Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

NUG က လက်နက်ကိုင်လမ်းစဉ်တစ်ခုကိုပဲ ဆုပ်ကိုင်ထားတာလား

နိုင်ငံရေးအင်အားစုများသည် စေ့စပ်ညှိနှိုင်းရေးလမ်းကို မည်သည့်အခါကမျှ စွန့်လွှတ်ခဲ့ခြင်း မရှိပေ၊ သို့သော်လည်း ပိုမိုနားလည်သွားစေရေးအတွက် ရှင်းပြရန် လိုအပ်နေသည်။

စက်တင်ဘာ 29, 2021
in သုံးသပ်ချက်များ
Reading Time:1min read
Share on FacebookShare on Twitter
၂၀၂၀ ရွေးကောက်ပွဲနေ့က ကိုဗစ်ကပ်ဘေးအကာအကွယ်များ ဝတ်ဆင်ပြီး မိမိနှစ်သက်သူကို ရွေးချယ်မဲပေးရန် စောင့်ဆိုင်းနေသူတချို့။ ပြည်သူတို့က နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုသော်လည်း အာဏာရှင်စစ်ဗိုလ်ချုပ်များက ကဖျက်ယဖျက် လုပ်လေ့ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတက ပြောကြားသည့် စစ်ကောင်စီကို ခုခံရန် “ပြည်သူ့ခုခံစစ် ကြေညာခြင်း” မိန့်ခွန်းသည် ပြည်တွင်းပြည်ပများစွာ ဂယက်ရိုက်သွားခဲ့ပါသည်။ စက်တင်ဘာ (၇) ရက်နေ့က ကြေညာခဲ့ပြီး ယခု ရက်ပေါင်း ၂၀ ကျော် ကြာလာသောအခါ ပြည်သူ့ခုခံစစ်များ နိုင်ငံအနှံ့ အရှိန်မြင့်လာသလို စစ်ကောင်စီဘက်ကလည်း အပြင်းအထန်တိုက်ခိုက်လာခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံပြည်သူများကို ညှဉ်းပန်းနှိပ်စက်လာခြင်းများ ပိုမိုကျူးလွန်လျက်ရှိသည်ကို တွေ့နေရသည်။

ထို့သို့ ပိုမိုဖိနှိပ်လာမှုများကြောင့် NUG အစိုးရ၏ ပြင်ဆင်မှုအားနည်းခြင်းကို ဝေဖန်ကြသလို အခြားတစ်ဖက်တွင်လည်း ပြည်သူအများစု စိတ်ဓာတ်အင်အား တက်လာကြသည်။ နိုင်ငံတကာတွင်လည်း NUG ၏ ကြေညာချက်ကို စာနာနားလည်သူများရှိသလို၊ အကြမ်းဖက်ရေးလမ်းစဉ် (violence action) ဟူ၍ တော်လှန်ရေးကို တံဆိပ်ကပ်သူများလည်း တွေ့ကြရပါသည်။ အဆိုပါရှုပ်ထွေးမှုများကို ဖြေရှင်းသည့်အနေနှင့် NUG က ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးကို ရှင်းလင်းစေခဲ့သလို၊ သတင်းထုတ်ပြန်ချက်အမှတ် (၁၄/၂၀၂၁) ကို စက်တင်ဘာ ၁၃ တွင် ထုတ်ပြန်ပြီး ရှင်းလင်းခဲ့သည်ကို တွေ့ရသည်။

သို့သော် ပြည်သူ့တော်လှန်ရေး၏ လက်နက်ကိုင်ခုခံမှုကို စာနာသည်ဖြစ်စေ၊ မစာနာသည်ဖြစ်စေ NUG သည် တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေးနည်းလမ်းနှင့် အဖြေရှာခြင်း စသည့်လမ်းစဉ်တို့မှ သွေဖည်ကာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီးဖြစ်သည်ဟု နိုင်ငံတကာ၏ ထင်မြင်ပြောဆိုမှု ပိုမိုကျယ်လောင်လာနေသည်။ ထိုသို့ အထင်အမြင်လွဲမှားနေမှုများသည် ပြည်သူ့တော်လှန်ရေးကို အားနည်းချည့်နဲ့စေသည်ဖြစ်၍ တော်လှန်ရေးအင်အားစုခေါင်းဆောင်များက အထူးအလေးထား ရှင်းလင်းရန် လိုအပ်ပါသည်။

NLD နှင့် ဒီမိုကရေစီအင်အားစုများရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်

NLD သည် စတင်ဖွဲ့စည်းသည့် ၁၉၈၈ ခုနှစ်မှစ၍ အကြမ်းမဖက်ရေးလမ်းစဉ်ဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အဖွဲ့အစည်းအဖြစ် အားလုံးသိရှိပြီးဖြစ်သည်။ အလားတူ အခြားဒီမိုကရေစီအင်အားစုများဖြစ်သည့် ကျောင်းသားသမဂ္ဂများ၊ အလုပ်သမားသမဂ္ဂများ၊ မတရားမှုကို အခြားနည်းလမ်းအသီးသီးဖြင့် ဆန့်ကျင်ကြသည့် လွတ်လပ်သည့် သတင်းဌာနများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည်လည်း အာဏာရှင်အဆက်ဆက် အကြမ်းဖက်မှုများကို ကြံ့ကြံ့ခံကာ အကြမ်းမဖက်ရေးလမ်းစဉ်ကိုသာ စွဲကိုင်ခဲ့ကြသူများဖြစ်ကြောင်း အားလုံးသိရှိကြပြီးဖြစ်သည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်၏ သတ်ဖြတ်ဖမ်းဆီးညှဉ်းပန်းမှုများမှာ မှတ်တမ်းတင်နိုင်မှု နည်းပါးသော်လည်း ၂၀၂၁ အာဏာသိမ်းမှုထက် ရက်စက်ကြမ်းကြုတ်မှုမှာ လျော့လိမ့်မည်မဟုတ်ပေ။ ထိုသို့စစ်တပ်က မီးကုန်ယမ်းကုန် အကြမ်းဖက်ပြီးနောက် များမကြာမီ ကျင်းပပေးခဲ့သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း ပြည်သူလူထုက နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရေးကို ရှေးရှုကာ မဲရုံသို့ သွားခဲ့ကြသည်။ သို့သော်လည်း အများသိရှိပြီးဖြစ်သည့်အတိုင်း စစ်တပ်က ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုကာ အနိုင်ရကိုယ်စားလှယ်များကို ဖမ်းဆီးထောင်ချ၊ တချို့ကိုလည်း သတ်ဖြတ်ကာ ပြည်သူ့အာဏာကို အဓမ္မ ဆက်လက်သိမ်းယူခဲ့သည်။ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် ဝင်ရောက်ခြယ်လှယ်သော စစ်ခေါင်းဆောင်များကြောင့် တိုင်းပြည် အဘက်ဘက်မှ ချွတ်ခြုံကျစေခဲ့သည့်တိုင် ပြည်သူနှင့် ၎င်းတို့ခေါင်းဆောင်များမှာ တိုင်းပြည်အနာဂတ်အတွက် ငြိမ်းချမ်းစွာအဖြေရှာသည့် နည်းလမ်းကို ရွေးချယ်ကာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့ကြ၊ မဲထည့်ခဲ့ကြပြန်သည်။

စစ်အာဏာရှင်တို့သည် ဆယ်စုနှစ်ပေါင်းများစွာ ရာဇဝတ်မှုကျူးလွန်ထားကြသော်လည်း အသွင်ကူးပြောင်းမှုကာလ တရားမျှတရေး (transitional justice) အစီအစဉ်ကို မကျော်ဖြတ်ဘဲ လွတ်ငြိမ်းချမ်းသာခွင့် ရနေကြသည်။ ထို့ပြင် ပြည်သူတို့ လိုလားတောင့်တသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါ စစ်တပ်ကို အလေးထားပါဝင်စေခဲ့ကြကြောင်း ထင်ရှားစွာတွေ့မြင်ခဲ့ကြပြီး ဖြစ်သည်။ သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အများသိရှိပြီးဖြစ်သည့်အတိုင်း အာဏာအလိုရမက်ဇောကြောင့် ပြည်သူ့အာဏာကို အဓမ္မထပ်မံသိမ်းယူပြီး ပြည်သူကို ပြန်လည်သတ်ဖြတ် ရန်ပြုလျက်ရှိသည်။

လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီလား

အတိုဆုံးတင်ပြရလျှင် NUG, NLD နှင့် အခြားဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးအင်အားစုများသည် ဘယ်သောအခါမျှ နိုင်ငံရေးအရစေ့စပ်ညှိနှိုင်းရေးလမ်းစဉ်ကို မစွန့်လွှတ်ခဲ့သည်ကို တွေ့ရှိရပါသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ

ဤ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများ ယနေ့အချိန်ထိ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို ကိုင်စွဲထားသည့် အထင်ရှားဆုံးသက်သေပင်ဖြစ်သည်။ ပဋိညာဉ် အပိုင်း (၂)၊ အခန်း (၃)၊ ပုဒ်မ (၆) အရ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကို တာဝန်ခံရမည်ဟု ပါရှိသည်။ ဧပြီ ၅ ရက်နေ့က CRPH ကိုယ်စားလှယ်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန် (ယခုအခါ NUG ကာကွယ်ရေးဝန်ကြီး) ၏ ပြောကြားချက်အရ NUCC တွင် ရွေးကောက်ခံကိုယ်စားလှယ်များ (CRPH)၊ နိုင်ငံရေးပါတီများ၊ CDM နှင့် သပိတ်ခေါင်းဆောင်များ၊ လူထုအခြေပြုအဖွဲ့အစည်းများ ပါဝင်ကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ ပါဝင်မည်ဖြစ်ကြောင်း CRPH တာဝန်ရှိသူက Myanmar Now သို့ ဧပြီ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။

ဆိုလိုရင်းမှာ နိုင်ငံရေးဆွေးနွေးမှုများ၊ စားပွဲဝိုင်းတွင် အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုမှာ NUG အပါအဝင်၊ NLD, လူနည်းစုတိုင်းရင်းသားအစုအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြားတွင်ပင် ဖြစ်ပေါ်လျက်ရှိသည်ကို ထင်ရှားစွာတွေ့ရသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် အာဏာရှင်စနစ် အပြီးတိုင် သုတ်သင်ဖယ်ရှားရေးပင်မဟုတ်ဘဲ၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေး စသည်တို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းနေကြောင်း NUCC နှင့် နီးစပ်သူများထံမှ သိရှိရသည်။

အချုပ်အားဖြင့်ဆိုရသော် NUG နှင့် ဒီမိုကရေစီအင်အားစုများအားလုံးသည် လက်နက်ကိုင်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နေသည်ဟု ရိုးသားစွာ စိုးရိမ်ပူပန်သူများရှိသလို၊ ပြည်သူ့တော်လှန်ရေးကို အကြမ်းဖက်လမ်းစဉ်သဖွယ် ရည်ရွယ်ချက်ရှိရှိ ပုံဖျက်နေမှုများလည်း ပြည်တွင်းပြည်ပတွင် ရှိနေသည်။ ဤအချက်ကို ပြည်သူ့ခေါင်းဆောင်များအနေဖြင့် အလွန်သတိထား ရှင်းလင်းရန် လိုအပ်ပါလိမ့်မည်။

ပြည်သူအများအပြားကမူ ရာဇဝတ်မှုကျူးလွန်သူ အကြမ်းဖက်သမားတို့နှင့် ရင်ကြားစေ့ရေး လုံးဝမဖြစ်နိုင်တော့ဟု နည်းလမ်းမျိုးစုံဖြင့် ပြတ်ပြတ်သားသား ထုတ်ဖော်ပြသလျက်ရှိသည်။ သို့သော် စစ်တပ်သည် လက်ရှိအကြမ်းဖက်မှုများရပ်တန့်ပြီး မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးကာ၊ ၎င်းတို့၏ အာဏာသိမ်းခေါင်းဆောင်များ၊ ပြစ်မှုကျူးလွန်သော အရာရှိနှင့် စစ်သားများကို ဥပဒေအတိုင်း တိကျစွာ အရေးယူနိုင်ပါက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးဆွေးနွေးမှု စကားဝိုင်းများတွင် အဖွဲ့အစည်းအနေဖြင့် ပြန်လည်ပါဝင်လာနိုင်စရာ အကြောင်းများစွာ ရှိလာမည်ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတကာနှင့် ပြည်တွင်းအင်အားစုများအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းများကို ရောက်မလာဘဲ ထီးတည်းကျန်ခဲ့သည့် စစ်တပ်ကိုသာ ယခုထက် ပိုမိုဖိအားပေးရန်သာ ရှိပါသည်။ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ဆိုသည်မှာလည်း မြန်မာနိုင်ငံကဲ့သို့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု စုံလင်လှသော နိုင်ငံတွင် စစ်တပ်နှင့် NLD အကြား ဆွေးနွေးရေးသက်သက်သာ မဟုတ်သည်ကို ပြည်တွင်းပြည်ပရှိ သက်ဆိုင်သူများရှင်းလင်းစေရန် NUG သို့မဟုတ် NUCC အနေဖြင့် အားထုတ်သင့်သည်။

NUG နှင့် ဒီမိုကရေစီအင်အားစုများအား နိုင်ငံရေးဆွေးနွေးမှုလမ်းစဉ်ကို စွန့်လွှတ်ထားသည် ဟုတ်မဟုတ်ဆိုသည်မှာ လက်ရှိ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအတွက် စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးပွဲများက သက်သေပင်ဖြစ်ပါသည်။

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)
သုံးသပ်ချက်များ

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist