အာဆီယံဥက္ကဌရဲ့ ထုတ်ပြန်ကြေညာချက်ကို ရုတ်တရက်ကြည့်လိုက်ရင် အာဆီယံအဆင့်အတန်းအရ မဆိုးဘူးဟလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ သူ့အရင်က ထုတ်ပြန်ခဲ့တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက ထုတ်ပြန်ချက်လောက်တောင် မပြင်းထန်တော့ဘံ လေသံလျော့သွားတာ သတိပြုဖို့လိုပါတယ်။ အင်ဒိုနီးရှားသမ္မတထုတ်ပြန်ချက်မှာ လက်ရှိအခြေအနေကို လုံးဝလက်ခံနိုင်စရာမရှိဘူးလို့ ပြောထားပေမဲ့ အဖွဲ့ကိုယ်စားထုတ်ပြန်ချက်မှာ လက်သုံးစကားဖြစ်တဲ့ “အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း” ဆိုတဲ့စကားလောက်အထိ လေသံပျော့သွားတယ်။
တောင်းဆိုချက် (၅) ချက်မှာ ပထမတောင်းထားတဲ့အချက်ဖြစ်တဲ့ သက်ဆိုင်တဲ့သူတွေအားလုံးက အကြမ်းဖက်မှုတွေကို အစွမ်းကုန် တားဆီးဖို့ပြောနေတာကစပြီး လွဲနေပါပြီ။ အကြမ်းဖက်နေတာ ဘယ်သူတွေလဲ။ ဘယ်သူတွေ သတ်နေ ဖမ်းနေ နှိပ်စက်နေတာလဲ။ အကြမ်းဖက်ခံနေရတာ ပြည်သူတွေပါ။ အကြမ်းဖက်မှုမကျူးလွန်တဲ့ပြည်သူတွေကို အကြမ်းမဖက်အောင်ပြောစရာလိုလို့လား။
တောင်းဆိုချက်တွေထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ပြန်လွှတ်ပေးဖို့ မပါလာတော့ပြန်ပါဘူး။ ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံးနဲ့တွေ့ဆုံကြဖို့ပြောထားပေမဲ့ ပါဝင်သက်ဆိုင်သူတွေကို ဆက်လက်ဖမ်းဆီးထားရာက ပြန်လွှတ်ပေးဖို့မတောင်းဆိုတာဟာ သဘာဝမကျပါဘူး။
တောင်းဆိုချက်တွေက အစည်းအဝေးတက်လာတဲ့ စစ်အုပ်စုခေါင်းဆောင်ကဆီကနေ တိတိကျကျ တုန့်ပြန်ချက်ရအောင် မယူနိုင်ခဲ့ပါဘူး။ တောင်းတာက ငါတို့တာဝန် လုပ်တာမလုပ်တာက သူ့တာဝန်ဆိုပြီး တာဝန်ကျေယုံသက်သက်လုပ်လို့မရပါဘူး။ ဒီလိုအချက်တွေကို လိုက်လျောဖို့ဆိုတဲ့စကားရအောင်လုပ်ဆောင်ဖို့ အခွင့်အလမ်းကို ဆုံးရူံးခဲ့ပါတယ်။ မတန်ပါဘူး။
နောက်ထပ်စိုးရိမ်စရာတခုက တောင်းဆိုချက်တွေကို ဘယ်အချိန်ကာလအတွင်းမှာ လုပ်ဆောင်ရမလဲဆိုတဲ့ တိုင်းတာလို့ရတဲ့အချက်မပါတာဖြစ်ပါတယ်။ စစ်အုပ်စုကြိုက်သလို အချိန်ဆွဲနိုင်ပါတယ်။ ပျားရည်နဲ့ ဝမ်းချသလို အကြောင်းပြနိုင်ပါတယ်။ ဘယ်အချိန်ထိလဲ၊ လူတွေဘယ်လောက်သေပေးရအုန်းမှာလဲ။ တော်တော်ကြောက်စရာကောင်းလှပါတယ်။
နောက်ဆုံးတချက်က တရားဝင်မှုအပိုင်းပါ။ နိုင်ငံအားလုံးရဲ့ သဘောတူညီဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်ပါတယ်ဆိုတဲ့အချက်က အန္တရာယ်ကြီးပါတယ်။ မြန်မာနိုင်ငံကို လက်ရှိကိုယ်စားပြုနိုင်တာ ရွေးကောက်ပွဲရလာဒ်ကို ကိုယ်စားပြုပြီးဖွဲ့ခဲ့တဲ့ CRPHရယ် သူတို့ကနေတာဝန်ပေးဖွဲ့စည်းခဲ့တဲ့ NUG ရယ်ဖြစ်ပါတယ်။ စစ်အုပ်စုခေါင်းဆောင်က အစိုးရကိုယ်စားလှယ်မဟုတ်ပါဘူး။ ပြည်သူတွေထောက်ခံလျက်ရှိတဲ့ပြည်သူ့အစိုးရကို ဖိတ်ကြားတိုင်ပင်ခြင်းမရှိဘဲ နိုင်ငံအားလုံးရဲ့ သဘောတူညီဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်တယ်ဆိုတာ စစ်အုပ်စုခေါင်းဆောင်ကို အစိုးရအဖြစ် အသိအမှတ်ပြုရာရောက်တယ်ဆိုတာ အထူးသတိပြုဖို့လိုပါတယ်။
ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူ ကို ခရစ်ဒစ်ပေးပါသည်။ Photo – Credit