“ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ ခေတ်အဆက်ဆက်က စစ်ကြောရေးတွေထက် အခုစစ်ကြောရေးက အင်မတန်ဆိုးတယ်။” နိုင်ငံရေး အကျဉ်းသားကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တာဝန်ခံ တစ်ဦးက မဇ္ဈိမကို ပြောပြနေခြင်းဖြစ်သည်။
“အခုဆိုရင် စစ်ကြောရေးမှာ သေဆုံးခဲ့ရသူတွေလည်း မနည်းဘူး။ ဖမ်းသွားပြီးသတ်ပစ်တယ်။ ပြီးမှအလောင်းလာယူခိုင်းတယ်ပေါ့။ နောက်ဆုံး ပြည်သူတွေက သူတို့ဖမ်းဆီးနှိပ်စက်တာကိုတော့ မခံတော့ဘူး။ ကိုယ့်ကိုကိုယ်ပဲ အဆုံးစီရင်လိုက်တော့မယ် ဆိုတဲ့ ပုံစံမျိုးတွေ အထိပါဖြစ်လာတယ်။ ရက်စစ်မှုက ကမ်းကုန်ပါပဲ။ တကယ့်ကို စနစ်တကျနဲ့ နှိပ်စက်ပြီး သက်နေတဲ့ နေရာလို့ပြောချင်ပါတယ်။” ဟု သူက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းထားသည့် ရှစ်လတာကာလအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရသည့် ပြည်သူ ၄၃ ဦးအထိရှိလာသည်ဟု AAPP က မှတ်တမ်းတင်ထားသည်။ အဆိုပါအရေအတွက်သည် စက်တင်ဘာလ ၂၉ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းဖြစ်ကြောင်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ တာဝန်ခံတစ်ဦးမှ မဇ္စျိမကို ပြောသည်။
စစ်ကြောရေးများသည် အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် သူများကို အာဏာရှင်ခေတ် အဆက်ဆက် နှိပ်ကွက်ရန် ညှင်းပန်းနှိပ်စက်ကာ လူ့အခွင့်အရေးကို ချိုးဖောက်နေသည့် နေရာများဟု အများက သက်မှတ်ထားကြသည်။
စက်တင်ဘာလကုန်ထိ စစ်ကြောရေးတွင် နောက်ဆုံးသေဆုံးခဲ့ရသူမှာ မန္တလေးက NLD ပါတီဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုသိန်းထွန်းဦးဖြစ်သည်။ ၎င်းကို စက်တင်ဘာလ ၂၅ ရက်နေ့က နေအိမ်မှ မန္တလေးအမှတ် (၇) နယ်မြေ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် စက်တင်ဘာ ၂၆ ရက်နေ့တွင် သေဆုံးသွားကြောင်း ရဲစခန်းက မိသားစုကို အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး ထောင်ထဲရောက်သည့်အခါမှ သေဆုံးသူက ၁၁ယောက်ရှိကာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမရောက်ခင် သေဆုံးသူက ၇၁ ယောက်အထိရှိသည်ဟု ဆိုသည်။
“စစ်တပ်ရဲ့ ရက်စက်မှုက ခေတ်တိုင်းမှာရှိတယ်။ ကျွန်မတို့ဖြတ်သန်းခဲ့တဲ့ အချိန်ကတော့ စစ်ကြောရေးမှာ သေလို့သေမှန်းတောင်မသိရဘဲ အသက်ပေးသွားရတဲ့သူတွေ ရှိတယ်ပေါ့နော်။ နှိပ်စက်တဲ့ ဒဏ်တွေနဲ့ ထောင်ထဲရောက်မှ သေတဲ့သူတွေလဲ ရှိတယ်။ အခုချိန်ကတော့ နည်းပညာကတိုးတက်လာတယ်။ သတင်းတွေလည်း အုပ်ထားလို့မရတော့ သူတို့ရဲ့ ရက်စက်မှုတွေက ပိုပြီး လူတွေသိလာကြတယ်။ အခုစစ်ကြောရေးတွေက ပိုပြီး ရက်စက်လာကြတယ်။ ” ဟု နိုင်ငံရေးအကျဥ်းသူဟောင်း ဒေါ်နှင်းနှင်းမွှေးက ပြောသည်။
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေ ကျူးလွန်ဖောက်ဖျက်သူများကို ရဲလက်စွဲ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေတွေနဲ့အညီ ဖမ်းဆီးခွင့်ရှိသလို ဖမ်းဆီးခံရသူတွေကို နှိပ်စက်ညှဉ်းပန်းမှုများ မလုပ်ရအောင်လည်း ဥပဒေက တားမြစ်ထားသည်။
၁၉၇၅ ခုနှစ် မြန်မာနိုင်ငံသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောင့်ရေး ဥပဒေအရ နစ်နာသူက သက်ဆိုင်ရာကို အရေးယူဖို့ လျှောက်ထားလို့ရကြောင်း ပြဌာန်းထားသည်။
သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူများက ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပြီး ယခုလို စစ်ကြောရေးတွင် သေဆုံးမှုများအပေါ် ဥပဒေအရ ဖြေရှင်းရမည့်နေရာ မရှိတော့ကြောင်း ဝေဖန်ပြောဆိုနေကြသည်။
“စစ်ကြောရေးက ကောင်တွေက ဟေ့ကောင်တွေ ဒီနေရာမှာ ဘာစောက်ဥပဒေမှ မရှိဘူး။ ပစ်သတ်ပြီးအလောင်းဖျောက်လိုက်လဲ ဘာအစအနမှ ရမှာမဟုတ်ဘူး။ ပြီးတော့ ပြစ်မှုတခုမမြောက်မြောက်အောင် လုပ်ပါတော့တယ်။ ကျွန်တော့်ရှေ့မှာ တချို့ဆိုရင် သူတို့မှာ မပါဘဲနဲ့ ဘယ်က ထွက်လာမှန်းမသိတဲ့ အငွေ့ဗုံးတွေ လက်နက်တွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီး အမှုဆင်တာကိုတွေ့ရပါတယ်” စစ်ကြောရေးကိုဖြတ်ပြီး အင်စိန်ထောင်အတွင်းမှ ပြန်လွတ်လာသူက ဆိုသည်။
စစ်ကြောရေးတွင် သေဆုံးစေသည့်လုပ်ရပ်များသည် မည်သည့်ဥပဒေနှင့်မျှ ညီညွတ်မှုမရှိ ခြင်းကို ပြသနေပြီး မြန်မာပြည်သူတွေ လက်ရှိကြုံတွေ့နေရသည့် နစ်နာမှုများကို တိုင်တန်းနိုင်ဖို့ ဥပဒေစိုးမိုးရေးဟာ အဓိက လိုအပ်ပြီး ဒီလိုအခြေအနေမျိုးက နောင်တစ်ချိန် ပြည်သူ့အစိုးရတစ်ရပ် တက်လာချိန်မှသာဖြစ်နိုင်မည်ဟု ဆိုကြသည်။
စစ်အာဏာရှင်ကိုတော်လှန်သူများ ဖမ်းဆီးခံရလျင် အမှုအခြေအနေပေါ်မူတည်ကာ ရဲစခန်းများတွင် စစ်ဆေးခြင်း ၊ ထောင်တွင်းစစ်ဆေးခြင်းနှင့် စစ်ထောက်လှမ်းရေးစခန်းများတွင် သီးသန့်စစ်ဆေးခြင်းများ ပြုလုပ်ခံရလေ့ရှိသည်။
“ စစ်ကြောရေးရောက်တာနဲ့ တစ်ချက်ထိုးတာ ၊ ရိုက်လိုက်တာနဲ့ ညှင်းပမ်းနှိပ်စက်မှုမြောက်သွားပြီ၊ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အပေါ်က ခိုင်းလို့ပါ အထက်က ညွှန်ကြားလို့ပါဆိုပြီး ငြင်းလို့မရဘူး။ ဒီလိုမျိုး လက်လွှတ်စပယ် ညှင်းပန်းနှိပ်စက်တာတွေက ပျောက်သွားမှာမဟုတ်ဘူး၊ ကျူးလွန်သူတွေကို အမိန့်ပေးစေခိုင်းတဲ့ သူတွေဆီမှာလည်း အပြည့်အဝ တာဝန်ရှိတယ်။” ဟု AAPP၏ တာဝန်ခံတစ်ဦးမှ ပြောသည်။
“ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြောင်းအရ အပြစ်ပေးအရေးယူတာတွေကို သူတို့ခံရမယ်။ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်နေတဲ့သူတွေအနေနဲ့ အာဏာရှင်လူတစ်စုရဲ့ မျက်နှာကို မကြည့်ဘဲ၊ အပစ်မဲ့တဲ့ ပြည်သူတွေရဲ့ မျက်နှာကို ကြည့်ပြီး တစ်ဒေါင်းတစ်နေရာကနေ အုပ်တစ်ချပ်သဲတစ်ပွင့်ပါဝင်သင့်ပြီ”
စစ်ကြောရေးများတွင် စစ်ကောင်စီတပ်များက ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆရသည့် သူအားလုံးကို အငြိုးအတေးထားကာ ဖက်စစ်ဆန်ဆန် ထမင်းမကြွေး ရေမတိုက်ဘဲထားကာ နည်းမျိုးစုံဖြင့်နှိပ်စက်လေ့ ရှိသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ပြောပြတာက “ ကျွန်တော်တို့ စစ်ကြောရေးရောက်တုန်းက အစာရေစာမကြွေးဘူး၊ ရေတောင်မတိုက်ဘူးပေါ့နော်။ ဒီဟာက လူတိုင်းလိုလိုဖြတ်သန်းရတဲ့အခြေအနေပေါ့။ နှစ်ရက်လောက်ရေမသောက်ရတော့ လူက ဘယ်လိုမှ မခံနိုင်တော့ဘူး။ အိမ်သားထဲကရေကိုပဲ သောက်ရတယ်။ မျက်နှာသစ်ရတယ်။ လူတွေကို ဒီလိုမျိုးနဲ့ ညှင်းပန်းတယ်ပေါ့။ နည်းမျိုးစုံပါပဲ” ဟု သူတွေ့ကြုံခဲ့ရသည့် အိပ်မက်ဆိုးကြီးကို ပြန်ပြောပြသည်။
စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၂၉ ရက်အထိ အပြစ်မဲ့ပြည်သူ ၁၁၄၆ဦး သေဆုံးခဲ့ရပြီး ၆၉၁၄ ဦး ဖမ်းဆီးခံထားရကြောင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အပစ်မဲ့ပြည်သူတွေ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် သေဆုံးခဲ့ရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို သက်သေအချက် အလက်များ စုဆောင်းနေပြီး စစ်ကောင်စီအပေါ် ပြင်းထန်သည့်အရေးယူမှုများ လုပ်ဆောင်နိုင်ရေး ကြိုးပမ်းနေသည်ဟု ပြောဆိုထားခြင်းများ ရှိသည်။
ဒေါ်နှင်းနှင်းမွှေးကတော့ တော်လှန်သူတွေအနေနဲ့ ဒီလို အဖြစ်အပျက်တွေကို ဒီခေတ်မှာပဲ အဆုံးသတ်အောင် ဂရုတစ်စိုက်ကြိုးပမ်းသင့်သည်ဟု ဆိုသည်။
“စစ်တပ်က ပိုပြီးတော့ ဖက်စစ်ဆန်လာတဲ့အချိန်မှာ တော်လှန်ရေးလုပ်နေသူတွေက ပိုပြီးဂရုတစိုက်နဲ့ လုပ်ကြဖို့လိုမယ်လို့ မြင်တယ်။ ဒီလိုမျိုးအဖြစ်အပျက်တွေက ဒီခေတ်မှာပဲ အဆုံးသတ်သွားရင်ကောင်းမယ်။ အဲ့ဒါကြောင့်လဲ စစ်အာဏာရှင်စနစ်ကို တညီအညွတ်တည်း တွန်းလှန်နေကြတာ” ဟု ဆိုသည်။
Source: မဇ္ဈိမ