စစ်အာဏာရှင်တွေ လက်အောက်မှာ ဗမာ မဟုတ်တဲ့ လူနည်းစု (သို့) ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူနည်းစုတွေ ဘယ်လိုနေခဲ့ကြလဲဆိုတာ ကိုယ်တိုင် နာဂဒေသမှာ ၈ လ ကျော် ၉လ နေခဲ့မှ ထဲထဲ ဝင်ဝင်သိခဲ့ရတယ်။ အရင်တုန်းက မသိဘူးလားလို့ မေးရင် မသိတာတော့မဟုတ်ဘူး သိတော့ သိတယ် ဒီလောက်ဆိုးရွားမယ်လို့မထင်ခဲ့တာ။
ပထမဆုံး နာဂဒေသဆိုတာ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားတဲ့ ဒေသတွေထဲက တစ်ခု။ စစ်ကိုင်းတိုင်းမှာရှိတယ်။ နာဂ လူမျိုးဆိုတာ က ခြုံပြီးခေါ်လိုက်တာ။ သူ့ထဲမှာ မှ လူမျိုးကွဲက ၆မျိုးလောက်ထပ်ရှိသေးတယ်။ တန်ကွန်၊ ပါရာ၊ ကူကီး ၊ လုံဖုရိ ၊ မကူရီ ၊ ခင်ညိုဟန်။ နာဂဒေသ ထဲမှာ နာဂ လူမျိုးအပြင် ကူကီးချင်းတွေလဲ ရှိတယ်။ ကိုယ်သွားရတဲ့ ရွာ ၃၁ ရွာမှာ အပေါ်က ပြောတဲ့ လူမျိူးပေါင်းစုံနဲ့ ထိတွေ့ခွင့်ရခဲ့တယ်။ ဆေးကုခွင့်ရခဲ့တယ်။ စကားပြောခွင့်ရခဲ့တယ်။
နာဂဒေသမှာ အများစုကိုးကွယ်တဲ့ ဘာသာကတော့ ခရစ်ယာန်ဘာသာ။ ဂိုဏ်းတွေကတော့ အများကြီးပဲ။ နတ်ကိုးကွယ်တာကတော့ ရှားသွားပြီး။ လေရှီးမြို့ပေါ်မှာ ၆၇ ရွာရှိတာ ဗုဒ္ဓဘာသာကို ရွာလုံးကျွတ်ကိုးကွယ်တာ ၁ ရွာပဲရှိတယ်။ ကျန်တာက ခရစ်ယာန်။ ဒီမှာ စစ်တပ်က ဝင်စွက်ဖက်ပါပြီ။
စစ်အာဏာရှင်လက်ထက် အရင်တုန်းက ဘယ်လောက်ဆိုးလဲဆိုရင် ရွာတွေအကုန်က ခရစ်ယာန်ပါ။ အဲ့တော့ စစ်တပ်က ဘာလုပ်လဲဆိုရင် လက်နက် အားကိုးနဲ့ သာသနာပြုပါတယ်။ ရှက်ဖို့လဲကောင်းပါတယ်။ လက်နက်သာသနာပြု။ ရွာတွေဝင်တယ် ။ လက်နက်နဲ့ခြိမ်းခြောက်တယ်။ ဘာသာပြောင်းမလားမပြောင်းဘူးလား။ မပြောင်းရင်သတ်မယ်။ တကယ်လဲသတ်ခဲ့တယ်။ အဲ့လို စစ်တပ်က တောင်တန်းသာသနာပြုခဲ့တာပါ။ ဗုဒ္ဓရဲ့ မေတ္တာတရားလက်ကိုင်ထားတဲ့ တရားဟာ စစ်တပ်ကြောင့်အမဲရောင်တွေစွန်းခဲ့ပါတယ်။
နောက်တစ်ခုက စစ်တပ်က ဘယ်လိုထပ်ပြီး သာသနာပြုလဲဆိုရင် နယ်စပ်တောင်တန်းဒေသတွေမှာ နယ်စပ်ဖွံ့ဖြိုးရေးကျောင်းတွေရှိပါတယ်။ အတိုခေါ်ရင် နတလ လို့ခေါ်ကြပါတယ်။ နတလ က ဘာတွေလုပ်ပေးလဲဆိုရင် ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကျောင်းထားပေးပါတယ်။ အထက်တန်းအောင်တဲ့အထိပေါ့။ တောင်ပေါ်ဒေသ က သူတွေက ဆင်းရဲပါတယ်။ အစားအသောက်က မဆင်းရဲပါဘူး။ ပညာဗဟုသုတ ဆင်းရဲတာပါ။ အဲ့တော့ ပညာသင်ချင်ကြပါတယ်။ ကိုယ့်ရဲ့သားသမီးတွေကို အာမခံချက်ရှိတဲ့ အစိုးရဝန်ထမ်းဖြစ်စေချင်ကြပါတယ်။ ဒါကို စစ်အာဏာရှင်တွေက အခွင့်ကောင်းယူပြီး ပညာသင်ချင်ရင် သင်ပေးမယ်။ မိသားစုလိုက် ဘာသာပြောင်း။ အစိုးရဝန်ထမ်းလုပ်ချင်လား ဘာသာပြောင်း။ အဲ့လိုသာသနာပြုခဲ့တဲ့ သူတွေပါ။
ဘာသာရေးပြီးရင် ပေါ်တာဆွဲတာပါ။ သိန်းစိန်အစိုးရမတိုင်ခင်ထိ စစ်တပ်က နာဂမှာ ပေါ်တာဆွဲ အထမ်းခေါ် နှိပ်စက်ခဲ့တာပါ။ နှိပ်စက်ပုံတွေတော့မပြောတော့ပါဘူး။
ကိုယ်တွေဘက်က နာဂဒေသကသာ ဆင်းရဲနေတာ သူတို့ရဲ့ ညီအစ်ကိုတွေ ရှိတဲ့ အိန္ဒိယက Naga Land ကတော့ ရန်ကုန်နီးနီးဖွံ့ဖြိုးနေပါပြီ။ လွတ်လပ်ရေးမပေးမီ တုန်းက Free Naga Land အဖြစ်ရှိခဲ့တဲ့နာဂမြေ ကို အင်္ဂလိပ်က အိန္ဒိယနဲ့ မြန်မာကို လွတ်လပ်ရေးပေးတော့ ခွဲခြမ်းပေးတုန်းက လူနေမှုအဆင့်အတန်းအတူတူဖြစ်ခဲ့တဲ့ နာဂမြေက အခုတော့ အတော်ကိုကွာခြားခဲ့ပါပြီ။
စစ်တပ်က ဒီလိုတွေလုပ်ခဲ့တော့ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဆို တိုင်းရင်းသားအများစုက ရွံရှာမုန်းတီးနေတာမဆန်းပါဘူး။ တိုင်းရင်းသားအကုန်လုံးက အာဏာရှင်လက်ကလွတ်ပြီး လွတ်လပ်တဲ့ဒီမိုကရေစီကို ခံစားရတဲ့ နှစ်က လက်ချိုးရေလို့တောင်မရသေးပါဘူး။
ဒီတိုက်ပွဲက တော့ အားလုံး အတွက် Once and for all အတွက်တိုက်ပွဲပါ။ နိုင်ကိုနိုင်ရပါမည်။
ဆိုရှယ်မီဒီယာပေါ်တွင် ဝေမျှထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါသည်။