ဗမာလူမျိုးအများစုနေထိုင်တဲ့ တိုင်းတွေကို မဟာဗျူဟာအရ တိုင်းရင်းသားလက်နက်ကိုင်တွေက ဝိုင်းဝန်းနေရာယူထားပါတယ်။ မြောက်ပိုင်းမှာဆို KIA ရှိသလို တောင်ပိုင်းမှာဆို KNU၊ KNLA စတဲ့လက်နက်ကိုင်တွေ ရှိနေကြတယ်။ အရှေ့ပိုင်းမှာ SSA၊ MNDAA၊ TNLA၊ UWSA တပ်တွေ ရှိနေကြတယ်။ အနောက်ပိုင်းမှာဆို AA တို့ ရှိနေကြတယ်။
ဒီအနေအထားက လာမယ့်စစ်ပွဲကို အားသာစေနိုင်တယ်။ စစ်ပွဲမှာ ဒီတိုင်းရင်းသားလက်နက်ကိုင်တွေက သူတို့ရဲ့ စစ်ရေးဗျူဟာနဲ့ ဦးဆောင်တိုက်ကြပြီး သိန်းနဲ့ချီတဲ့ PDF တွေရဲ့အင်အားက ပူးပေါင်းပါဝင်လာမှာမို့ စစ်ရေးအားသာမှုတွေ များပါတယ်။ နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေထဲတွေမှာ စိတ်ဓာတ်ပြင်းထန်စွာ သင်တန်းတွေတက်ခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ လူငယ်တွေရဲ့အားက တိုက်ပွဲအောင်နိုင်မှုကို အလေးသာစေနိုင်ပါတယ်။ တိုက်ပွဲမှာ PDF တွေကိုင်ဆောင်ကြမယ့် သေနတ်တွေဟာ များသောအားဖြင့် အရင်လို လက်လုပ်သေနတ်၊ တူမီးသေနတ်တွေ မဟုတ်တာကြောင့်လည်း တိုက်ပွဲအဆုံးအဖြတ်က သေချာခိုင်မာစွာနဲ့ အနိုင်ရမယ်လို့ ဆိုနိုင်မှာပါ။
တောင်ပိုင်းစစ်မျက်နှာ
တောင်ပိုင်းစစ်မျက်နှာ အနေအထားက ပြောစရာမလိုအောင် အားကောင်းနေပါတယ်။ အကျအရှုံးများနေတဲ့ စစ်ကောင်စီတပ်တွေကို အချိန်တိုတိုအတောအတွင်း အမြစ်ပြတ်တိုက်ခိုက်ဖို့ ပြင်းထန်တဲ့စိတ်ဓာက်တွေ ခိုင်မာနေကြပါပြီ။ KNU၊ KNLA တို့ဟာ စစ်တပ်ကအာဏာသိမ်းထားတည်းက သူတို့နယ်မြေကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ အားရစရာတစ်ခုက KNU နယ်မြေထဲက PDF အင်အားက အခြားသောတိုင်းရင်းသား လက်နက်ကိုင် နယ်မြေထဲက PDF တွေထက် အင်အားအလွန်များပြားနေတာပါ။ စစ်သင်တန်းတက်ထားတဲ့ သောင်းနဲ့ချီတဲ့ လူငယ် PDF အင်အားတွေဟာ KNU ဦးဆောင်ပြီး တိုက်ခိုက်လာမယ့် တောင်ပိုင်းစစ်မျက်နှာမှာ စိတ်ခွန်အားပြင်းပြစွာ ပူးပေါင်းပါဝင်လာကြဖို့ တာစူနေကြပါပြီ။ KNU ရဲ့ တိုက်ခိုက်နိုင်မှုက အချိန်ခဏလေးအတွင်းမှာပဲ ရန်ကုန်စစ်မျက်နှာကို ချီတက်တိုက်ခိုက် သိမ်းပိုက်နိုင်ပါလိမ့်မယ်။
ရန်ကုန်စစ်မျက်နှာရဲ့ အနီးအနားက ကရင်နီလက်နက်ကိုင်တပ်တွေကလည်း ရန်ကုန်ကိုဦးတည်ချီတက်လာပြီး ပူးပေါင်း တိုက်ခိုက်လာနိုင်ပါတယ်။ တောင်ပိုင်းစစ်မျက်နှာကို ဦးဆောင်မယ့် KNU ဟာ မြန်မာပြည်အောက်ပိုင်းကို အချိန်ခဏလေးအတွင်းမှာပဲ သိမ်းပိုက်နိုင်ဖို့ ရှိပေမယ့် တစ်ခုစဉ်းစားစရာရှိတာက အာဏာသိမ်းစစ်ကောင်စီဘက်က ရေတပ်ရဲ့ ပံ့ံပိုးတိုက်ခိုက်မှုကို ကြည့်ရပါလိမ့်မယ်။ KNU နဲ့ PDF တွေဟာ တောင်ပိုင်းစစ်မျက်နှာ တနင်္သာရီကို သူတို့အင်အားတွေနဲ့ ဖြန့်ခွဲတိုက်ခိုက်ကြပါလိမ့်မယ်။ ဒီလို တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ မြေပြင်တပ်တွေကို တစ်ဘက်မှာရှိနေတဲ့ စစ်ကောင်စီရေတပ်တွေက အသည်းအသန် ကူညီလာကြပါလိမ့်မယ်။ ဒါကို သတိထားရပါလိမ့်မယ်။ တနင်္သာရီရေပြင်နဲ့ မုတ္တမပင်လယ်ကွေ့ရေပြင်တွေမှာ စစ်ကောင်စီရဲ့ရေတပ်စစ်ဌာချုပ် သုံးခု ရှိနေပါတယ်။ မြေပြင်မှာတော့ စစ်ဌာနချုပ်တစ်ခု ရှိပါတယ်။
မြောက်ပိုင်းစစ်မျက်နှာ
မြောက်ပိုင်းစစ်မျက်နှာဘက်မှာ KIA ဟာ တိုက်ပွဲမတိုင်ခင်တည်းက သူ့နယ်မြေကို စစ်တပ်လက်အောက်ကနေ လွတ်မြောက်ဖို့ တလျှောက်လုံး တိုက်ခိုက်နေခဲ့ပါတယ်။ တိုက်ပွဲစတင်တာနဲ့ သူ့နယ်မြေကို PDF တွေရဲ့ အင်အားအကူအညီနဲ့ အခိုက်အမာသိမ်းပိုက်နိုင်ဖို့ မဟာဗျူဟာကျကျ တိုက်ခိုက်ဖို့ ရည်ရွယ်ထားပါတယ်။ KIA ဟာ မူလက သူ့နယ်မြေစိုးမိုးမှုကို အပီအပြင် မလုပ်ဆောင်ထားနိုင်ပါဘူး။ သို့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ KIA ရဲ့ စစ်ရေးဗျူဟာဟာ အားတက်စရာတွေ ဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မှုအရှိန်မြှင့်ကာ ဖိအားပိုပေးနိုင်ခဲ့ပါတယ်။ ဒါဟာလည်း PDF တွေရဲ့ ပူးပေါင်းမှုအင်အားကြောင့် ပိုအခွင့်အလမ်းသာစေခဲ့တာလည်း ဖြစ်တယ်။
ဒီလိုနယ်မြေစိုးမိုးမှုက တစ်ဆင့် စစ်ကိုင်းနဲ့ မန္တလေးက နယ်မြေခံ PDF တွေနဲ့ ချိတ်ဆက်ကာ နေပြည်တော်ကို ဗဟိုပြုချီတက်တိုက်ခိုက်မယ်လို့ မြင်ပါတယ်။ ဒီနေရာမှာ တစ်ချက်ပြောချင်တာက KIA ရဲ့ အင်အားပါ။ လက်ရှိ KIA မှာ စစ်ရေးလှုပ်ရှားနိုင်တဲ့အင်အားက ၆,၀၀၀ ပတ်ဝန်းကျင် ရှိနိုင်ပါတယ်။ တိုက်ပွဲမှာ နောက်ချန် အင်အားကို မြောက်ပိုင်းစစ်မျက်နှာမှာ အခိုင်အမာချထားပြီး ပူးပေါင်းအင်အား ၁,၀၀၀ ဝန်းကျင်ပမာဏနဲ့ PDF တွေကို ပြည်မဘက်ကို ဦးဆောင်လာနိုင်ပါတယ်။ စစ်ကိုင်းက နဂိုတည်းက PDF အင်အား အလွန်အားကောင်းတဲ့ နယ်မြေပါ။ ဒီအင်အားနဲ့ပူးပေါင်းပြီး မန်းလေးရဲ့ PDF အင်အားကို ပူးပေါင်းအားဖြည့်ပြီး အလယ်ပိုင်း စစ်မျက်နှာကို ပူးပေါင်းတိုက်ခိုက်ကြမယ်လို့ မြင်ပါတယ်။ ဒီစစ်မျက်နှာပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဌာနချုပ်တစ်ခုရှိပြီး ချီတက်သိမ်းပိုက်မယ့် မန္တလေးမှာလည်း စစ်ကောင်စီရဲ့ စစ်ဌာနချုပ်တစ်ခု ရှိနေပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့လေတပ်ဌာနချုပ်တစ်ခုလည်း ရှိနေပါတယ်။
အရှေ့ပိုင်းစစ်မျက်နှာ
အရှေ့ပိုင်းစစ်မျက်နှာမှာ ရှမ်းလက်နက်ကိုင်တွေနဲ့အတူ ညီနောင်တိုင်းရင်းသား လက်နက်လက်ကိုင်တွေ ပူးပေါင်းပြီး ရှမ်းပြည်စစ်မျက်နှာကို ဦးဆောင်တိုက်ခိုက်ကြမှာပါ။ ဒီနေရာမှာ ပြောစရာတစ်ခုရှိတာက ပူးပေါင်းပါဝင်ကြမယ့် PDF အင်အားဟာ အခြားစစ်မျက်နှာတွေဘက်ကထက် နည်းနေခြင်းပါ။ အရှေ့ပိုင်းစစ်မျက်နှာမှာ PDF အင်အားက နည်းပါတယ်။ သို့ပေမဲ့ တိုင်းရင်းသားနက်လက်ကိုင်အင်အားက အလွန်ကောင်းနေတော့ အရှေ့ပိုင်းစစ်မျက်နှာကို ဖိအားပေးလာနိုင်ပါတယ်။ လက်ရှိ အရှေ့ပိုင်းစစ်မျက်နှာပေါ်က တိုင်းရင်းသားလက်နက်ကိုင်အင်အား စုစုပေါင်းက ငါးသောင်းခွဲခန့်ရှိမယ်လို့ ခန့်မှန်းပါတယ်။ သို့ပေမယ့် အင်အားအများဆုံးရှိတဲ့ “ဝ”အဖွဲ့ကတော့ ပူးပေါင်းပါဝင်တိုက်ခိုက်ဖို့ တွန့်ဆုတ်နိုင်ပါတယ်။ NUG ဟာ “ဝ”တပ်ကို ဒီတိုက်ပွဲမှာ ပါဝင်ကူညီဖို့ ပြောထားပါလိမ့်မယ်။ သို့ပေမဲ့ “ဝ”တပ်ရဲ့တုန့်ပြန်မှုက AA ကဲ့သို့ နိုင်ငံရေး အနေအထားပေါ် မူတည်ပြီး လှုပ်ရှားမှာဖြစ်လို့ ဒီတိုက်ပွဲမှာ ပါဝင်လာဖို့က အတော်ခဲယဉ်းပါလိမ့်မယ်။ ဒီအရှေ့ပိုင်း စစ်မျက်နာပေါ်မှာ စစ်ကောင်စီရဲ့ စစ်ဌာနချုပ်သုံးခုရှိပါတယ်။
အနောက်ပိုင်းစစ်မျက်နှာ
လက်ရှိ စစ်တပ်နဲ့ AA ရဲ့ အနေအထားက အခြားနယ်မြေထဲက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခြေအနေနဲ့ မတူပါဘူး။
AA ဟာ စစ်တပ်ကို ထိန်းချုပ်ထားနိုင်ပေမယ့် တိုက်ခိုက်မှုမရှိသလောက် နည်းပါတယ်။ လာမယ့်စစ်ပွဲမှာ AA ပါဝင်ဖို့ NUG ဘက်က အစောပိုင်းတည်းက ဆက်သွယ်ထားပေမယ့် AA ရဲ့ ပေါ်လစီကြောင့် ဒီကမ်းလှမ်းချက်ကို အလေးအနက်ထားတာ သိပ်မတွေ့ရပါဘူး။ သို့ပေမဲ့ ဒီတိုက်ပွဲအတွက် AA ဟာ အနောက်ပိုင်းစစ်မျက်နှာကို မတိုက်ခိုက်ဘဲ စစ်ကောင်စီတပ်ကို ထိန်းချုပ်ထားနိုင်မှာဖြစ်လို့ NUG အစိုးရအတွက် စိုးရိမ်စရာအနေအထားတော့ သိပ်မရှိပါဘူး။ ဒီစစ်မျက်နှာမှာ အာဏာသိမ်းစစ်တပ်ရဲ့ မြေပြင်စစ်ဌာနချုပ်တစ်ခုနဲ့ ရေတပ်စစ်ဌာနချုပ်တစ်ခုတို့ ရှိနေပါတယ်။
အနောက်ပိုင်းစစ်မျက်နှာအတွက် နောက်တစ်ချက်ပြောချင်တာက ချင်းစစ်မျက်နှာ အနေအထားပါ။ ကနဦးကာလကတည်းက ချင်းပြည်နယ်က CDF တွေဟာ လက်သန်ပြောင်မြောက်လွန်းစွာပဲ တူမီးသေနတ်တွေနဲ့ အသာစီးယူထားနိုင်ခဲ့ပါတယ်။ လက်ရှိအခြေအနေက အရင်လို လုံးဝမဟုတ်တော့ပါဘူး။ တကယ့်သေနတ်တွေက သူတို့ရဲ့ ရဲရင့်မှုကို အဖြေပေးဖို့ အဆင်သင့်ရှိနေပါပြီ။ တိုက်ပွဲစတာနဲ့ သိပ်မကြာခင်မှာပဲ ချင်းပြည်ကို CDF တွေ ထိန်းချုပ်သွားပါလိမ့်မယ်။
ဖြစ်လာမယ့် မြေပြင်အခြေအနေ
အထက်က ပြောခဲ့သလို တိုက်ပွဲအခြေအနေဟာ NUG အတွက် အခွင့်အရေး ပိုသာနိုင်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်အင်အားနဲ့ အမြှောက်တပ်အင်အားတို့ကို ကြည့်ရပါလိမ့်မယ်။ ဒါကြောင့် တကယ့်လက်တွေ့မြေပြင်ပေါ်မှာ အင်အားသာနေဖို့ လိုအပ်ပါတယ်။ NUG ဟာ ဒီအချက်ကို ကြိုတင်တွက်ဆပုံရပါတယ်။ ဒါကြောင့် စစ်လက်နက်ပစ္စည်းအတွက် လုံလောက်တဲ့ဘဏ္ဍာငွေကိုရှာဖွေကာ ပြည်သူတစ်ရပ်လုံး လက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်လာဖို့ မျှော်လင့်ထားပါတယ်။
တိုက်ပွဲမတိုင်ခင်နဲ့ တိုက်ပွဲဖြစ်နေတဲ့ အချိန်အတောအတွင်းမှာ လက်နက်ကိုင်ချင်တဲ့ ပြည်သူတွေကို လက်နက်ကိုင်နိုင်ဖို့ NUG ဟာ စီမံထားပါလိမ့်မယ်။ လက်နက်တွေကို ဘယ်နည်းနဲ့မဆို ပြည်သူကြားထဲအရောက် ပို့ဆောင်ကာ တိုက်ပွဲအဆုံးအဖြတ်သေချာခိုင်မာဖို့ ကြိုးစားနေပါတယ်။ နောက်ပြီး တိုက်ပွဲဖြစ်လာရင် ရင်ဆိုင်ရမယ့် မြေပြင်အခြေအနေကို ကျော်လွှားနိုင်ဖို့ NUG ဟာ အစောတည်းက ပြည်သူတွေကို အသိပေးထားပြီးပါပြီ။ တိုက်ပွဲဖြစ်ရင် ဘယ်လိုနေထိုင်ဖို့၊ ဘယ်လိုပြင်ဆင်ထားဖို့ ပြည်သူကို အသိပေးထားပြီးပါပြီ။
NUG ဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုလည်း ပြည်သူတွေကြားထဲတစ်ပါတည်း ပို့ထားပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ NUG အစိုးရရဲ့ အသိပေးမှုတွေကို လူမှုကွန်ရက်နဲ့ လေလှိုင်းတွေကနေ နားဆင်ပြီး စစ်ပွဲကိုအကောင်းဆုံး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ ဒီကြားထဲ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုရှိနိုင်ပြီး ဈေးတွေကာလရှည် ပိတ်နေမှာမို့ ပြည်သူတွေ ကြိုပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ တိုက်ပွဲကတော့ ကြိုအသိပေးမှာ မဟုတ်ဘဲ ဉာဉ့်ဦးသန်းခေါင်ယံကို လှုပ်နိုးဖို့ ရှိနေပါတယ်။ အရေးတော်ပုံတိုက်ပွဲ မုချအပြတ်အသတ် နိုင်ပါလိမ့်မယ်ခင်ဗျာ။
(အသိပေးမှု။ ။ တိုင်းရင်းသားနက်လက်ကိုင်တွေနဲ့ PDF တွေရဲ့ စစ်ဗျူဟာအသေးစိတ်ကို လုံခြုံရေးအရ မဖော်ပြပေးနိုင်ပါ)