Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီက ချင်းပြည်နယ်ရှိ ၈ မြို့နယ်ကို အင်တာနက် ဖြတ်တောက်

September 24, 2021
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

 

ချင်းပြည်နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ချင်းပြည်နယ်တွင်းရှိ မြို့နယ် ၈ မြို့နယ်ကို အင်တာနက်လိုင်းများ ဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်သည် ခရိုင် ၄ ခု၊ မြို့နယ် ၉ မြို့နယ်ဖြင့် ဖွဲ့စည်းထားရာ မြို့တော်ဖြစ်သည့် ဟားခါးမြို့နယ်မှလွဲပြီး ကျန် ၈ မြို့နယ်လုံးကို အင်တာနက် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

အင်တာနက်လိုင်းများကို စက်တင်ဘာ ၂၃ ရက်၊ ညနေ ၆နာရီ ဝန်းကျင်မှစ၍ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ချင်းတော်လှန်ရေးတပ်တခုဖြစ်သည့် Chinland Defense Force (CDF) ကလည်း အတည်ပြု ပြောဆိုသည်။

အင်တာနက် ဖြတ်တောက်ခံရသည့် မြို့နယ် ၈ မြို့နယ်သည် တွန်းဇံ၊ ထန်တလန်၊ တီးတိန်၊ ပလက်ဝ၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နှင့် ဖလမ်းမြို့နယ်တို့ ဖြစ်သည်။

၂၀၁၉ ခုနှစ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ အဆိုပါ မြို့နယ် ၈ မြို့နယ်တွင်လူဦးရေ ၄၈၀,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ယခုလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြို့ပေါ်က ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှု / CJ

ထန်တလန်မြို့နယ်တွင်း နေထိုင်သည့် ဒေသခံတဦးက “ကျနော်တို့ ထန်တလန်မှာက မြို့ပေါ်မှာက ၁၉ ၊၂၀ ကတည်းက လူအကုန်ပြေးတယ်။ အဲဒီနောက် တချို့အိမ်တွေကို မီးတွေ ထပ်ရှို့ခံရတယ် သတင်းတွေ ကြားရတယ်။ မနေ့ကကျတော့ အင်တာနက်လိုင်းပါ လုံးလုံးသုံးမရတော့တာ။ နဂိုလည်း ဖုန်းလိုင်းတွေက သိပ်မကောင်းဘူး။ ကိုယ်တွေပဲ မရတာလားလို့ ရန်ကုန်၊ မန္တလေးအသိတွေ ဖုန်းဆက်မေးမှ ချင်းတပြည်လုံး ပိတ်ခံရတာလို့ သိတာ” ဟု ပြောသည်။

ဧရာဝတီက ဆက်သွယ်မေးမြန်းသည့် မင်းတပ်နှင့် ပလက်ဝမြို့နယ်တွင်း နေထိုင်သော ဒေသခံများသည်လည်း စက်တင်ဘာ ၂၃ ရက်၊ ညနေပိုင်းမှစ၍ အင်တာနက်လိုင်းများ အသုံးပြု၍ မရသည့်အပြင် ဖုန်းလိုင်းများပါ ဆက်သွယ်ရ ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ပြောဆိုကြသည်။

ဖလမ်းမြို့နယ်မှ ဒေသခံတဦးက “အင်တာနက်ပါ မဟုတ်ဘူး။ ဖုန်းလိုင်းကလည်း မိချင်သလိုလို မမိချင်သလိုလို ဖြစ်နေတာ။ ဒီမနက်လည်း ကြားတာ ဖလမ်းမြို့နယ်အဝင်မှာ စစ်ကောင်စီဘက်က စစ်ကားတွေ အများကြီးပဲ တက်လာနေတယ်တဲ့။ ၄၊ ၅၊ ၆ စီးလောက် ရှိတယ်တဲ့။ အင်တာနက်က ဖြတ်ထားတဲ့အပြင် ချင်းတောင်က တနေရာနဲ့ တနေရာ လှမ်းတော့ ဖုန်းနဲ့ပဲ အခြေအနေ သတင်းမေးနေကြရတာ” ဟု ပြောသည်။

CDF ၏ ပြောရေးဆိုခွင့်ရှိသူကလည်း မြေပြင်ရှိ မြို့နယ်အသီးသီးမှ ၎င်းတို့တပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းထားရာ မြို့နယ် ၈ မြို့နယ်လုံးတွင် အင်တာနက် ဖြတ်တောက်ခံရခြင်းမှာ အမှန်ဖြစ်သည်ဟု ပြောသည်။

၎င်းက “ဟားခါး ပိတ်ရင် သူတို့ယန္တရား ပြတ်တောက်သွားမှာမို့လို့ မဖြတ်တာ ထင်ပါတယ်။ ဒါပေမဲ့ မြို့ပြင်ကနေ လမ်းမကြီး အကုန်လုံးက ကျနော်တို့ ထိန်းချုပ်ထားတယ်။ သူတို့အင်တာနက်နဲ့ပဲ အလုပ်လုပ်နေရတယ်ဆိုလို့ ပြည်နယ်ရုံးစိုက်ရာမို့ ချန်လှပ်ထားတာ ဖြစ်မယ်။ နောက်ပြီး သူတို့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်ဖို့ လုပ်နေတာလည်း ဖြစ်မယ်။ နောက် ဒီဘက်မှာ သတင်းပေးတာတွေ လုပ်လို့မရအောင် အမှောင်ချတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

ယခုလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြို့ပေါ်က ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှု (ဓာတ်ပုံ – CJ)

အင်တာနက် ဖြတ်တောက်ပြီးနောက် စက်တင်ဘာ ၂၃ ရက်၊ ညနေ ၆ နာရီကျော်မှ ည ၉ နာရီဝန်းကျင်အထိ စစ်ကောင်စီဘက်က ဟားခါး မြို့နယ်တွင်းမှ ထန်တလန်မြို့နယ် ဘက်သို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်းများ ရှိခဲ့သည်။

ထိုပစ်ခတ်မှုသည် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း မဟုတ်ဘဲ ဟားခါးဘက်မှ ထန်တလန်ဘက်သို့ စစ်ကောင်စီ၏ စစ်ကြောင်းများ အင်အားတိုးချဲ့နေသဖြင့် ၎င်းတို့စစ်ကြောင်းများ ဖြတ်သန်းရာ လမ်းတလျှောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ လမ်းရှင်းခြင်း၊ လုံခြုံရေး ယူပေးသည့် အနေဖြင့်ပစ်ခတ်ခြင်း ဖြစ်သည်ဟု CDF ဘက်က ပြောသည်။

စစ်ကောင်စီဘက်က ချင်းပြည်နယ်တွင်း မြို့နယ်များကို အင်တာနက် ဖြတ်တောက်ပြီးချိန်မှ ယနေ့စက်တင်ဘာ ၂၄ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ စစ်ရေးအခြေအနေမှာ တည်ငြိမ်နေဆဲဖြစ်ကြောင်း CDF ဘက်က ပြောသည်။

ထို့ပြင် စက်တင်ဘာ ၂၃ ရက်၊ ညနေပိုင်းတွင် မတူပီမြို့နယ်ထဲသို့လည်း စစ်ကောင်စီဘက်ကတိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဗုံးတလုံး ကြဲချခဲ့ကြောင်း သိရသည်။

CDF ပြောရေးဆိုခွင့်ရှိသူက “ပြည်သူတွေနဲ့အတူ ပါဝင်ချင်တဲ့ ပြည်သူ့တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေကို ကျနော်တို့က အမြန်ဆုံး လာပူးပေါင်းစေချင်တယ်။ မပူးပေါင်းရင်တော့ သူတို့အတွက် တကယ့်ကို အန္တရာယ်ကြီးမားတဲ့ အချိန် ကျရောက်လာလိမ့်မယ်။ မင်းအောင်လှိုင်အုပ်စုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ လုပ်နေမှာလား၊ ပြည်သူနဲ့ ပူးပေါင်းမှာလား ဆိုတာ အခုချိန်မှာ အမြန်ဆုံး ဆုံးဖြတ်ပါလို့ ကျနော်တို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

အင်တာနက် ဖြတ်တောက်ခံရသည့် မြို့နယ်များထဲတွင် ထန်တလန်မြို့နယ်သည် စက်တင်ဘာအတွင်း စစ်ရေးပဋိပက္ခ အရှိန်အမြင့်ဆုံး ဖြစ်နေသည့် မြို့နယ်တခု ဖြစ်သည်။

စက်တင်ဘာ ၉ ရက်တွင် ထန်တလန်မြို့တွင်း တိုက်ပွဲတခု ဖြစ်ခဲ့ပြီး ၁၁ ရက်တွင် ထန်တလန်မြို့နယ်တွင်းရှိ လုံလဲရ်စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းယူပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

ယခုလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်လက်နက်ကြီးနဲ့ ပစ်ခတ်လို့ မြို့ပေါ်က ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးမှု (ဓာတ်ပုံ – CJ)

စစ်ကောင်စီဘက်က တိုက်ပွဲတွင်း တိုက်ခိုက်ရေး ရဟတ်ယာဉ်များပါ အသုံးပြု တိုက်ခိုက်ခဲ့သော်လည်း မြေပြင် တိုက်ပွဲတွင် ၁၂ ဦး သေဆုံးကာ ရာနှင့်ချီသည့် ခဲယမ်းမီးကျောက်များ၊ လက်နက်များကိုပါ ချင်းတော်လှန်ရေး တပ်များက သိမ်းယူနိုင်ခဲ့သည်။

စက်တင်ဘာ ၁၈ ရက်တွင် စစ်ကောင်စီဘက်က ထန်တလန်မြို့တွင်းသို့ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ရာ အရပ်သား နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးငြိမ်းသတ်ရန် သွားသည့် ထန်တလန်ရာပြည့်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတပါးကိုလည်း စစ်ကောင်စီဘက်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

မြို့တွင်းလမ်းမပေါ်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်း၏ ခန္ဓာကိုယ်မှလည်း နာရီ၊ ဖုန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူသည့်အပြင် လက်ထပ်လက်စွပ်ကိုပါ ချွတ်ယူရန် လက်သူကြွယ်ကို ဖြတ်တောက်သွားခဲ့သည်။

ထိုသို့ မြို့တွင်း၌ပါ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်မှုများ၊ မြို့လယ်တွင်း ပစ်ခတ်သတ်ဖြတ်မှုများပါ ဖြစ်လာသဖြင့် ထန်တလန်မြို့တွင်းမှ အရပ်သားများသည် စက်တင်ဘာ ၁၉၊ ၂၀ ရက်များတွင်မြို့လုံးကျွတ် မြို့ကို စွန့်ခွာထွက်ပြေးသွားကြပြီ ဖြစ်သည်။

ထန်တလန်မြို့သည် ၂၀၁၉ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ လူဦးရေ ၉၄၀၀ ကျော်နေထိုင်သည့် မြို့ဖြစ်ပြီး မြို့လုံးကျွတ် ထွက်ပြေးသွားရာ မြို့တွင်း၌ လူဦးရေ ၂၈ ဦးသာ ကျန်ရစ်ခဲ့သည်။

စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထန်တလန်မြို့မှ နေအိမ်တချို့ မီးလောင် (ဓာတ်ပုံ/CJ)

ထွက်ပြေးသွားကြသည့် ထန်တလန်မြို့ခံများသည် တနေရာတည်းသို့ စုဝေးထွက်ပြေးကြခြင်း မဟုတ်ဘဲ နီးစပ်ရာ ဆွေမျိုးအိမ်များ၊ အခြားကျေးရွာများနှင့် အချို့သည်လည်း ဟားခါးမြို့ပေါ် ထွက်ပြေးတိမ်းရှောင် သွားကြ ခြင်း ဖြစ်သည်။

ထန်တလန်မြို့မှ ထွက်ပြေးလာသည့် ဘာသာရေးဆရာတဦးက “ကျန်ခဲ့တဲ့ အိမ်တွေ၊ ပစ္စည်းတွေတော့ အကုန်ပျက်စီးသွားမှာ စိုးရိမ်တယ်။ ဒါပေမယ့် အရမ်းကြောက်လို့ ဘယ်သူမှ မြို့ကို မပြန်ရဲဘူး။ စိတ်ထဲတော့ တော်တော်လေး ခံစားနေရတယ်။ အခုလို လူထုအိမ်တွေကို ပစ်တာ ဖျက်ဆီးပစ်တာတွေကိုပေါ့။ တခြားတော့ ဘာမှ မပြောချင်ဘူး” ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်တွင်း ချင်းတော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်ကာလအတွင်း အရပ်သားနေအိမ်များကို ပစ်ခတ်ဖျက်ဆီးခြင်းများ ပြုလုပ်သည့်အပြင် ချင်းလူမျိုးများ ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန် ဘာသာရေး ကျောင်းအဆောက်အအုံများကိုလည်း ဝင်ရောက် စခန်းချခြင်း၊ ဘာသာရေး ပရိဝုဏ်အတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (CBC) က ချင်းပြည်နယ်တွင်း စစ်ရေးတင်းမာမှုများကြားတွင် စစ်ကောင်စီတပ်များက ချင်းနှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းများတွင် တပ်စွဲခြင်း၊ ဘုရားကျောင်းဝန်းအတွင်း အရက်သေစာ သောက်စားခြင်း၊ သမ္မာကျမ်းစာနှင့် ဓမ္မသီချင်းစာအုပ်များအား ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဘုရားကျောင်းဝန်းများကို ပစ်ခတ်ခြင်း၊ ဘာသာတရားကို စော်ကား၍ ယုံကြည်သက်ဝင်သည့် လူမျိုးများကိုလည်း မထီမဲ့မြင် လုပ်သည်ဟု စက်တင်ဘာ ၁၉ ရက်က စာတစောင် ထုတ်ပြန်ထားသည်။

ထို့ပြင် မတူညီသည့် ရိုးရာဓလေ့ယဉ်ကျေးမှုများ၊ ကွဲပြားခြားနားသည့် ဘာသာတရား ကိုးကွယ်မှုများကို လက်ခံပြီး အတူတကွရှင်သန်နေထိုင်သည့် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသဖြင့် မြန်မာနိုင်ငံတွင်း တပ်မတော်က ပြုမူလုပ်ဆောင်နေသည့် လုပ်ရပ်များသည် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများထက် ပိုမိုရှုပ်ထွေးသည့် ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သည့် ပဋိပက္ခများ ဖြစ်လာနိုင်သဖြင့်ထိုလုပ်ရပ်များကို အပြင်းအထန်ရှုတ်ချ ကန့်ကွက်သည်ဟုလည်း ရေးသားထားသည်။

စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထန်တလန်မြို့မှ နေအိမ်တချို့ မီးလောင် (ဓာတ်ပုံ/CJ)

စစ်ကောင်စီသည် ချင်းပြည်နယ်တွင်း အင်တာနက်ဖြတ်တောက်ခြင်းနှင့် ပတ်သက်၍ တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိပါ။

ချင်းပြည်နယ်တွင်း တိုက်ပွဲများ၊ စစ်ရေးအခြေအနေများနှင့် ပတ်သက်၍လည်း သတင်းထုတ်ပြန်ခြင်းမရှိသည့်အပြင် ထန်တလန်မြို့တွင်း အရပ်သားနေအိမ်များကို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ သင်းအုပ်ဆရာတပါးကို သတ်ဖြတ်ကာ ပစ္စည်းများ လုယူခြင်းနှင့် ပတ်သတ်၍လည်း ၎င်းတို့တပ်ဖွဲ့များ မလုပ်ကြောင်း ငြင်းဆိုထားသည်။

လက်ရှိတွင် ချင်းပြည်နယ်တွင်း၌ ချင်းအမျိုးသားကာကွယ်ရေးတပ်ဦး (CNF/CAN) နှင့် CDF တပ်ဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းများကို တိုက်ခိုက်လျက် ရှိသည်။

စစ်ကောင်စီကို တိုက်ခိုက်နေသည့် CNF/CNA သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီး သမ္မတဦးသိန်းစိန် လက်ထက် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဦးဆောင်သည့် အစိုးရ သက်တမ်း တလျှောက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်ကာ နိုင်ငံရေးဆွေးနွေးမှုများ တစိုက်မတ်မတ် ပြုလုပ်ခဲ့သည့် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီး နောက်တွင် CNF ခေါင်းဆောင်များသည် အာဏာသိမ်းစစ်တပ်၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကာ လူထု၏ နွေဦးတော်လှန်ရေးနှင့် လက်နက်ကိုင်တော်လှန်ရေးတွင် ပူးပေါင်းလိုက်သည်။

CDF သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တခွင်မှ လူငယ်များက CNF ထံတွင် စစ်ပညာသင်ယူပြီး ချင်းတောင်ပေါ် အမဲလိုက်ရာတွင် ကိုင်ဆောင်ကြသည့် ရိုးရာ တူမီး၊ လက်လုပ်သေနတ်များဖြင့် စတင်ဖွဲ့စည်းပြီး စစ်ကောင်စီကို ဖြုတ်ချနိုင်ရေး တိုက်ခိုက်နေသည့်တပ်ဖွဲ့ ဖြစ်သည်။

Source: ဧရာ၀တီ

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English