အမေရိကန် ကွန်ဂရက်သည် ဘိုင်ဒင် အစိုးရ၏ မြန်မာစစ်တပ်အပေါ် အသင့်အတင့်မျှသာ စီးပွားရေး အရ ပိတ်ဆို့ ဒဏ်ခတ်နေမှုအား ပုံစံပြောင်းနိုင်ရန် စဉ်းစားနေစဉ်တွင် နိုင်ငံအတွင်းရှိ ဆန့်ကျင် ကန့်ကွက်နေသူ အချို့က အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုက်အဝန်းအား စစ်အင်အားသုံး၍ ဝင်ရောက်လာရန် တောင်းဆိုခဲ့ကြပြီး ဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ လေယာဉ် မပျံသန်းရ ဇုံ သတ်မှတ်ပေးရန် နှင့် ကမ္ဘာတဝှမ်းမှ လက်နက် တင်ပို့မှု ပိတ်ဆို့ ပေးရန် လုံခြုံရေး ကောင်စီကို ပန်ကြားခဲ့ပြီး ဖြစ်နေပြန်သည်။
အမေရိကန်သည် ၁၉၈၈ မှ စတင်၍ မြန်မာအားလက်နက် တင်ပို့ ရောင်းချနေမှုကို ၎င်းတို့ အစီအစဉ် ဖြင့် ပိတ်ဆို့ထားခဲ့ပြီးလည်း ဖြစ်သည်။ ကွန်ဂရက်မှလည်း စစ်တပ်နှင့် ဆက်ဆံရေးကို ၂၀၁၁ မှ စ၍ အကန့်အသတ်များ ပြုလုပ်လာခဲ့သည်။ ထိုထက် ပို၍ ပြင်းထန်သော ဝင်ရောက်စွက်ဖက်နိုင်သည့် အစီအစဉ်ပေါင်း များစွာက အရံသင့် ရှိနေပြီး ဖြစ်သည်။ ထိုအထဲတွင် အချို့သော အရေးယူနိုင်သည့် အစီအမံများက ပို၍ ဖြစ်နိုင်ချေ များလာခဲ့သည်။
မိမိတို့ အနေဖြင့် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို အမေရိကန် အနေဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ခြင်းကို ထောက်ခံမှု မပေးသော်လည်း စီမံပြီးသား အနေအထားများကို တခုစီ သုံးသပ်ခြင်းသာ ဖြစ်သည်။
အာဖဂန်နစ္စတန် တွင် နှစ်ပေါင်း ၂၀ နီးပါးမျှ အမေရိကန်တို့ စစ်ရေးအရ ပါဝင်စွက်ဖက်မှု အဆုံးသတ်လုဆဲ အခြေအနေတွင် မြန်မာ တွင် စစ်ရေးအရ အရေးယူ ဆောင်ရွက်ရန်ကို ဘိုင်ဒင်အစိုးရ ကော ကွန်ဂရက် ကပါ လိုလိုလားလား မရှိကြပေ။ သို့သော် မြန်မာရှိ အတိုက်အခံများက အကူအညီပေးရန် တောင်းဆိုလာမှုများ မြင့်တက်လာချိန်တွင် အမေရိကန်တို့၏ စစ်ရေး အရ အရေးယုနိုင်မှု အတိုင်းအတာ ကို တိုင်းတာ စစ်ဆေးရန် အချိန် ရောက်လာပြီ ဖြစ်သည်။
(၁) အင်အား အလုံးအရင်းသုံး၍ ဝင်ရောက်တိုက်ခိုက်မှု
ဖြစ်နိုင်ခြေ မရှိလှသော်လည်း ရုတ်ခြည်း အသိသာဆုံး ဖြစ်သွားမည်က အင်အား အလုံးအရင်း ဖြင့် ကျုးကျော် တိုက်ခိုက်ခြင်းပင် ဖြစ်သည်၊ ယင်းကို ၁၉၈၉ ဒီဇင်ဘာလ အတွင်း ပနာမားကို ကျုးကျော်ခဲ့သလို တဖက်သတ် လုပ်နိုင်ပြီး ၁၉၉၀ ကူဝိတ် စစ်ပွဲ ကဲ့သို့ နိုင်ငံစုံနှင့် ပူးတွဲ လုပ်နိုင်ပေသည်။ ထိုသို့ ဝင်ရောက်တိုက်ခိုက်မည် ဆိုက နိုင်ငံအလယ်ပိုင်း ဝင်ရိုးကြီးလို ဖြစ်နေသည့် ဧရာဝတီ မြစ်တလျောက်ရှိ မြို့ကြီးများ ဖြစ်သော မန္တလေး၊ နေပြည်တော် နှင့် ရန်ကုန် ကို အဓိက ထား တိုက်ခိုက်ရမည် ဖြစ်သည်။
ဤသည်ကလည်း အကြောင်းရှိပေသည်၊ နိုင်ငံတွင်း ရှိ တိုင်းရင်းသား လူနည်းစုများ ဖြစ်သော ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင် နှင့် ရှမ်း တို့တွင် လက်နက်ကိုင် အဖွဲ့များ ရှိနေပြီး ဖြစ်၍ ထိုဒေသများ အား ဦးစားပေး တိုက်ခိုက်ရန် မလိုသောကြောင့်ပင် ဖြစ်သည်။
မြန်မာ စစ်တပ်သည် နောက်ဆုံးပေါ် လက်နက်များကို တရုတ်၊ အစ္စရေး၊ ရုရှား နှင့် ယူကရိန်း တို့မှ ဝယ်ယူထားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အမေရိကန် တပ်များ အဖို့ တဖက်မှ ကျားကုတ် ကျားခဲ ရေရှည် ခုခံ လာမည့် အရေးကို ကြုံရဖွယ် မရှိပေ။ မြန်မာစစ်တပ်သည် ပြီးခဲ့သည့် နှစ်နှစ် အတွင်း အမေရိကန် ကဲ့သို့ စစ်အင်အား အရင်းအမြစ်များ ပိုင်ဆိုင်ထားခြင်း မရှိသည့် အာရကန် တပ်တော်၊ ကချင် လွတ်မြောက်ရေး တပ်များနှင့် တိုက်ခိုက်ရာတွင်ပင် အထိအခိုက် အကျအဆုံး လွန်စွာ များပြားခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ မြန်မာစစ်တပ်၏ စိတ်ဓါတ်ရေးရာ အရ လွန်စွာ ကျဆင်းလာနေပြီး တပ်သား အများအပြားသည် အတိုက်အခံများဖက်သို့ ထွက်ပြေးခိုလှုံချင်နေကြသည်မှာလည်း အံ့အားသင့်စရာတော့ မဟုတ်ပေ။
လက်တွေ ဝင်ရောက်တိုက်ခိုက်မည် ဆိုက အတော်လေး လွယ်ကူကောင်း လွယ်ကူမည် ဖြစ်သော်လည်း ဆက်လက် သိမ်းပိုက်ထားနိုင်ဖို့က ပို၍ ခက်ခဲမည် ဖြစ်သည်။ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတွင်းရှိ ဆန့်ကျင်ရေး အင်အားစုများ စည်းလုံးညီညွတ်မှု ရှိလာနေသော်လည်း အာဏာသိမ်း ခေါင်းဆောင်များကို ဖယ်ရှားပြီးပါက မည်သို့သော် အစိုးရမျိုး ဖွဲ့စည်းမည် ဆိုသည် အပေါ် အားလုံး သဘောတူညီထားသည့် အဆင့်အထိ တော့ တက်လှမ်း မလာခဲ့သေးပေ။
ဥပမာ အားဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ မှ ကြေညာခဲ့သည့် အမျိုးသား ညီညွတ်ရေး အစိုးရ ကို အဓိက ကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အကြမ်းမဖက် အာဏာ ဖီဆန်ရေး လှုပ်ရှားနေကြသည့် မြို့ပြ အဖွဲ့အစည်းများက ထိုက်သင့်သည့် အတိုင်းအတာ ဖြင့် ကြိုဆိုခဲ့ကြသည်။
ထိုသို့သော အနေအထား တွင် မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဘိုင်ဒင် အစိုးရသည် နိုင်ငံရေးအရ အကွဲကွဲ အပြဲပြဲ ဖြစ်နေသော နိုင်ငံ နှင့် ရင်ဆိုင်ရပေမည်၊ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အချို့မှ စိုးရိမ်မကင်း တုန့်ပြန်လာမှုများနှင့်လည်း ကြုံလာရစရာ ရှိနေပြန်သည်။
ထိုအပြင် တရုတ်၊ ရုရှား၊ ထိုင်း နှင့် အခြား နိုင်ငံများ၏ ရှုံချခြင်းကိုလည်း ခံရဖွယ် ရှိနေသည်။ တရုတ်သည် ၎င်း၏ အိမ်နီးချင်း နိုင်ငံအတွင်း အမေရိကန်တပ်များ ရောက်ရှိလာမှုကို ၎င်းတို့၏ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်လာမှု အဖြစ် ယူဆလာမည် ဖြစ်ပြီး နယ်ခြားတလျောက် တပ်အင်အားများ တိုးမြှင့် ချထားလာမည်လည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အလားတူ ပုံစံမျိုးဖြင့် အာဏာသိမ်းယူထားသော ထိုင်းနိုင်ငံ၏ လက်ရှိ အစိုးရသည်လည်း သေချာပေါက် စိုးရိမ်ကြောင့်ကြလာ ပေဦးမည်။ ထို့အကြောင်းများကြောင့် အမေရိကန် ပြည်ထောင်စုသည် အခြားသော နိုင်ငံများ၏ ထောက်ခံမှု ကို မရပဲ နိုင်ငံတကာ၏ ဝေဖန် ရှုတ်ချမှုများကို ခေါင်းငုံ့ခံရဖို့ ရှိနေပေသည်။
(၂) No Fly Zone
နောက်ထပ် ရွေးချယ် စရာ ရှိနေသည်က တိုင်းရင်းသား လက်နက်ကိုင် များ နှင့် မြို့ပြ ကာကွယ်ရေး တပ်များကို စစ်တပ်မှတိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယဉ်များ အသုံးပြု တိုက်ခိုက်လာခြင်းမှ ကာကွယ်ရန် No Fly Zone သတ်မှတ် ပြဌာန်းပေးခြင်းပင် ဖြစ်သည်။ ထိုသို့ ပြဠာန်း သတ်မှတ်ပေးနိုင်မှသာ အာဏာသိမ်း အဖွဲ့ကို တိုက်ခိုက်နေသူများ အတွက် တပန်းသာမည့် အနေအထား ရောက်အောင် ပြောင်းလဲပေးနိုင်ပေမည်။
သို့သော် အဓိက စိန်ခေါ်မှုကြီး ဖြစ်လာနိုင်သည်က ယင်းကို ရေရှည် အာဏာသက်ဝင်အောင် တည်ဆောက် ထိန်းသိမ်းရမည့် ထောက်ပို့ ရေး ပိုင်း ပင် ဖြစ်သည်။ ဘင်္ဂလား ပင်လယ်အော်ရှိ မြန်မာ ကမ်းလွန်တွင် လေယာဉ်တင် သင်္ဘော တစီးလောက်ရှိယုံဖြင့် လေကြောင်းမှ ထောက်ပို့ ပေးဖို့ လုံလောက်ပေသည်၊ သို့သော်ိ အချို့ နေရာများတွင် မြေပြင် အခြေပြု ထောက်ပို့ စနစ်လည်း မရှိမဖြစ် လိုအပ်လာမည် ဖြစ်သည်။
ထိုအခါတွင် အမေရိကန်တို့ အတွက် သယ်ယူ ထောက်ပို့ ရေး စင်တာ တခု ကို လိုလိုလားလား လက်ခံ ဖွင့်ပေးထားမည့် အိမ်နီးချင်း နိုင်ငံတခု ရှာဖို့ ခက်ခဲလာမည် ဖြစ်သည်။ အိန္ဒိယ နှင့် ထိုင်း နိုင်ငံများက လက်ခံနိုင်ဖွယ်မရှိ၊ ဩစတေးလျှ နှင့် ဂျပန်တို့သည်လည်း အတော်ကို အလှမ်းကွာနေပြန်သည်။
မြန်မာ စစ်တပ်အား လေကြောင်းမှ အထောက်အကူ ပေးနေမှုအား ဖယ်ရှား နိုင်ခဲ့ပြီ ဆိုသော်လည်း တဖက်တွင် လက်နက်ကြီး များ နှင့် အခြား စက်ယန္တယား များကို မြေပြင်မှ ရွှေ့ပြောင်းနိုင်နေဆဲပင် ဖြစ်သည်။ ထို့အတွက် No Fly Zone သတ်မှတ် ပေးယုံမျှ နိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီး အတွက် အင်အားချိန်ခွင်ရှာ ညီမျှ အောင် မည်မျှအတိုင်းအတာ အထိ ပြောင်းလဲပေးနိုင်မည် ဆိုသည်ကား မသဲကွဲလှပေ။
(၃) ကမ်းရိုးတန်း အား ပိတ်ဆို့ထားမှု
ဤသည်ကား စစ်ရေး ရည်မှန်းချက် အတွက် နောက်ထပ် ရွေးချယ်စရာ တခုပင် ဖြစ်သည်။ ထိုသို့ ပိတ်ဆို့ပါက အာဏာသိမ်း အဖွဲ့အတွက် အဓိက နိုင်ငံခြား ဝင်ငွေ ရရာ ရကြောင်း ဖြစ်သည့် သဘာဝ ဓါတ်ငွေ့ နှင့် ရေနံ ထုတ်လုပ်မှု ကို ရပ်ဆိုင်းသွားစေနိုင်သည်။
စစ်ရေး ရှုထောင့်မှ ကြည့်မည်ဆိုလျှင်လည်း No Fly Zone ကဲ့သို့ အရင်းအမြစ် များစွာ ထုတ်သုံးစရာ မလိုပေ။ အမေရိကန်၏ ပိတ်ဆို့မှုကို တွန်းလှန်နိုင်လောက်သည့် ရေတပ်အင်အားမျိုး မြန်မာတွင် ပိုင်ဆိုင်ထားခြင်း မရှိပေ။ သို့သော် မြန်မာ ၏ ကုန်သွယ်ရေးသည် ပင်လယ်ပြင်ထက် ကုန်းတွင်း ပိုင်းကို အဓိကထား လုပ်ဆောင်နေခြင်း ဖြစ်နေပြန်သည်။ မြန်မာ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများ ဖြစ်သည့် တရုတ် နှင့် ထိုင်း နိုင်ငံတို့ဖြင့် ကုန်စည်များကို ကုန်းလမ်း ခရီးဖြင့် တင်ပို့ နေကြသည်၊ ထို့အတွက် ပင်လယ်မှ ပိတ်ဆို့ထားခြင်းကို ရုန်းထွက်နိုင်စွမ်း ရှိနေပြန်သည်။ တရုတ်နှင့် ထိုင်းတို့မှလည်း ၎င်းတို့ နယ်မြေများကို အသုံးပြုခွင့်ပေးပြီး ပိတ်ဆို့ ခံထားရသော ကုန်များ အတွက် ကုန်းလမ်းမှ ဝင်ရောက်နိုင်အောင် ကူညီ ပေးကြဦးမည်လည်း ဖြစ်သည်။
(၄) ကန့်သတ် လေကြောင်း စစ်ဆင်ရေး
နောက်တခုမှာ မြန်မာ၏ အဓိက စစ်စခန်း တည်ရှိရာများကို လေကြောင်းမှ အကန့်အသတ်ဖြင့် ဝင်ရောက်တိုက် ခိုက်ပေးခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြို့ပြ ကာကွယ်ရေး အဖွဲ့များ အပေါ် လေတပ်အင်အား အသုံးပြုနေခြင်းမှ အားပျော့သွားစေနိုင်သည်။ ထို့အပြင် မြန်မာ၏ လက်နက်ခဲယမ်း သိုလှောင်ထားရာ စခန်း များကိုလည်း ပြစ်မှတ်ထား တိုက်ခိုက်ပေးနိုင်သည်။ မြန်မာသည် အပေါ့စား လက်နက် ပစ္စည်းများကို ၎င်းတို့ပိုင် စက်ရုံများမှ ထုတ်လုပ်ပေးနေသည်မှာ ကာလကြာမြင့်လှပြီ ဖြစ်သည်။ လေတပ်နှင့် လက်နက်ထုတ်လုပ်ရာ စက်ရုံများကို ပြစ်မှတ်ထား တိုက်ခိုက်ရုံမျှဖြင့် အာဏာသိမ်း အဖွဲ့ အဖို့ ပြည်တွင်းစစ်ကို ဆက်လက် ဆင်နွှဲရန် အားပျော့သွားတော့မည် ဖြစ်သည်။
ထိုသို့ အကန့်အသတ်ဖြင့် လိုအပ်သော ပြစ်မှတ်များကို တိုက်ခိုက်ခြင်းသည် နိုင်ငံအတွင်း အလုံးစုံ ဝင်ရောက် ကျူးကျော်ခြင်း ၊ No Fly Zone သတ်မှတ်ထားရှိ ကာကွယ်ပေးနေရခြင်းမျိုးနှင့် နှိုင်းစာလျင် အချိန်ကုန် သက် သာပြီး အရင်းအမြစ်များလည်း များစွာ စိုက်ထုတ်စရာ မလိုပေ။ ထို့အပြင် မြန်မာ စစ်တပ်ကို စစ်ရေး အရ အင်အားချည့်နဲ့ သွားစေနိုင်မည်လည်း ဖြစ်သည်။ အမေရိကန် တို့ဖက်မှ အသေအပျောက်မှာ မဆိုသလောက် ရှိပေမည်။ မြန်မာ စစ်တပ်၏ လေကြောင်း ကာကွယ်ရေးသည် မည်ကာမတ္တာသာ ရှိသည်မို့ ဝင်ရောက် ဗုံးကြဲ တိုက်ခိုက်ရမည့် အကြိမ် အရည်အတွက်သည်လည်း အနည်းငယ်မျှသာ ရှိပေလိမ့်မည်။
နိုင်ငံတကာ၏ ဝေဖန်ရှုတ်ချမှုများကို ခံရဖို့က သံသယ ဖြစ်စရာ မလိုပေ။ အထူးသဖြင့် တရုတ်၊ ရုရှား နှင့် ထိုင်း တို့မှ ပြစ်တင်ရှုတ်ချလာနိုင်သည်။ သို့သော် တရုတ်တို့မှ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကို ကိုယ်ထိ လက်ရောက် ဟန့်တားလာဖို့က ဖြစ်လာနိုင်စရာ မရှိပေ။ ထိုသို့ လုပ်မည်ဆိုလျှင် အမေရိကန်တို့ နှင့် ထိတ်တိုက် ရင်ဆိုင်တွေ့ရန် ဖန်တီးပေးသလို ဖြစ်သွားမည့် အတွက်ကြောင့်ပင် ဖြစ်သည်။
လေကြောင်းမှ တိုက်ခိုက်ပေးခြင်းဖြင့် နိုင်ငံတွင်းရှိ ခုခံရေး အင်အားစုများကို စိတ်ဓါတ်ရေးရာ အရ အားပေးရာ လည်း ရောက်ရုံမက အာဏာသိမ်း အဖွဲ့အား အမေရိကန် မှ လိုလားမှု မရှိဆိုသည်ကို ပြတ်သားစွာ ပြဆိုရာ လည်း ရောက်မည် ဖြစ်သည်။
သို့သော် အကျိုးယုတ်နိုင်စရာများက ရှိနေပြန်သည်။ ပထမ တကြောင်းက အမေရိကန် လေတပ်အဖို့ တခါတည်း နှင့် မပြီးဘဲ ပြန်လည် ပြင်ဆင်လာသည့် အခါမျိုးများတွင် အခါအားလျှော်စွာ ပြန်လည်ပြီးတိုက်ရဖို့ ရှိနေသည်။ ဒုတိယမှာ လေကြောင်းက တိုက်ခိုက်ပေးရုံဖြင့် ဆန့်ကျင်ဖက် လက်နက်ကိုင် အဖွဲ့များအတွက် အင်အား ချိန်ခွင် လျှာကို သိသာအောင် ပြောင်းလဲပေးနိုင်စွမ်း ရှိမနေခြင်းပင်။ လစ်ဗျား နှင့် ဆီရီးယား ကဲ့သို့ နိုင်ငံများတွင် အကန့် အသတ်ဖြင့် လေကြောင်း စစ်ဆင်ရေး များ ပြုလုပ်ခဲ့သော်လည်း မျှော်လင့်ထားသလောက် ထိရောက်မှု မရှိလှ သည်ကို တွေ့ရသည်။
(၅) စစ်ရေး အကူအညီပေးခြင်း
ထိုအရေးကို ဇောင်းပေး ဆွေးနွေးခဲ့ကြခြင်းမျိုး မရှိသေးပေ။ စစ်ရေးအကူအညီပေးရာတွင် စစ်လက်နက်ပစ္စည်း များသာမက အသစ် ဖွဲ့စည်းလာသော မြို့ပြကာကွယ်ရေး တပ်များအတွက် အရာရှိများကို လေ့ကျင့်ပေးရေး လည်း ပါဝင်သည်။
မြန်မာ စစ်တပ်ကို ထိုကဲ့သို့မျိုး အကူအညီပေးရန် နှစ်ပေါင်း ၃၀ ကြာ အမေရိကန်ဖက်က ငြင်းပယ်ထားပြီးဖြစ် ၍ မူဝါဒ ပိုင်းဆိုင်ရာ သိသာသည့် အပြောင်းအလဲကြီး ဖြစ်လာနိုင်ပေသည်။ ထို့အပြင် နိုင်ဖို့ မသေချာ သေးသည့် ဆန့်ကျင်ဖက် အင်အားစုများ နောက်တွင် အမေရိကန်တို့ ဗြောင်ကျကျ ရပ်တည် ပေးသလို ဖြစ်သွားနိုင်ပေသည်။
တဖက်တွင် တရုတ်သည် မြန်မာ စစ်တပ်သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အချို့အားလည်း စစ်ရေး အကူအညီများ နှင့် လေ့ကျင့်မှုများ ပြုလုပ်ပေးနေသည့် အဓိက နိုင်ငံလည်း ဖြစ်နေသည်။ အမေရိကန်တို့ဖက်မှ တိုင်းရင်းသား လက်နက်ကိုင်များကို အကူအညီများ ပေးလာခြင်းဖြင့် ၎င်းတို့နှင့် ဆက်ဆံရေး တိုးတက်ကောင်း မွန်လာစရာ ရှိနေသည်။ သို့သော် နှစ်နိုင်ငံအကြား ကြိုတင် သဘောတူညီချက်မျိုး ရှိမထားပါက တရုတ်ကို ကန္တကောစ လုပ်သလို ဖြစ်သွားနိုင်ပြန်သည်။
နောက်တချက် စဉ်းစားရမည်ကား အာဏာရှင် ဆန့်ကျင်ရေး အင်အားစုများ အတွက် အမေရိကန်မှ စစ်ရေးအရ ထောက်ပံ့ပေးခြင်းကြောင့် ရေရှည် သက်ရောက်လာနိုင်မှုများပင် ဖြစ်သည်။ မကြာမီကာလများက အမေရိကန် တို့ ဤကဲ့သို့ ကြိုးပမ်းခဲ့သည်များ ရှိနေသော်လည်း ထွက်ပေါ်လာသည့် ရလဒ်မှာ အကောင်းနှင့် အဆိုး ရောထွေး နေသည်။ အချို့နေရာများတွင် တခါက မဟာမိတ် ဖြစ်ခဲ့သူများသည် ရန်သူများ အဖြစ် ပြောင်းလဲသွားသည် မျိုးလည်း ရှိနေသည်။ နမူနာ အဖြစ် အာဖဂန်နစ္စတန်ကို ကြည့်နိုင်သည်။
မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လက်နက်ကိုင်များအကြား သမိုင်းအစဉ်အဆက် သဘောကွဲလွဲမှု များ ရှိနေသည်ကို ကြည့်လျှင် ၎င်းတို့အား လက်နက်နှင့် စစ်သင်တန်းများ ပေးခဲ့ခြင်းသည် အာဏာသိမ်း အဖွဲ့ အရေးနိမ့် ပျောက် ကွယ်သွားပြီး နောက်တွင်ပင် အချင်းချင်း တိုက်ခိုက်အောင် ဖန်တီးပေးခဲ့သလို ဖြစ်သွားနိုင်ပေသည်။
(၆) နိုင်ငံတကာ မှ ဝိုင်းပယ်ခံထားရမှု ထပ်မံ တိုးမြှင့်ခြင်း
မြန်မာ စစ်တပ်၏ ပြန်တမ်းဝင် အရာရှိများ အထိ ဝိုင်းပယ်ထားမှု တိုးမြှင့် ပြုလုပ်ရမည် ဖြစ်သည်။ ထိုအထဲတွင် နိုင်ငံတကာမှ လက်နက်ရောင်းချမှု ပိတ်ပင်ရေး၊ပင်လယ်ရပ်ခြားတွင် ရှိသော စစ်တပ်ပိုင် ထုခွဲနိုင်သည့် ပစ္စည်း များ ထိန်းချုပ်ထားရေး၊ မြန်မာစစ်တပ်၏ အရာရှိမှန်သမျှ ခရီးသွားလာခွင့် ပိတ်ပင်ခြင်း၊ အာဏာသိမ်း အဖွဲ့၏ ခေါင်းဆောင်ကို တရားဥပဒေ ကြောင်းအရ အရေးယူ နိုင်ရန် လှုံ့ဆော်ပေးခြင်း တို့ ပါဝင်သည်။
မြန်မာအရေး ကျွမ်းကျင်သူဟု ထင်ရှားသည့် ဘာတန် လစ်တနာ ၏ မကြာသေးမီက ရေးသားသော ဆောင်းပါး တွင် ဘိုင်ဒင်အစိုးရနှင့် အခြားနိုင်ငံများမှ အကောင်အထည် ဖေါ်နေကြသည့် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု များထက် စစ်ခေါင်းဆောင်များကို အရေးယူရန် Extraterritorial Jurisdiction (EJT) ခေါ် အစိုးရတဖွဲ့ မှ နယ်ခြား ဖြတ်ကျော် အရေးယူပိုင်ခွင့် ကို ကျင့်သုံးရန် ဖြစ်သည်။ EJT အရ သက်ဆိုင်ရာ နိုင်ငံတွင်းရှိ တရားရုံးအား ၎င်းတို့ အလိုရှိနေသူ အား အရေးယူ ပေးရန် အာဏာစက် ဖြင့် ပြောဆိုပိုင်ခွင့် ရှိနေသည်။
လုံခြုံရေး ကောင်စီတွင် မြန်မာအား လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ရေး အဆိုကို တရုတ်နှင့် ရုရှားတို့က ပိတ်ဆို့ခဲ့ကြသည်။ ထို့အတွက် ကုလ အထွေထွေ ညီလာခံမှ ထိုအရေးကို တောင်းဆိုမည့် အဆို ချမှတ်ရန် စဉ်းစားလျှက် ရှိနေပြီး ဘိုင်ဒင် အစိုးရကလည်း ထောက်ခံမှု ပေးထားသည်။ သို့သော် ကုလ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်သည် မဖြစ်မနေ လိုက်နာ ဆောင်ရွက်ရန် မလိုပေ။
သို့ပေသည့် ဘိုင်ဒင် အစိုးရအနေဖြင့် မြန်မာ စစ်တပ်အား ဝိုင်းပြီးကျဉ် ထားနိုင်ရန် အခြား နိုင်ငံများကို သွယ်ဝိုက် ဖိအားပေး၍ ရနေသည်။ ဥပမာ အားဖြင့် အခြား နိုင်ငံများကို ပေးနေသော စစ်ရေး နှင့် လေ့ကျင့်ပေးမှုများကို မြန်မာ စစ်တပ်နှင့် အဆက်အသွယ် ဖြတ်မှုအပေါ် စည်းကမ်းချက် သတ်မှတ်ပြီး ပြုလုပ်နိုင်သည်။တဖန် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ မြန်မာ စစ်တပ်ပိုင် ငွေစာရင်းများမှ လွှဲပြောင်းပေးမှု၊ ထည့်ဝင်မှုများ အတွက် အမေရိကန် ပိုင် ဘဏ်များကို ပိတ်ပင်နိုင်ပြီး အလားတူ နိုင်ငံခြား ဘဏ္ဍာရေး အဖွဲ့များကိုလည်း ကန့်သတ်နိုင်သည်။
အလွယ်ကူဆုံး ဥပမာ အဖြစ် ပြရမည် ဆိုက လက်ရှိ အီရန် နိုင်ငံ နှင့် ပတ်သက်၍ ချမှတ်ထားသော တားဆီး ပိတ်ဆို့မှုများပင် ဖြစ်သည်။ ထိုကဲ့သို့ အစီအမံများက မြန်မာနိုင်ငံ အတွင်းရှိ အတိုက်အခံများ၏ မျှော်လင့် ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိခဲ့လျှင်တောင်မှ ဘိုင်ဒင် အစိုးရနှင့် ကွန်ဂရက် အတွက် ဆွဲဆောင်စရာ ဖြစ်နေရပေသည်။
(Michael F. Martin မှ အမေရိကန် Foreign Policy Magazine ကြီးတွင် “Myanmar Opposition Wants U.S Intervention. Here Are Some Options” ခေါင်းစဉ်ဖြင့် ရေးသားသည်ကို ပြန်လည် တင်ပြခြင်း ဖြစ်သည်။ အဆိုပါ မဂ္ဂဇင်းကြီးအား အမေရိကန် တွေးခေါ်မျှော်မြင်ရေး အဖွဲ့ Think Tank ပုံစံမျိုးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။)
အရေးတော်ပုံ အောင်ရမည်!!!