျင်းပနေချိန်မဟုတ်လျှင် ပုဒ်မ ၇၃-င အရ (၂၁) ရက်အတွင်း သမ္မတသစ်ရွေးချယ်ပွဲကို မဖြစ်မနေကျင်းပပေးရပါတယ်။ ဒါကြောင့် ယာယီသမ္မတရဲ့ သက်တမ်းဟာ အတိုဆုံး (၇) ရက်နဲ့ အရှည်ဆုံး (၂၁) ရက် ဖြစ်ပါတယ်။
သမ္မတသစ်တင်မြှောက်ပြီးတာနဲ့ ယာယီသမ္မတဟာ မူလ ဒုတိယသမ္မတတာဝန်ကို ပြန်လည်ထမ်းဆောင်ရပါတယ်။ ဒါပေမဲ့ ဦးမြင့်ဆွေဟာ ယာယီသမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ခြင်း၊ ယာယီသမ္မတကျင့်သုံးခွင့်မရှိတဲ့ ပုဒ်မ (၄၁၇) ကို ကျင့်သုံးပြီး နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းနဲ့ ပုဒ်မ (၄၁၈) ကို ကျင့်သုံးပြီး မင်းအောင်လှိုင်ကို အာဏာအားလုံးလွှဲပြောင်းပေးခဲ့ခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ခဲ့တယ်။
မေးခွန်း (၃) အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ခေါ်ယူကျင်းပခြင်းနဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖောက်ဖျက်ကျူးလွန်မှုများ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၀၁) အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတက ဦးဆောင်ပြီး အဖွဲ့ဝင် (၁၁) ဦးနဲ့ ဖွဲ့စည်းရပါတယ်။ ကောင်စီအစည်းအဝေးကျင်းပခြင်းကို ကောင်စီမှာ ဆွေးနွေးဆုံးဖြတ်ရမဲ့ အကြောင်းကိစ္စပေါ်ပေါက်တဲ့အခါမှ နိုင်ငံတော်သမ္မတကိုယ်တိုင် ခေါ်ယူကျင်းပရမှာ ဖြစ်ပြီး၊ အခြားအစိုးရအဖွဲ့ဝင်တစ်ဦးဦးက ခေါ်ယူကျင်းပခွင့် မရှိပါဘူး။ ဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။
ဒါကို ဒု – သမ္မတ ဦးမြင့်ဆွေက ကောင်စီအစည်းအဝေးခေါ်ယူခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။ အဲ့ဒီအစည်းအဝေးက ထွက်ပေါ်လာတဲ့ “ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၂၁)” ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်သော အမိန့်သာလျှင်ဖြစ်တယ်။ ထိုအချက်ကို အောက်ပါအတိုင်း အသေးစိတ် စိစစ်တွေ့ရှိပါတယ်။
ဖေဖော်ဝါရီလ (၁) ရက်နေ့ နိုင်ငံတော်သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ မင်းအောင်လှိုင်က နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေဆိုပြီး ရှင်းလင်းရာ နိဂုံးချုပ်အပိုဒ်မှာ –
“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော ‘မဲမသမာမှုဖြစ်နိုင်သည့်စာရင်း’ ၁၀,၄၈၂,၁၁၆ (တစ်ဆယ်သန်းလေးသိန်းကျော်) အား တာဝန်ရှိသူအဆင့်ဆင့်က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ) နှင့် ပုဒ်မ (၄၁၇) ပါ ‘နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း’ ဖြစ်ပါကြောင်း” ပြောဆိုခဲ့ပါတယ်။
အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၁) မှာ –
“မဲစာရင်းပြဿနာကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုမပြုခြင်း၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးများကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုအပေါ် ရွှေ့ဆိုင်းပေးခြင်း မရှိသည့်အပြင် ပြည်သူ့လွှတ်တော်အစည်းအဝေးအစီအစဉ်များ ထုတ်ပြန်ကာ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ (၄၁၇) ပါ “နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပါသည်” လို့ ဖော်ပြထားပါတယ်။
အဓိကထားလေ့လာရမဲ့ အချက်က မင်းအောင်လှိုင်ရဲ့ အစည်းအဝေးမှာ တင်ပြချက်နဲ့ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် (၁/၂၀၂၁) နှစ်ခုစလုံးမှာ ပုဒ်မ (၄၀-ဂ) နဲ့ ပုဒ်မ (၄၁၇) စကားရပ်တွေထဲက “အဓမ္မနည်း” ဆိုတဲ့ တူညီတဲ့ အသုံးအနှုန်းနဲ့ စွပ်စွဲချက်ဖြစ်တယ်။ အဲ့ဒီ အသုံးအနှုန်းကို ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ (၄၀-ဂ) နဲ့ ပုဒ်မ (၄၁၇) စကားရပ်တွေနဲ့ တိုက်ဆိုင်လေ့လာရာမှာ ပုဒ်မ (၄၀-ဂ) မှာ “ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုစသော အဓမ္မနည်းဖြင့်” ဟု ဖော်ပြထားတာ တွေ့ရပြီး၊ “အဓမ္မနည်း” ရဲ့ အနက်အဓိပ္ပာယ်ဟာ “ဆူပူသောင်းကျန်းမှု” ဒါမှမဟုတ် အကြမ်းဖက်မှု” လို့ ရည်ညွှန်းထားပါတယ်။
ပုဒ်မ (၄၁၇) မှာတော့ “ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်း” ဟု စကားရပ်ဖွဲ့စည်းမှု မတူတာကို တွေ့ရပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) “နိုင်ငံတော်အခြေခံမူများ” အခန်း၊ ပုဒ်မ (၄၈) လမ်းညွှန်ချက်အရ ပုဒ်မ (၄၀-ဂ) ပါ “အဓမ္မနည်း” အနက်အဓိပ္ပာယ်ကို ရယူရမှာ ဖြစ်ပြီး၊ ၎င်းမှာ “ဆူပူသောင်းကျန်းမှု” နဲ့ “အကြမ်းဖက်မှု” လို့ အဓိပ္ပာယ်ရပါတယ်။
အဲ့ဒီအပြင် ပုဒ်မနှစ်ခုစလုံးတွင် ဆူပူသောင်းကျန်းမှုနဲ့ အကြမ်းဖက်မှုအဆင့်သတ်မှတ်ရာမှာလဲ “ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းတွေ့ရှိလျှင်” ဆိုတဲ့ အခြေအနေသုံးရပ်နဲ့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
သာမန်ဆူပူသောင်းကျန်းမှု၊ သာမန်အကြမ်းဖက်မှု အမျိုးအစားမဟုတ်ဘဲ၊ အဆိုပါအခြေအနေတွေ ပေါ်ပေါက်ခြင်းရှိမရှိကို နိုင်ငံတော်သမ္မတကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်တယ်။ ဖေဖော်ဝါရီလ (၁) ရက်အထိ မြန်မာနိုင်ငံဟာ အေးချမ်းတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး၊ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာရတဲ့အထိ ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေခြင်း လုံးဝမရှိပါ။
ဒါကြောင့် ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူခြင်းဟာ နိုင်ငံတော်ရဲ့ အရေးကြီးဆုံး ဥပဒေပြုမဏ္ဍိုင်အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခေါ်ယူခြင်းဖြစ်ပြီး၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို “အဓမ္မနည်းဖြင့်” ရယူခြင်းလို့ စွပ်စွဲတာဟာ ကျိုးကြောင်းယုတ္တိ လွန်စွာလွဲမှားကြောင်း ထင်ရှားပါတယ်။
အဲဒီအပြင် ပြည်သူ့လွှတ်တော်အစည်းအဝေးခေါ်ယူခြင်းကို ပါတီတချို့က ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်း မရှိလို့ မလိုက်လျောခဲ့ခြင်းကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေတဲ့ လုပ်ရပ်အဖြစ် အထောက်အထားမဲ့ စွပ်စွဲခဲ့ပါတယ်။ အဲ့ဒီအပြင် မင်းအောင်လှိုင်ကိုယ်တိုင် မဲမသမာမှု “ဖြစ်နိုင်သည့်စာရင်း” ဟု မရေမရာသုံးနှုန်းပြောဆိုခဲ့ခြင်းက ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ခဲ့တဲ့ သက်သေအထောက်အထား အတိအကျမရှိတာ ထင်ရှားပါတယ်။
အနှစ်ချုပ်အားဖြင့် နိုင်ငံတော်အကြီးအကဲတစ်ဦးက ၎င်းကို အပ်နှင်းထားတဲ့ တာဝန်ကို မှန်ကန်စွာ မထမ်းဆောင်ဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခဲ့ကြောင်း ထင်ရှားပါက ၎င်းကို အရေးယူနိုင်တဲ့ နည်းလမ်းဟာ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စွပ်စွဲပြစ်တင်မှုဆိုင်ရာ ပုဒ်မတွေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်က နိုင်ငံတော်အကြီးအကဲကို စစ်အင်အားသုံး ဖမ်းဆီးခြင်းနဲ့ ရာထူးမှ အတင်းအဓမ္မဖယ်ရှားခြင်းတို့ လုပ်ဆောင်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေက လုံးဝ (လုံးဝ) ခွင့်ပြုထားခြင်း မရှိပါ။
ဒါကြောင့် မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စစ်ဗိုလ်ချုပ်များ၊ ဒု-သမ္မတ ဦးမြင့်ဆွေတို့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖောက်ဖျက်ကျူးလွန်မှု၊ အာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခဲ့မှုများက စစ်ရာဇဝတ်မှုများ (War Crimes) နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ (Crimes against Huminity) ဖြစ်လို့ ဥပဒေနဲ့အညီ အရေးယူအပြစ်ပေးရမှာဖြစ်တယ်။
Source : Myanmar Now