ချင်းပြည်နယ်၊ မင်းတပ်မြို့ ချပ်ရွာရှိ ချပ်နှစ်ခြင်းအသင်းတော်နှင့် စိန်ဂျွန်း ကက်သလစ်ဘုရားကျောင်းတို့ အတွင်းရှိ ပစ္စည်းများနှင့် နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့၀င်များက ဝင်ရောက် မွှေနှောက်ရှာဖွေ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယင်းအပြင် ဒေသခံများ မွေးမြူထားသည့်နွားနောက်နှစ်ကောင်ကို ပစ်သတ်ပြီး ဘုရားကျောင်း၀င်းအတွင်း ချက်ပြုတ် စားသောက်ခဲ့ကြ ကြောင်းဒေသခံများက ဆိုသည်။
ဩဂုတ်၂၉ ရက်နှင့် ၃၀ရက်တွင် စစ်ကောင်စီတပ်များက ချပ်ရွာတွင် တပ်စွဲခဲ့ပြီး ယင်းကဲ့သို့ ဖျက်စီးခဲ့ကြခြင်းဖြစ်သည်။
“ဘုရားကျောင်းထဲမှာ သွေးညီနံ့တွေ နံစော်နေတာပဲ။ရွာထဲက နွားနောက်နှစ်ကောင်ကို စစ်သားတွေပစ်သတ်ပြီး ဘုရားကျောင်းထဲမှာ ချက်စားကြတယ်။အဆိုးဆုံးက ကက်သလစ်ဘုရားကျောင်းထဲမှာ ပွဲတော်ပေးရင်သုံးတဲ့ ဝိုင်ပုလင်းတွေ ဖောက်ပြီးသောက်ကြတယ်။ ပြီးတော့ရွာထဲက ခေါင်အိုးတွေလည်း ဘုရားကျောင်းထဲသယ်လာပြီး သောက်ကြတယ်။ ပြန်တဲ့အခါကျတော့ ပစ္စည်းတွေကို ဒီတိုင်းဖျက်စီးပြီး ထားခဲ့ကြတယ်”ဟု ရွာသားတစ်ဦးကပြောသည်။
အဆိုပါချပ်ရွာသည်အိမ်ခြေ ၆၈အိမ်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွာထဲရှိဘုရားကျောင်းထဲတွင် လက်နက်ကြီးများကို အထိုင်ချပြီး အနီးအနားရှိ ရွာများကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
Source: မဇ္ဈိမ