Myanmar Now
Published on Jul 31, 2021
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ ခြောက်လပြည့်ပြီဖြစ်သည်။ ဘက်ပေါင်းစုံက ပျက်စီးယိုယွင်းလာသောကြောင့် တိုင်းပြည်၏ မျက်မှောက်အခြေအနေမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးတကာ့အဆိုးဆုံး အနေအထားဖြစ်သည်။
နဂိုမူလကပင် နုံချာလှသော တိုင်းပြည်မှာ ပို၍ အင်အားချည့်နဲ့လာသည်။ ရေနစ်သူဝါးကူထိုးဆိုသကဲ့သို့ ကိုဗစ်နိုင်တင်းကပ်ရောဂါတတိယလှိုင်းလည်း အပြင်းအထန်ရိုက်ခတ်လျက်ရှိရာ အာဏာသိမ်းမှုနှင့် ကိုဗစ်မည်သော နှစ်ထပ်ကွမ်းဘေးဆိုးကြောင့် အဆင်းရဲဆုံးသောတိုင်းပြည်က အင်အားအနည်းဆုံးပြည်သူများ ပို၍အခက်တွေ့လာမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။
အချိန်ခြောက်လရှိလာပြီဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များ၏ အာဏာသိမ်းယူမှု
အပြည့်အစုံအောင်မြင်ခြင်း မရှိသေးပေ။ ထို့အတူ ဒီမိုကရေစီလိုလားသူများ၏ စစ်အာဏာရှင်ဖြုတ်ချရေးအိပ်မက်သည်လည်း လုံးလုံးလျားလျား အကောင်အထည်ပေါ်မလာသေးပေ။
အာဏာသိမ်းစစ်ကောင်စီသည်လည်းကောင်း၊ ရွေးကောက်ခံအမတ်များစုဖွဲ့မှုဖြင့် ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည်လည်းကောင်း မည်သည့်နိုင်ငံ၏ တရားဝင်အသိအမှတ်ပြုမှုကိုမျှ မရရှိသေးပေ။
ကိုဗစ်ကပ်ရောဂါတတိယလှိုင်းသည်လည်း စစ်ကောင်စီအပါအဝင် တစ်တိုင်းတစ်ပြည်လုံးကို ထိုးနှက်လျက်ရှိသည်။ ကူးစက်မှုပြန့်ပွားမှုနှုန်း အဆမတန်များပြားနေသည့်နည်းတူ နေ့စဉ် လူပေါင်းရာချီသေဆုံးလျက်ရှိရာ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးအတွင်းက ပြည်သူများကို အထိနာစေလျက်ရှိသည်။
သို့သော် ကပ်ရောဂါထိန်းချုပ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တာဝန်ပျက်ကွက်မှုကြောင့် တိုးပွားလာသော ပြည်သူလူထု၏ မုန်းတီးနာကျည်းမှုသည် စစ်ကောင်စီရပ်တည်နိုင်ရေးကို အမှန်တကယ် ထိခိုက်စေမည်ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှစကာ မြန်မာနိုင်ငံ၏ ခြောက်လတာခရီးမှာ သွေးစွန်းကွက်များ၊ ဝမ်းနည်းပက်လက် ငိုကြွေးသံများ၊ ပူဆွေးသောကများနှင့်သာ ပြည့်နှက်နေခဲ့သည်။
လမ်းမထက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ
အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာပင် သန်းပေါင်းများစွာသော ပြည်သူများ လမ်းပေါ်ထွက်လာခဲ့ကြသည်။ အာဏာရှင်စနစ်ကို အကြွင်းမဲ့အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ရန်ဖြစ်သည်။ အရောင်းအသွေးစုံ လူထောင်ပေါင်းများစွာက အမြို့မြို့အနယ်နယ်တွင် နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။
“အာဏာရှင်အလိုမရှိ”၊ “ဒီမိုကရေစီရရှိရေး” မည်သော မြန်မာပြည်သူများ၏ တခဲနက်ကြွေးကြော်သံများ ဘဝဂ်ညံခဲ့သည်။ ကမ္ဘာ့မီဒီယာများတွင် တခမ်းတနားဖော်ပြကြသည်။ အာဏာသိမ်းပြီး သုံးလကျော်သည်အထိ လူစုလူဝေးဖြင့် ဆန္ဒပြမှုများ အားကောင်းခဲ့သည်။ စစ်ကောင်စီ၏ လူမဆန်သော ပစ်ခတ်သတ်ဖြတ်မှုများ၊ ဖမ်းဆီးမှုများကြောင့် မြို့လုံးကျွတ်ဆန္ဒပြပွဲကြီးများ မရှိတော့သော်လည်း လူအုပ်စုအလိုက် ကြိုးကြားကြိုးကြားဆန္ဒပြမှုအချို့ ယနေ့တိုင် ရှိနေဆဲဖြစ်သည်။
ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဒီမိုကရေစီတောင်းဆိုသူများကို စစ်ကောင်စီက လူသတ်ကွင်းနှယ် သဘောထားခဲ့သည်။ ဦးခေါင်းတည့်တည့်ကို သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်စေကာ ဆန္ဒပြပွဲများကို ဖြိုခွဲခဲ့သည်။ ပစ်ခတ်ခံရသူအများစုမှာ အသက် ၂၀ ဝန်းကျင် လူငယ်အများစုဖြစ်သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင် အစောဆုံးနှင့် ရှေ့တန်းအကျဆုံးမှ ပါဝင်ခဲ့သူများမှာ Generation-Z ခေါ် လူငယ်များဖြစ်သည်။ အသက် ၂၀ ဝန်းကျင် ထိုလူငယ်များမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ရှေ့တန်းတင်ဦးထိပ်ထားသော မျိုးဆက်တွင် ပေါက်ဖွားလာသူများဖြစ်ရာ ၎င်းတို့အတွက် စစ်အာဏာရှင်စနစ်သည် မည်သို့သောအကြောင်းပြချက်နှင့်မျှ လက်ခံနိုင်စရာ မရှိပေ။
လမ်းပေါ်က ဆန္ဒပြပွဲများကို စစ်ကောင်စီက ဥပဒေမဲ့ ကျည်အစစ်များအသုံးပြုကာ ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။ အကာအကွယ်မဲ့ အရပ်သားပြည်သူများကို စစ်မြေပြင်သဖွယ် လူသတ်လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဥပဒေမဲ့ထိုလုပ်ရပ်များအပေါ် တစ်စုံတစ်ရာ အရေးယူအပြစ်ပေးနိုင်ခြင်း မရှိသေးသော်လည်း သက်သေသာဓကများစွာ ကမ္ဘာကို ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းမထက်က သွေးကွက်များ မခြောက်သေးပေ။
အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု
စစ်အာဏာသိမ်းမှုကို အပြင်းထန်ထိုးနှက်ခဲ့သော လက်နက်ဖြစ်သည်။ အကောင်းဆုံးနည်းဗျူဟာလည်းဖြစ်သည်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးစွာလှုံ့ဆော်ခဲ့သော အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် တစ်နိုင်ငံလုံးကိုသာမက နိုင်ငံတကာအသိုင်းအဝိုင်းအထိပါ သက်ရောက်စေခဲ့သည်။
ဌာနပေါင်းစုံမှ နိုင်ငံ့ဝန်ထမ်းများ CDM တွင် ပါဝင်ခဲ့ကြသည်။ ထိုသို့ပါဝင်နိုင်အောင်လည်း ပြည်သူလူထုက တခဲနက်ဆော်ဩခဲ့သည်။ အားပေးခဲ့သည်။ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများလည်း CDM ပြုလုပ်ခဲ့သည်။ လူတန်းစားအလွှာလွှာအသီးသီးက CDM လှုပ်ရှားမှုတွင် ကျရာနေရာမှ ပုံဖော်ခဲ့ကြသည်။
အမှုထမ်း၊ အရာထမ်းမှသည် နေ့စားဝန်ထမ်းအထိ ထောင်ပေါင်းများစွာသော နိုင်ငံ့ဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။ အမျိုးမျိုးဖိအားပေးခံရမှု ခြိမ်းခြောက်ခံရမှုများ ရှိခဲ့သည်။ ဝန်ထမ်းအများစု အလုပ်ပြုတ်ခဲ့သည်။
ရာပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများလည်း စစ်တပ်ကို စွန့်ခွာကာ CDM တွင် ပါဝင်ခဲ့ကြသည်။ နိုင်ငံတကာရှိ မြန်မာသံတမန်များတွင်လည်း CDM ပြုလုပ်သူများ ရှိခဲ့သည်။ အကြမ်းမဖက်သောနည်းလမ်းအားဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်သော CDM လှုပ်ရှားမှုသည် ယနေ့တိုင် ထိရောက်နေဆဲဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် အုပ်ချုပ်ရေးမှသည် အထွေထွေအဝဝသော အစိုးရယန္တရားတစ်ခုလုံးကို အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိသေးပေ။ လက်နက်မဲ့သော CDM လှုပ်ရှားမှုသည် စစ်ဗိုလ်ချုပ်များကို ခြိမ်းခြောက်နိုင်သော စွမ်းအားထက်လက်နက်ဖြစ်သည်။
ဖက်ဒရယ်အိမ်မက်နှင့် CRPH မှသည် NUG
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို အာဏာသိမ်းပြီးလေးရက်အကြာ ဖေဖော်ဝါရီ ၅ နေ့တွင် ဖွဲ့စည်းခဲ့သည်။
NLD ပါတီဝင် ရွေးကောက်ခံအမတ် ၁၅ ဦးဖြင့်သာ စတင်ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် အခြားတိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များကိုလည်း ထပ်မံအင်အားဖြည့်တင်းခဲ့သည်။
နိုင်ငံ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကို အားပေးထောက်ခံကြောင်း CRPH က ထုတ်ပြန်ကြေညာခဲ့သည့်နည်းတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကိုလည်း တစ်ဖက်တစ်လမ်းမှ ဦးဆောင်ဦးရွက်ပြုခဲ့သည်။ CRPH ၏ အခန်းကဏ္ဍနှင့် လူထု၏ ယုံကြည်ကိုးစားမှုလည်း မြင့်မားလာခဲ့သည်။
စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ခြယ်လှယ်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း CRPH က မတ် ၃၁ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ကြေညာပြီး နောက်တစ်ရက်တွင် ဆယ်စုနှစ်တစ်ခုကျော်မျှ နိုင်ငံရေးအဆုံးအဖြတ်ပေးခဲ့သော စာအုပ်စိမ်းကို မီးရှို့ဖျက်ဆီးသည့် ဆန္ဒပြမှုများဖြင့် ပြည်သူလူထုက CRPH ၏ ကြေညာချက်ကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။
စာအုပ်စိမ်းကို ဖျက်သိမ်းကြောင်း ကြေညာသည့်နေ့မှာပင် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်များပါဝင်သော ဖက်ဒရယ်ပဋိညာဉ်ကို CRPH က တစ်ပါတည်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုပဋိညာဉ်အရ ကြားကာလအစိုးရတစ်ရပ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဧပြီ ၁၆ တွင် CRPH ဦးဆောင်ကာ ဖွဲ့စည်းခဲ့သည်။ ဝန်ကြီးဌာန ၁၆ ခုဖြင့် ဖွဲ့စည်းထားသည့် NUG အစိုးရအဖွဲ့တွင် တိုင်းရင်းသားကိုယ်စားလှယ်များလည်း ထည့်သွင်းထားသည်။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ကာ ဖြုတ်ချနိုင်ရေးအတွက် NUG အစိုးရအဖွဲ့၏ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defense Force) ကို ဖွဲ့စည်းတည်ထောင်လျက်ရှိပြီး တချိန်ချိန်၌ ပေါ်ပေါက်လာမည့် ဖက်ဒရယ်တပ်မတော်၏ အခြေခံကျောရိုးအဖြစ် ရည်ရွယ်ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။
စင်ပြိုင်အစိုးရအဖြစ် ရပ်တည်နေရသော်လည်း NUG အစိုးရအဖွဲ့အနေဖြင့် လူထုယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိထားသည်။ ပြေးလွှားရှောင်ပုန်းရင်း မမျှော်မှန်းနိုင်သော အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနေရသည်ဖြစ်ရာ လူထု၏ ကြီးမားသော မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးသည် NUG အတွက် ကြီးစွာသော စိန်ခေါ်မှုဖြစ်နိုင်သည်။
ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ
လမ်းမထက်က ငြိမ်းချမ်းစွာဆန္ဒပြထုတ်ဖော်မှုများ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ခုခံရေးစစ်ကို ပြည်သူအများစု ရွေးချယ်ခဲ့ရသည်။ မြို့ကြီးများတွင် အာဏာရှင်တော်လှန်ရေး လှည့်လည်ဆန္ဒပြမှုများအစား နေရာအတည်အကျရှိသော စစ်ကြောင်းများပေါ်ပေါက်လာသည်။
အာဏာရှင်ဆန့်ကျင်ရေး ခံတပ်များဖြစ်သည်။ သဲအိတ်များဖြင့်ကာသည်။ ပိုက်လုံးများဖြင့်တားသည်။
စစ်ကောင်စီတပ်များ အလွယ်တကူဝင်ရောက်မလာနိုင်ရေးဖြစ်သည်။ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ကြသည်။ မိုလိုတော့ (ပုလင်းတွင် လောင်စာဆီထည့်ကာ မီးရှို့ပစ်ခတ်ခြင်း) များ၊ မီးရှူးမီးပန်းများ ကိုင်ဆောင်ကြသည်။
ထိုခံတပ်များကို စစ်ကောင်စီက အပြင်းထန်ဆုံး ပစ်ခတ်ဖြိုခွင်းခဲ့သည်။ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ဖြိုခွင်းသည့်အပြင် စစ်ပွဲကြီးတစ်ခုအလား အကျအနပြင်ဆင်ပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သည်။ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖြိုခွင်းမှုများကြောင့် မြို့ပေါ်လူငယ်များ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ နီးစပ်ရာလက်နက်ကိုင်အဖွဲ့အစည်းများထံ ခိုလှုံကာ စစ်သင်တန်းများ တက်ရောက်ကြသည်။
ကျေးလက်ဒေသများတွင်မူ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပေါ်ပေါက်လာသည်။ မိမိမြို့ရွာအလိုက် စစ်ကောင်စီကို ခုခံတော်လှန်ရန် ပြင်ဆင်လာကြသည်။ ဒေသခံအခြေစိုက် PDF များ အဓိကအားကိုးရာမှာ လက်လုပ်သေနတ်နှင့် ရိုးရာတူမီးသေနတ်သာဖြစ်သည်။
နောက်ပိုင်းတွင် ဒေသအခြေစိုက် PDF များနှင့် စစ်ကောင်စီကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်သည့် တိုက်ပွဲများ ဆက်တိုက်ပေါ်ပေါက်လာသည်။ အစောဆုံးတိုက်ပွဲမှာ စစ်ကိုင်းတိုင်းအနောက်ခြမ်းရှိ ကလေးမြို့တွင် စတင်ဖြစ်ပွားခဲ့သည်။
လက်ဖြောင့်သေနတ်သမား၊ လက်ပစ်ဗုံးများ၊ အသေးစားအမြှောက်ဖြစ်သော RPG နှင့် စက်သေနတ်များပါ အသုံးပြုတိုက်ခိုက်ခဲ့သော စစ်ကောင်စီတပ်ကို ကလေးဒေသခံများက ရိုးရာလက်လုပ်တူမီးသေနတ်များဖြင့် ခုခံခဲ့သည်။ ၁၉ ရာစုက အမဲလိုက်သေနတ်များကိုသာ အားထားရသော်လည်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသည်အထိ ဒေသခံ PDF များ သတ္တိပြောင်ခဲ့သည်။
ထိုမတ်လကုန်ပိုင်းမှ စတင်ကာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း ထိစပ်ရာဒေသများတွင် ဒေသခံ PDF နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
အမြို့မြို့အနယ်နယ်တွင်လည်း ကျေးရွာအဆင့် PDF များပေါ်ပေါက်လာပြီး စစ်ကောင်စီယန္တရားကို ကပျက်ကယက်ပြုလုပ်ခြင်း၊ စစ်ကောင်စီတပ်များကို ဟန့်တားနှောင့်ယှက်ခြင်းအပါအဝင် အပြန်အလှန်ထိတွေ့ပစ်ခတ်သည့် တိုက်ပွဲများအထိ ရှိလာသည်။
စစ်အုပ်ချုပ်ရေးကြေညာထားသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ယာယီအပစ်ရပ်သဘောတူညီမှုပျက်ပြယ်ပြီးနောက် ဒေသခံ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force) နှင့် အပြင်းအထန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။
အလားတူပင် ကယားပြည်နယ်တွင်လည်း ယာယီအပစ်ရပ်စဲမှု ပျက်ပြယ်ပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။ ဒေသခံ PDF များဖြင့် စုဖွဲ့ထားသည့် ကရင်နီအများသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ပူးပေါင်းကာ စစ်ကောင်စီကို စစ်ရေးအရ ခုခံတိုက်ခိုက်လျက်ရှိရာ ယခု ဇူလိုင်လအတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
မေလနှောင်းပိုင်းက ကရင်နီဒေသခံများ၏ PDF တပ်ဖွဲ့များက လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ရှမ်းပြည်နယ်အစပ် မိုးဗြဲရှိ စစ်ကောင်စီလက်အောက်ရှိ စခန်းအချို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ထိုသို့ အထိနာစေသော PDF များ၏ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ဆက်တိုက်နှိမ်နင်းခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း ကလေး၊ တမူး၊ ကနီ၊ ယင်းမာပင်၊ တန့်ဆည်၊ ပင်လည်ဘူး၊ ဒီပဲရင်း စသည့်မြို့ နယ်များ၊ မန္တလေးတိုင်း မြင်းခြံ၊ မကွေးတိုင်းအတွင်း ပေါက်နှင့် ဂန့်ဂေါ၊ ချင်းပြည်နယ် ဟားခါး၊ မင်းတပ်၊ မတူပီ၊ တီးတိန်၊ ကန်ပက်လက်၊ ကယားပြည်နယ်တွင် ဒီးမော့ဆို၊ လွိုင်ကော်၊ မိုးဗြဲ၊ ဖရိုဆို၊ ဘော်လခဲ စသည့်မြို့နယ်များတွင် ဒေသခံ PDF များနှင့် အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အပြန်အလှန်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအခြေစိုက် PDF များနှင့် စစ်ကောင်စီကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့်နည်းတူ မြိုပေါ်၌လည်း စစ်ကောင်စီ၏ ယန္တရားကို နှောင့်ယှက်ဖျက်ဆီးရန် အသေးစားဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်များကို လုပ်ကြံသတ်ဖြတ်ခြင်းများ ရှိလာသည်။ စုစုပေါင်း စစ်ကောင်စီဘက်တော်သား ၅၀ ကျော် သတ်ဖြတ်ခံရပြီးဖြစ်သည်။
စစ်ကောင်စီကို ဆန့်ကျင်သော တိုင်းရင်းသားလက်နက်ကိုင်များ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့စုပေါင်း၍ အာဏာသိမ်းမှုကို ကန့်ကွက်ထားသော်လည်း NUG နှင့် ဆက်ဆံရေးအပေါ် ရှင်းလင်းစွာ ထုတ်ပြန်ခြင်း မရှိပေ။
စစ်အာဏာသိမ်းမှုကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်နေသည့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ခုမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ကရင်အမျိုးအသားအစည်းအရုံး (KNU) တို့ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း KIA နှင့် KNU ထိန်းချုပ်ရာနယ်မြေများတွင် စစ်ကောင်စီနှင့် စစ်ရေးတင်းမာလာပြီး တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထိုတိုင်းရင်းသားနက်ကိုင်အဖွဲ့များက စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့သည်။
စစ်ကောင်စီဘက်ကလည်း တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များပါ အသုံးပြုလျက် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် တိုက်ပွဲပေါင်း ရာချီဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများပြားခဲ့သည့်နည်းတူ ဒေသခံများ စစ်ဘေးရှောင်ခဲ့ရသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ကောင်စီကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ အဓိကအားဖြင့် တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။
လက်ရှိတွင် KNU နှင့် KIA ထိန်းချုပ်ရာ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တွင် စစ်ကောင်စီက တပ်စခန်းတိုးချဲ့ခြင်း၊ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်လျက်ရှိရာ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တာဝန်ရှိသူများက ပြောကြားထားသည်။
အာဏာသိမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ပြန်အရေးယူမှု
စစ်အာဏာသိမ်းမှုကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးကောင်စီက ပြင်းထန်သောအရေးယူမှုဆောင်ရွက်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Christine Schraner Burgener က စစ်တပ်ဒုတိယအကြီးအကဲကို အစောဆုံးသတိပေးခဲ့သည်။
အာဏာသိမ်းပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။
သို့သော် အရေးယူပိတ်ဆို့မှုများကြောင့် အထီးကျန်ဖြစ်ခြင်းကို ခံနိုင်ရည်ရှိကြောင်း မိတ်ဆွေအနည်းငယ်ဖြင့် ရှေ့ခရီးဆက်မည်ဖြစ်ကြောင်း စစ်ကောင်စီဒုတိယအကြီးအကဲက တုံ့ပြန်ခဲ့သည်။
ထို့နောက်တွင် စစ်ကောင်စီအကြီးအကဲများနှင့် ပတ်သက်ဆက်နွှယ်သူများကို အမေရိကန်၊ ဗြိတိန်အပါအဝင် ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့က ဒဏ်ခတ်အရေးယူပိတ်ဆို့များ ချမှတ်ခဲ့သည်။
အမေရိကန်အစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တာဝန်ရှိစစ်ဗိုလ်ချုပ်ကြီးများကို တစ်ဦးချင်းပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းများအပြင် ၎င်းတို့နှင့် ပတ်သက်ဆက်နွှယ်သူများ၊ မိသားစုဝင်များနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူခဲ့သည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီလမှစကာ ဇူလိုလဆန်းပိုင်းအထိ စစ်ကောင်စီအသိုင်းအဝိုင်းမှ လူပုဂ္ဂိုလ် ၄၈ ဦးနှင့် ကုမ္ပဏီလုပ်ငန်း ၁၅ ခုကို အမေရိကန်က ဒဏ်ခတ်အရေးယူထားသည်။ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်း၍ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ ပိုင်ဆိုင်မှုများကို စုံစမ်းဖော်ထုတ်ပြီး ထိန်းချုပ်ထားရန်လည်း အမေရိကန်ဥပဒေပြုအမတ်များက တိုက်တွန်းထားသည်။
သို့သော် ကုလသမဂ္ဂအနေဖြင့်မူ အာဏာသိမ်းစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိသေးပေ။ အာဏာသိမ်းပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ချက်ချင်းလွှတ်ပေးရန်၊ ဒီမိုကရေစီပြန်လည်အသက်သွင်းရန် တိုက်တွန်းမှုများရှိခဲ့သော်လည်း တစ်စုံတစ်ရာ လက်တွေ့အရေးယူနိုင်ခြင်း မရှိသေးပေ။
ကုလစင်မြင့်ထက်တွင် မြန်မာ့အရေး ဆွေးနွေးသည့်အခါတိုင်း လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲဝင်နိုင်ငံများဖြစ်သည့် တရုတ်နှင့် ရုရှားတို့က ဆန့်ကျင်ကန့်ကွက်လေ့ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်တွင်မူ ကုလအထွေထွေညီလာခံက မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများစီးဝင်ခြင်းကို ပိတ်ပင်တားဆီးရန် ဆုံးဖြတ်ခဲ့သည်။ ဥပေဒအရ ချည်နှောင်မှုမပါဝင်သော်လည်း ထိုဆုံးဖြတ်ချက်မှာ ကုလညီလာခံသမိုင်းတွင် ကြုံတောင့်ကြုံခဲဆုံးဖြတ်ချက်ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို လစ်ချက်စတိန်းနိုင်ငံနှင့် အခြားကုလအဖွဲ့ဝင် ၅၃ နိုင်ငံက မေလဆန်းပိုင်းကတည်းက ပူးတွဲတင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော် အာဆီယံအဖွဲ့နိုင်ငံအချို့၏ တောင်းဆိုမှုများကြောင့် ဆုံးဖြတ်ချက်ကို ပြင်ဆင်ကာ ဇွန်လမှသာ ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
တစ်လကျော်ကြာ ညှိနှိုင်းပြီးနောက် မူကြမ်းပါ “လက်နက်ရောင်းချမှု ပိတ်ပင်ရေး” အစား “မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ စီးဝင်ခြင်းကို တားဆီးရေး” ဟု ပြင်ဆင်ခဲ့ရသည်။ ထိုဆုံးဖြတ်ကို မဲခွဲဆုံးဖြတ်ရာတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြားနေမဲပေးခဲ့ကြသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က ထောက်ခံမဲပေးခဲ့ကြပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအိုနိုင်ငံတို့က ကြားနေခဲ့ကြသည်။ ကုလသမဂ္ဂအဖွဲ့ ဝင် ၁၉၃ နိုင်ငံအနက် ၁၁၉ နိုင်ငံက ထောက်ခံမဲပေးခဲ့ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်သူလူထုကမူ ကုလသမဂ္ဂအနေဖြင့် စစ်ရေးအရ ဝင်ရောက်ဖြေရှင်းရန် တောင်းဆိုခဲ့သည်။ မြန်မာလူထု၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပံ့ပိုးနိုင်ရန် မတ်လ ၁ ရက်တွင် ဖွဲ့စည်းခဲ့သော ကုလကျွမ်းကျင်သူများပါဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က နိုင်ငံတကာအနေဖြင့် ချက်ချင်းဝင်ရောက်စွက်ဖက်ရန် တောင်းဆိုခဲ့ဖူးသည်။
ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဆက်တိုက်ဖိအားပေးမှုများကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ အာဆီယံခေါင်းဆောင်များ မျက်နှာစုံညီအထူးအစည်းအဝေး ကျင်းပခဲ့သည်။ စစ်အာဏာသိမ်းစစ်ခေါင်းတက်ရောက်ခဲ့သည့် ထိုအစည်းအဝေးတွင် အချက်ငါးချက်ပါ ဘုံသဘောတူညီချက် ချမှတ်ခဲ့သည်။
သို့သော် စစ်ခေါင်းဆောင်များက အာဆီယံဘုံသဘောတူညီချက်ကို အထူးတလည်ဂရုပြုခြင်း မရှိခဲ့ဘဲ အာဆီယံ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ တိုင်းပြည်အခြေအနေ တည်ငြိမ်အေးချမ်းမှသာ စဉ်းစားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။
ဇွန်လဆန်းပိုင်းတွင် အာဆီယံဥက္ကဋ္ဌ ဘရူနိုင်း၏ ဒုနိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံအတွင်းရေးမှူးတို့ နေပြည်တော်သို့ လာရောက်ကာ စစ်ကောင်စီဥက္ကဋ္ဌအပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုးတက်ပြောင်းလဲမှု တစ်စုံတစ်ရာ မရရှိခဲ့ပေ။
အာဆီယံအနေဖြင့် ယနေ့အချိန်ထိ အာဏာသိမ်းစစ်ကောင်စီအပေါ် တစ်စုံတစ်ရာ ဖိအားပေးနိုင်ခြင်း မရှိသည့်အတွက် ဝေဖန်ပြစ်တင်ခံနေရသည်။ အလားတူပင် ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးခြင်းများရှိနေသော်လည်း တစ်စုံတစ်ရာ ထိရောက်သော အရေးယူဆောင်ရွက်မှု မတွေ့ရှိရသေးပေ။
မြန်မာစစ်ခေါင်းဆောင်များအပေါ် ပို၍ထိရောက်သော ပြတ်ပြတ်သားသားရှိသော ကြားဝင်ဆောင်ရွက်မှုမျိုး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ မျှော်လင့်နိုင်သော်လည်း မည်သည့်အချိန်တွင် ဖြစ်ပေါ်လာမည်ကို မှန်းဆမရနိုင်သေးပေ။
ဒေါ်အောင်ဆန်းစုကြည်
တစ်ချိန်က အတိုက်အခံနိုင်ငံရေးသမားဘဝဖြင့် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ချခံရသူမှာ ငါးနှစ်တာမျှ တိုင်းပြည်ကို ဦးဆောင်ခွင့်ရရှိခဲ့ပြီးနောက် အချုပ်အနှောင်ခံဘဝကို တစ်ကျော့ပြန် ဖြတ်သန်းနေရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သူ၊ ၂၀၂၀ ရွေးကောက်ပွဲကို အပြတ်အသတ်အနိုင်ရရှိခဲ့သော ပါတီကြီး၏ ဥက္ကဋ္ဌဖြစ်သူမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ အရုဏ်မတက်မီကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ၎င်းနှင့်အတူ ပါတီထိပ်တန်းခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ၎င်းကိုထောက်ခံသူများလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲဆိုထားသည်။ ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သော စစ်ကောင်စီက သူမ၏ ပါတီကိုလည်း အချိန်မရွေးဖျက်သိမ်းမည့် အနေအထားရှိနေသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို တမင်တကာဖန်တီးယူခြင်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ချိုးဖောက်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုကာ ထိုးနှက်ဝေဖန်ထားသည်။
အကျဉ်းစံဘဝဖြင့် မတရားသော တရားစွဲဆိုမှုများကို ရင်ဆိုင်နေရလင့်ကစား ပြည်သူများ ကျန်းမာရေးအထူးဂရုပြရန်၊ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းနှင့် ကြုံတွေ့နေရသည့် ပြည်သူများအတွက် လွန်စွာစိတ်ပူကြောင်း ရှေ့နေများမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က သတင်းစကားပါးခဲ့သည်။
ဇွန်လ ၁၉ ရက်က ကျရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၎င်းကိုထောက်ခံသူ ပြည်သူများက ပန်းမျိုးစုံကိုင်ဆောင်လျက်၊ ပန်းမျိုးစုံပုံဖော်လျက် ပန်းသပိတ်ဆင်နွှဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်အံတုခဲ့ကြသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ၊ ဆက်သွယ်ရေးဥပေဒ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပေဒ၊ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပါ ပုဒ်မများဖြင့် အမှုဖွင့်ပေါင်း ၁၁ မှုအထိ တရားစွဲဆိုထားသည်။
မြန်မာ့နွေဦးတော်လှန်ရေးသည် မည်သည့်ပါတီ၊ မည်သည့်ပုဂ္ဂိုလ်အတွက်မျှ မဟုတ်ဘဲ အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအထိ မျှော်မှန်းထားသည်ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးကံကြမ္မာနှင့် ၎င်းအပေါ် ပြည်သူလူထု၏ မျှော်လင့်ချက်သည် မြန်မာ့နိုင်ငံရေးတွင် အတိုင်းအတာတစ်ခုအထိ အခရာကျနေဦးမည်ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ လှုပ်ရှားမှုများ
အာဏာသိမ်းအစီအစဉ်ကို ရှေးဦးမဆွကပင် အကွက်ချစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းပြီးလျှင်ပြီးချင်း စစ်ကောင်စီအဖွဲ့နှင့် အစိုးရအဖွဲ့ကို တစ်ပါတည်း ဖွဲ့စည်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဝန်ကြီးချုပ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများပါမကျန် အားလုံးကို အမိအရ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
တပ်မတော်ကာကွယ်ရေဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်တွင်းဩဇာ အခိုင်အမာတည်ဆောက်ခဲ့သည်။ ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကပင် ၎င်း၏ နိုင်ငံရေးအိမ်မက်ကို မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိသည်။
နှစ်ပေါင်း ၄၀ ကျော် စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးအတွေ့အကြုံများ ရှိထားပြီးဖြစ်သဖြင့် တိုင်းပြည်အတွက် ဆက်လုပ်ရန် ဆန္ဒရှိကြောင်း ရွေးကောက်ပွဲမတိုင်မီ ငါးလခန့်အလိုက ရုရှားသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။
ဂျပန်သတင်းဌာနတစ်ခုနှင့် တွေ့ဆုံရာတွင်လည်း “ကျွန်တော်ရဲ့အတွေ့အကြုံများကို နိုင်ငံတော်နဲ့ ပြည်သူအတွက် ဆောင်ရွက်ကြိုးပမ်းသွားပါမယ်။ နိုင်ငံသားအခွင့်အရေးနဲ့အညီ နိုင်ငံတော်ရဲ့အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်အလိုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော နိုင်ငံရေးပါတီ ၃၄ ပါတီနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် အာဏာသိမ်းယူရေး စကားဦးသန်းခဲ့ကြသည်။ “ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ထိုတွေ့ဆုံပွဲတက်ရောက်ခဲ့သော နိုင်ငံရေးပါတီများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမျှ အနိုင်မရခဲ့သော်လည်း အာဏာသိမ်းပြီးချိန်တွင် စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
ဒုတိယသမ္မတဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်ဖြင့် စစ်တပ်အကြီးအကဲကို နိုင်ငံတော်အာဏာလွှဲအပ်ကြောင်းကြေညာကာ အာဏာသိမ်းယူခဲ့ခြင်းဖြစ်သည်။ ထိုအချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိသည်။ အကြောင်းမှာ နိုင်ငံတော်သမ္မတကသာ အရေးပေါ်အခြေအနေကြေညာပြီး အာဏာကို ကာကွယ်ရေးဦးစီးချုပ်ထံ ခေတ္တလွှဲပြောင်းရမည်ဟု ပြဌာန်းထားသောကြောင့်ဖြစ်သည်။
စစ်ကောင်စီအဖွဲ့ဝင်များအဖြစ် အရပ်သားအချို့နှင့် တိုင်းရင်းသားအချို့ကို အယောင်ပြထည့်သွင်းဖွဲ့စည်းခဲ့သော်လည်း အာဏာသိမ်းပြီးခြောက်လကြာသည်အထိ ထိုသူများ၏ အခန်းကဏ္ဍ တစ်စုံတစ်ရာ ပြသစရာ မရှိခဲ့ပေ။
အုပ်ချုပ်ရေးမှသည် အထွေထွေအဝဝသော အရေးများကို စစ်ဗိုလ်ချုပ်ကြီးများကသာ ဦးစီးချုပ်ကိုင်ထားသည်။ စစ်ကောင်စီအစိုးရအဖွဲ့တွင်လည်း ဦးသန်းရွှေနှင့် ဦးသိန်းစိန်လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း အများစုပါဝင်လျက်ရှိသည်။
အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ခေါင်းဆောင်များ၊ ပါတီဝင်အမတ်များနှင့် တက်ကြွလှုပ်ရှားသူများကို ဦးစွာဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အစီအစဉ်အတိုင်းပင် ထိုဖမ်းဆီးထိန်းသိမ်းထားသူများကို ကြီးလေးသော ပုဒ်မမျိုးစုံဖြင့် အမှုဖွင့် အရေးယူလျက်ရှိသည်။
ပြည်သူလူထုထောက်ခံသော နိုင်ငံရေးပါတီနှင့် ခေါင်းဆောင်များကို ဦးစွာနှိပ်ကွပ်ခြင်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့သည့်အပြင် NLD ပါတီကို ဖျက်သိမ်းရန်လည်း စစ်ကောင်စီက အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။
လက်နက်အားကိုးဖြင့် တရားမဝင်အာဏာသိမ်းယူပြီးနောက် အုပ်ချုပ်ရေးယန္တရားလည်ပတ်ရန် စစ်ကောင်စီက ကြိုးပမ်းခဲ့သည်။ သို့သော် အားကောင်းသော CDM လှုပ်ရှားမှုများကြောင့် အာဏာသိမ်းပြီးခြောက်လရှိသည့်တိုင် အစိုးရယန္တရားတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိပေ။
ထို့ပြင် စစ်ကောင်စီက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဦးတည်ချက် ၉ ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထုတ်ပြန်ကာ လုပ်ပိုင်ခွင့်အာဏာဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း ထိုဦးတည်ချက်များ၊ လုပ်ငန်းစဉ်များကို မည်သူကမျှ အရေးတယူမရှိကြပေ။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများကို စစ်ကောင်စီက အပြင်းထန်ဆုံးဖြိုခွင်းခဲ့သည်။ ပါဝင်လှုပ်ရှားသူများကို အပြင်းထန်ဆုံး ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဖမ်းဆီးအရေးယူခဲ့သည်။ စစ်ကောင်စီလက်ချက်ဖြင့် အရပ်သားပြည်သူ ၁၀၀၀ နီးပါး သေဆုံးခဲ့ရကာ ၆၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅၀၀၀ ကျော် အမှုဖွင့်အရေးယူခံထားရသည်။
တပ်တွင်းပုန်ကန်မှုများ မပေါ်ပေါ်စေရန်နှင့် CDM တွင် ပါဝင်လှုပ်ရှားမှုများကို တားဆီးနိုင်ရန် စစ်ကောင်စီက တပ်တွင်း သတင်းအမှောင်ချခဲ့သည်။ တပ်မိသားစုဝင်များကို ဓားစာခံသဖွယ် ထိန်းချုပ်ခဲ့သည်။ တချိန်တည်းမှာပင် ၎င်းထိန်းချုပ်ထားသည့် မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်ခဲ့သည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက အပြင်းအထန် ဖိနှိပ်တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ ထိုပြင်းထန်ရက်စက်သော တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသခံထောင်ပေါင်းများစွာ စစ်ဘေးရှောင်ဖြစ်ခဲ့ရသည်။
စစ်ကောင်စီကို မည်သည့်နိုင်ငံကမျှ တရားဝင်အသိအမှတ်ပြု ထောက်ခံခြင်းမရှိပေ။ နိုင်ငံတကာက မြန်မာနိုင်ငံကို ထောက်ပံ့ပေးနေသော ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီများ ဆိုင်းငံ့ခဲ့သည်။ ထို့ပြင် သီးခြားဒဏ်ခတ်အရေးယူခြင်းများလည်း ဆောင်ရွက်ခဲ့သည်။
အာဏာသိမ်းပြီးစတွင် အရေးယူပိတ်ဆို့မှုနှင့် အထီးကျန်ဖြစ်မှုကို ခံနိုင်ရည်ရှိသည်ဟု လေလုံးထွားခဲ့သော စစ်ဗိုလ်ချုပ်ကြီးများက အနောက်အုပ်စုနိုင်ငံများ၏ ထောက်ခံမှုရရှိနိုင်ရန် ကြိုးပမ်းခဲ့သေးသည်။ အမေရိကန်နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင် အနောက်နိုင်ငံများကို ဆွယ်တရားဟောပေးရန် စစ်အုပ်စုက အစ္စရေးထောက်လှမ်းရေးဟောင်း ဦးဆောင်သည့် လော်ဘီအုပ်စုကို အမေရိကန်ဒေါ်လာ နှစ်သန်းဖြင့် ငှားရမ်းခဲ့သည်။
သို့သော် အမေရိကန်နှင့် ကနေဒါအစိုးရများ၏ ဒဏ်ခတ်အရေးယူမှုများကြောင့် ထိုလော်ဘီအုပ်စုက စစ်ဗိုလ်ချုပ်များနှင့် ဒေါ်လာနှစ်သန်းတန် စာချုပ်ကို ဖျက်သိမ်းခဲ့ရသည်။ ထိုလော်ဘီအုပ်စုက အကျိုးဆောင်ပေးခဲ့သည်ဟု ယူဆရသော ဆောင်ရွက်ချက်တစ်ခုမှာ ကမ္ဘာကျော် CNN သတင်းထောက်နှင့် အဖွဲ့ကို ပြည်ဝင်ခွင့်ပေးကာ သတင်းရယူစေခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများ၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီတောင့်တမှုများအကြောင်း CNN သတင်းတွင် ဆက်တိုက်ဆိုသလို ဖော်ပြခံရပြီးနောက် စစ်ခေါင်းဆောင်များ၏ အကြံအစည် ပျက်စီးခဲ့သည်။
စစ်ကောင်စီက အမျိုးသားရေးအင်အားစုများနှင့် ၎င်းကို ထောက်ခံသည့် စစ်မှုထမ်းအသိုင်းအဝိုင်းကို စည်းရုံးထားနိုင်သည်ဟု ဆိုသော်လည်း အဘက်ဘက်မှ ချွတ်ခြုံကျလာသော အခြေအနေများနှင့် လတ်တလော ကိုဗစ်နိုင်တင်းကပ်ရော တတိယလှိုင်းအပေါ် စစ်ကောင်စီ၏ ကိုင်တွယ်စီမံခန့်ခွဲမှုအလွဲများကြောင့် စစ်တပ်ကို ထောက်ခံသူများကပင် အသံထွက်လာကြသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်များအနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်ရန် အခက်အခဲများစွာ ကြုံတွေ့နေရသည့်အပြင် တိုး၍လာနေသော ပြည်တွင်းပြည်ပ ဆန့်ကျင်ဖိအားပေးမှုများကိုလည်း ဆက်လက်ရင်ဆိုင်နေရသည်ဖြစ်ရာ အာဏာရူးရာဇဝတ်ကောင်များဆိုသော ဂုဏ်ပုဒ်ထက် ပိုပြီးအောင်မြင်ရန် မရှိပေ။
စီးပွားရေးချွတ်ခြုံကျမှု
စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးကျဆင်းမှုနှုန်း ၁၀ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကာ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံးစီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ရမည်ဟု ကမ္ဘာ့ဘဏ်က မတ်လကုန်တွင် ထုတ်ပြန်သတိပေးခဲ့သည်။
အာဏာသိမ်းမှုနှင့် တွဲလျက်ပါလာသော အကျိုးဆက်ဂယက်များကြောင့် ဘဏ်များရေရှည်ရပ်တည်နိုင်မှု မရေရာခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ ကုန်သွယ်ရေးလုပ်ငန်းထိခိုက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ အရှုံးပြလာပြီး တိုင်းပြည်စီးပွားရေး ထိခိုက်ပျက်စီးလာခဲ့သည်။
အဘက်ဘက်မှ ယိုယွင်းလာသော အခြေအနေများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံလုပ်ငန်းကြီးများ ထွက်ခွာလျက်ရှိကာ စက်ရုံအလုပ်ရုံများနှင့် စားသောက်ကုန်လုပ်ငန်းများလည်း ပိတ်သိမ်းမှုရှိလာသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ စင်ကာပူနှင့် ဟောင်ကောင်တို့မှ အထင်ကရ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ရပ်ဆိုင်းခဲ့သည်။
မိုဘိုင်းဖုန်းသုံးစွဲသူ ၁၈ သန်းကျော်ကို ဝန်ဆောင်မှုပေးနေသော တယ်လီနောမြန်မာသည်လည်း လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group ထံ ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်သည်။ ထို့အတူ ဩစတြေးလျသတ္တုတူးဖော်ရေးကုမ္ပဏီတစ်ခုလည်း ထွက်ခွာရန် ပြင်ဆင်လျက်ရှိသည်။
အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေးသည် ယခင်ရှိခဲ့သည့် ပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်သွားမည်ဖြစ်ကာ ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ဆင်းရဲနွမ်းပါးသူဦးရေ နှစ်ဆမြင့်တက်နိုင်ကြောင်း ဇူလိုင် ၂၆ ရက်က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ဆိုသည်။
အလုပ်အကိုင် တစ်သန်းခန့် ဆုံးရှုံးနိုင်မည်ဖြစ်ကာ ဝင်ငွေမရှိခြင်း၊ ကျန်းမာရေးနှင့် အစားအစာ ဖူလုံမှုမရှိခြင်းတည်းဟူသော ဘေးဒုက္ခအန္တရာယ်များ စုပေါင်းထိုးနှက်နိုင်သည်ဟုလည်း ကမ္ဘာ့ဘဏ်က သတိပေးထားသည်။
လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီး လက်ရှိ ၆ ရာခိုင်နှုန်းရှိသည့် ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း နောက်ခြောက်လတွင် သိသိသာမြင့်တက်လာနိုင်သည်ဟု ဆိုသည်။ လောင်စာဆီအပါအဝင် သွင်းကုန်ပစ္စည်းများ ဈေးကြီးမြင့်လာပြီး စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေရရှိရန် ခက်ခဲလာသည်ဟု ဆိုသည်။
ပြီးခဲ့သည့်ဇွန်လအတွင်း ကမ္ဘာ့ဘဏ်က ကောက်ယူခဲ့သော စစ်တမ်းအရ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးထိခိုက်ပျက်စီးမှု ပိုမိုဆိုးရွားလာသည်ဟု ကုမ္ပဏီလေးပုံသုံးပုံက ယူဆထားကြောင်း၊ ကုမ္ပဏီများအနေဖြင့် ယုံကြည်မျှော်လင့်ချက် အလွန်အားနည်းနေကာ စီးပွားရေးလုပ်ကိုင်ရန် စိုးရိမ်ပူပန်လျက်ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းသွားသဖြင့် အရင်းအနှီးပမာဏ လျော့နည်းသွားခြင်းနှင့်အတူ ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် အရေးပါသော ပြည်ပကျွမ်းကျင်မှုနှင့် နည်းပညာချိတ်ဆက်သုံးစွဲနိုင်မှုကို ထိခိုက်စေနိုင်သည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။
Original Source – Myanmar NOW
https://www.myanmar-now.org/mm/news/7646