ဆန္ဒပြလူထုကို ချေမှုန်းတိုက်ခိုက်ရာတွင် ပိုမိုရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အာဏာသိမ်းစစ်ကောင်စီက အသုံးပြုလာသည်
အာဏာသိမ်းသည့် ၉ ရက်မြောက်နေ့တွင် နေပြည်တော်မှ ဆန္ဒပြလူထုကို ရဲဝတ်စုံဝတ်ထားသည့် လက်နက်ကိုင်များက ပစ်ခတ်ရာ အသက် (၂၀) အရွယ် မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်ထိပြီး ရက်အတန်ကြာတွင် ကွယ်လွန်ခဲ့သည်။
ထိုအချိန်က မြို့အများအပြားတွင် ဆန္ဒပြသူတို့ကို စည်းသုံးစည်းတား၍ ရင်ဆိုင်လူစုခွဲသည့် နည်းလမ်းဟောင်းကိုသာ စစ်ကောင်စီတပ်များက သုံးခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က မန္တလေးမြို့ ဘဏ် (၁) ရှေ့ ဆန္ဒပြမှုကို လေသေနတ်၊ လေးခွတို့ဖြင့် ပစ်ခတ်ဖြိုခွင်းရာ အွန်လိုင်းလူမှုကွန်ရက်နှင့် သတင်းမီဒီယာများတွင် ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့ကြသည်။
နောက်ပိုင်းရက်များတွင်မူ စစ်ကောင်စီတပ်များသည် ဆန္ဒပြသူတို့ကို လူစုကွဲသွားစေရုံသာမက ပစ်သတ်ခြင်း၊ လုယက်ဖျက်ဆီးခြင်းနှင့် အကြောက်တရားကြီးစိုးစေသည့် လုပ်ရပ်များကို ဆက်တိုက်လုပ်ကိုင်လာကြသည်။
လူထုခံစစ်များ
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများသည် နိုင်ငံအနှံ့အပြားတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့နောက်ပိုင်း ပိုမိုအားကောင်းလာပြီးနောက် အဓိကရုဏ်းနှိမ်နင်းရေးရဲများဘေးတွင် စစ်သားများကိုလည်း တွေ့လာရသည်။
ပစ်သတ်ခံရမှု များလာသည်နှင့်အမျှ ရန်ကုန်ဆန္ဒပြသူတို့က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် အတားအဆီးခံစစ်များ စတင်လုပ်ဆောင်ကြသည်။ ခံစစ်အတွက် သုံးကြသည့် အမှိုက်ပုံးများ၊ ကွန်ကရစ်ဘလောက်တုံးများ၊ သံတခါးအဟောင်းများ၊ ထိုင်ခုံအဟောင်းများ၊ သစ်ကိုင်းများသည် သေနတ်သမားတို့ကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်သည်ဟု ရန်ကုန်ဆန္ဒပြပွဲများတွင် ပါဝင်နေသူ ကိုမင်းကျော်က ပြောသည်။
“အတားအဆီးတွေက သုံး၊ လေးဆင့်လောက် လုပ်ထားတော့ စစ်တပ်နဲ့ ရဲက ဆန္ဒပြလူထုဆီကို ချက်ခြင်းရောက်မလာနိုင်ဘူး။ လူစုခွဲချိန်၊ ပုန်းအောင်းချိန် ပိုရတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ခုခံကာကွယ်နိုင်တဲ့ အခွင့်အရေးလည်း ရတယ်” ဟု ကိုမင်းကျော်က ပြောသည်။
အရံအတားများကြောင့် ဖမ်းဆီးခံရမှု၊ ထိခိုက်ကျဆုံးမှုတို့ လျှော့ချနိုင်ခဲ့သည်ဟု သူက ယူဆသည်။
Army_2.Jpg
စစ်ကောင်စီလက်နက်ကိုင်များက ဆန္ဒပြသပိတ်များအား အင်အားသုံးဖြိုခွင်းနေစဉ်။ (ဓာတ်ပုံ- Myanmar Now)
စစ်ကောင်စီလက်နက်ကိုင်များက ဆန္ဒပြသပိတ်များအား အင်အားသုံးဖြိုခွင်းနေစဉ်။ (ဓာတ်ပုံ- Myanmar Now)
မတ်လ ၁ ရက်နေ့မှစတင်ကာ စစ်တပ်ပါဝင်လာပြီး စစ်တပ်နှင့် ရဲ နှစ်ဖက်ပိတ်၍ ဆန္ဒပြပြည်သူများကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးကြသည်ကို တွေ့ရသည်။
ကိုမင်းကျော်ကလည်း မတ်လလယ်ပိုင်းတွင် စစ်သားအရေအတွက် ပိုများလာကြောင်း၊ မျက်ရည်ယိုဗုံး အသုံးပြုမှုနည်းလာကြောင်း ပြောသည်။
“ပထမဆုံး အသံကျည် တစ်ချက်၊ နှစ်ချက်ဖောက်တယ်။ ရာဘာကျည်တွေနဲ့ ပစ်တယ်။ ရာဘာကျည်ကြားထဲမှာမှ ကျည်အစစ်ကို ညှပ်ပစ်တယ်။ မိုးပေါ်ထောင်ပစ်တာ မဟုတ်ဘူး။ လူအုပ်ကြားထဲကို ပစ်တာ” ဟု ကိုမင်းကျော်က ပြောသည်။
ရန်ကုန်တွင် ကျည်အစစ်ဖြင့် စတင်ဖြိုခွဲခံရသည့် လေ့လာသူတချို့ ယူဆကြသည့် ဖေဖော်ဝါရီ ၂၈ တွင် လှည်းတန်းဆန္ဒပြမှုအတွက် ပြည်သူများ လမ်းပေါ်တွင် အတားအဆီးပြုလုပ်သည့် နံနက်ပိုင်းမှာပင် အင်အား ၃၀ ကျော်ခန့်ရှိသော ရဲများက ပစ်ခတ်ကာ အတားအဆီးများဖယ်ရှားပြီး လိုက်လံဖမ်းဆီးကြသည်။ ထို့နောက် ပြန်လည်ဆုတ်ခွာသွားပြီး ဆန္ဒပြလူထုကို ထပ်မံရင်ဆိုင်ရန်အတွက် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
သုံး၊ လေးကြိမ်ခန့် ထိုသို့ဖြိုခွင်းခဲ့ပြီးနောက်တွင် ကျည်အစစ်ဖြင့် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့ရာ ကိုညီညီအောင်ထက်နိုင်အပါအဝင် ၂ ဦး ကျဆုံးခဲ့သည်။
ရန်ကုန်တွင် ဆန္ဒပြပြည်သူများကို ကမ္ဘာပျက်သည့်အလား အရက်စက်ဆုံးဖြိုခွင်းမှုများမှာ မတ်လ ၃ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်၌ စတင်ခဲ့သည်။ ထိုနေ့က နံနက်ခင်းမှ ညဉ့်နက်ချိန်ထိတိုင် စစ်ကောင်စီတပ်များက ဆန္ဒပြသူများ၊ လမ်းသွားလမ်းလာများကို တရစပ်ပစ်ခတ်ကြကြောင်း ကြုံတွေ့ခဲ့ရသူများက ပြောသည်။ သေဆုံးသူ ၂၀ ကျော် ရှိခဲ့ပြီး Myanmar Now က ၁၀ ဦး အတည်ပြုနိုင်ခဲ့သည်။
မတ်လလယ်ပိုင်းတွင် ဆန္ဒပြမှုအားကောင်းသော ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ရက်ရက်စက် ပစ်ခတ်ဖြိုခွင်းရာ အဆိုပါ ၆ မြို့နယ်တွင် သေဆုံးသူစုစုပေါင်း ခန့်မှန်းခြေ ၁၂၀ ကျော်ရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
ဆန္ဒပြသူတို့ နောက်စေ့နှင့် နောက်ကျော ပစ်ခတ်ခံရဖွယ်ရှိသည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ပြောဆိုပြီး နောက်တစ်နေ့ မတ် ၂၇ တွင် အမှန်တကယ်ပစ်ခတ်ရာ အနယ်နယ်အရပ်ရပ်မှ ဆန္ဒပြသူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ၁၁ ဦး ပါဝင်သည်။
ဖြိုခွင်းနှိမ်နင်းရေးလက်နက်များ
မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်ထိ ကျဆုံးခဲ့သည့် နေပြည်တော်ပစ်ခတ်မှုတွင် အစ္စရေးနိုင်ငံထုတ် အူစီပုံစံတူ MA-13 သေနတ်ကို ရဲမှူးတစ်ဦး၏ လက်တွင် တွေ့ရပြီး ၉မမ ကျည်အသုံးပြုပစ်ခတ်သည်။ မန္တလေးကမ်းနားလမ်းနှင့် စိန်ပိန်းရပ် ပစ်ခတ်မှုများတွင် စစ်တပ်က 5.56 နေတိုးကျည်ထည့်ရသည့် MA-1 MA-2 သေနတ်များ အသုံးပြုခဲ့သည်။ စစ်သားတချို့က 7.62 နေတိုးကျည်ထည့်ရသည့် MAS စနိုက်ဘာအမျိုးအစား ကိုင်ထားကြောင်း အွန်လိုင်းရုပ်သံ Myanmar Gun Channel မှ လက်နက်ကျွမ်းကျင်သူ ကိုသူရက ဆန္ဒပြပွဲဖြိုခွင်းမှု မှတ်တမ်းဓာတ်ပုံများကို လေ့လာပြီး Mizzima သတင်းဌာနကို ပြောသည်။
စစ်မြေပြင်သုံး လက်ပစ်ဗုံးသည်လည်း ဆန္ဒပြသူတို့ကို ချေမှုန်းရာတွင် သုံးသည့်လက်နက် ဖြစ်လာသည်။
မတ် ၂၇ တာမွေဆန္ဒပြမှုတွင် မောင်ရှိုင်းထက်အောင်သေဆုံးမှု၊ မတ် ၂၈ လှိုင်မြို့နယ်မှ အမျိုးသားတစ်ဦး ဘယ်ဘက်လက်ကောက်ဝတ် ပြတ်တောက်သွားမှုတို့သည် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မှ မျက်မြင်သက်သေတို့က ပြောသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဆန္ဒပြသူတို့က မတ် ၂၉ ရက်နေ့က သဲအိတ် အရံအတားများဖြင့် အံတုနေစဉ် ပေါက်ကွဲမှုပြင်းထန်သော လက်နက်ဖြင့် တိုက်ခိုက်ခံရသဖြင့် သဲအိတ်များ ပျက်စီးသည်အထိ ဖြစ်ခဲ့ရသည်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကဲ့သို့သော အမဲလိုက်သေနတ်များသုံးသည့် ဒေသခံတချို့ရှိသော မြို့များတွင် နှိပ်ကွပ်မှု ပိုမိုပြင်းထန်နေသည်။
ဧပြီ ၄ ကလည်း မန္တလေးမြို့၊ ၅၃ လမ်း မနော်ဟရီလမ်းအနီး နွေဦးတော်လှန်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးရေးထိုးထားသူတစ်ဦး၏ လက်ကို စစ်ကောင်စီလက်နက်ကိုင်များက ကားတာယာ မီးမြှိုက်ပြီး တက်တူးကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။
သပိတ်စခန်းတို့ကိုသာ အလစ်အငိုက် ဝင်တိုက်ခြင်းမဟုတ်ပေ၊ မြို့အသီးသီးရှိ ဆန္ဒပြသူတို့ကို ဖမ်းဆီးလျှင်လည်း အငိုက်မိအောင် ဦးစွာလုပ်တတ်ကြသည်။
ဆန္ဒပြပွဲသူများအနီးသို့ အရပ်ဝတ်ဖြင့် ချည်းကပ်ခြင်း၊ လူနာတင်ယာဉ်များဖြင့် ရောက်လာခြင်းတို့မှာ အလစ်အငိုက် ဖမ်းဆီးရလွယ်ကူစေရန် လုပ်ဆောင်သည့် နည်းလမ်းတချို့ ဖြစ်သည်။
အရပ်သားတို့၏ မော်တော်ယာဉ်များကို လုယူ၊ သိမ်းယူကာ ထိုယာဉ်များဖြင့် လိုက်လံဖမ်းဆီးလေ့ရှိသည်။
မတ် ၂၇ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဆိုင်ကယ်မောင်းလာသူကို ပစ်သတ်လိုက်သူတို့မှာ အရပ်ဘက်သုံးကားပေါ်မှ လက်နက်ကိုင်များဖြစ်နေသည်။ CCTV ရုပ်သံမှတ်တမ်းရှိသော်လည်း စစ်ဆေးရုံက ထုတ်ပေးသည့် ဆေးစာတွင်မူ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသေဆုံးမှုဟု ဖော်ပြထားသည်။
စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်နေမှုကြောင့် ကျဆုံးသူ အရပ်သားအရေအတွက်သည် ဧပြီ ၇ အထိ ၆၁၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။
CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် စစ်ကောင်စီပြောခွင့်အရာရှိက သေဆုံးမှုအရေအတွက်မှာ ရဲ ၁၀ ဦး၊ စစ်သား ၆ ဦး အပါအဝင် စုစုပေါင်း ၂၄၈ ဦးသာ ရှိသည်ဟု ပြောခဲ့သည်။
မကွေးမှ ၂၂ နှစ် အရွယ် မြို့ပြအင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်သည် မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ဆန္ဒပြနေချိန်တွင် ဗုံးဒဏ်ကြောင့် ညာလက်ပြတ်သွားရာ စစ်သားနှင့် ရဲများက လမ်းပေါ်တွင်ပင် ပြင်းပြင်းထန်ထန် ဝိုင်းဝန်းနှိပ်စက် ကန်ကျောက်ကြသည်။
ဆန္ဒပြပွဲများကို စစ်တပ်နှင့် ရဲတို့ ကိုင်တွယ်ပုံသည် ဥပဒေနှင့်မညီကြောင်း CDM ပြုလုပ်နေသည့် ကျိုက်မရောမြို့မရဲစခန်းမှ ဒုရဲအုပ်သန်းထိုက်က Myanmar Now ကို ပြောသည်။
“ကျင့်ထုံးဥပဒေမှာ ပြဌာန်းထားတဲ့ လူစုလူဝေးဖြိုခွဲတဲ့အခါကျရင် သုံးတဲ့ကျင့်ထုံးပုံပေါ့။ အဲ့ဒါတွေနဲ့ အညီမရှိဘူး။ နောက်တစ်ချက် ရာဇသတ်ကြီးဥပဒေနဲ့လည်း မညီဘူး။ သေနတ်နဲ့လိုက်ပစ်တယ်။ တုတ်နဲ့လိုက်ရိုက်တယ်။ ဒါတွေက ဥပဒေမှာလည်း မပြဌာန်းထားဘူး” ဟု ပြောသည်။
ပြည်သူများ လမ်းပေါ်ထွက်မလာစေရန် အကြမ်းဖက်နှိမ်နင်းနေခြင်းဖြစ်ကြောင်း ဒုရဲအုပ်သန်းထိုက်က ပြောသည်။
အထက်အရာရှိများက နေ့ရောညပါ ခိုင်းစေခြင်း၊ အစားအစာနှင့် ရေကိုပင် စီစဉ်ထောက်ပံ့ပေးမှု မရှိသောကြောင့် စစ်သားနှင့် ရဲများ စိတ်တိုနေကြပြီးဖြစ်ကြောင်း၊ ထိုအခြေအနေမျိုးတွင် ဆန္ဒပြပြည်သူများကို ကြမ်းကြမ်းတမ်းတမ်း ပြုလုပ်လာစေရေးအတွက် ညွှန်ကြားတိုက်တွန်းရန် အထူးမလိုအပ်တော့ကြောင်း လေ့လာသူတချို့က ပြောသည်။
ရဲအုပ်သန်းထိုက်ကလည်း အလားတူ ယူဆသည်။
“ဆန္ဒပြပြည်သူတွေကို စိတ်ထွက်ပေါက်အနေနဲ့ လိုတာထက်ပိုပြီး ကြမ်းတမ်းဆဲဆိုတာတွေ လုပ်နေတာပဲ။ လုပ်တဲ့သူမှာလည်း အပြစ်ရှိတယ်။ စေခိုင်းတဲ့သူမှာလည်း အပြစ်ရှိတယ်။ ဆန္ဒပြတယ်ဆိုတာ ပြစ်မှုကျုးလွန်နေတာ မဟုတ်ဘူး။ လူသတ်ပြပြီး အကြောက်တရားနဲ့ ငြိမ်အောင်ထိန်းတာပါပဲ”ဟု ၎င်းက ပြောသည်။
လမ်းပေါ်တွင် ဆန့်ကျင်ကန့်ကွက်ရုံမျှဖြင့် သေဆုံးသည်အထိ မလုပ်သင့်ကြောင်း၊ ဖမ်းပြီးသတ်ဖြတ်သည့် ဖြစ်ရပ်များပင် ရှိလာကြောင်း ရဲအုပ်သန်းထိုက်က ပြောသည်။
စစ်ကောင်စီက လူမဆန်သည့်လုပ်ရပ်များ ကျူးလွန်နေသော်လည်း ပြည်သူလူထုသည် အာဏာသိမ်းမှုကို ဆန့်ကျင်လိုခြင်း၊ ဒီမိုကရေစီနည်းဖြင့် အုပ်ချုပ်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်စေလိုခြင်း စသည့် စိတ်ဆန္ဒများကြောင့် နည်းမျိုးစုံဖြင့် ဆက်လက်အံတုနေကြလေသည်။
Source – Myanmar NOW ( https://www.myanmar-now.org/mm/news/6446 )