မနေ့ကဖြစ်စဉ်တွေပြီးတော့ လိုင်းပေါ်မှာပဲ အချိန်ပြည့်ရှိနေသူတွေပိုပြီး စိတ်ဒဏ်ရာရသွားပါတယ်။ (အဲ့ဒါကြောင့်လည်း လိုင်းပေါ်မှာမနေဘဲ မြေပြင်ကိုဆင်းခဲ့ရင် ရှင်သန်ခြင်းကိုသိမယ်ဆိုပြီး ပို့စ်တွေနဲ့ ပြန်အားပေးကြတာလည်းရှိတယ်) ။ အချိန်ရရင်တော့ ကိုယ်သုံးသပ်မိသလောက်ကို ဖတ်ပြီး ပြန်စဉ်းစားကြည့်စေချင်တယ်။
မတ် (၂၇) တော်လှန်ရေးနေ့မှာဘာတွေဖြစ်ခဲ့လဲ
ရုတ်တရက်ကြည့်လိုက်ရင် ကိုယ့်လူတွေကျဆုံးသွားတာကိုပဲမြင်ရပြီး ဟိုဘက်ကလူတွေကတော့ ညစာစားပွဲတွေကျင်းပနေတယ်..ဆွမ်းကပ်နေကြတယ်ပေါ့။ ဒါဟာ သူတို့ရဲ့ စိတ်တိုက်ကွက်ပါပဲ။
အဲ့ဒီအချိန်မှာ ကိုယ်တိုင်လျှောက်နေတဲ့လမ်းကို သံသယဖြစ်လာမယ်။
အဲ့ဒီလိုဖြစ်လာအောင်လည်း အချိန်ကိုက်ပဲ ဟိုဘက်က ပို့စ်တွေတင်မယ်၊ သူ့လူကိုယ့်ဘက်သားပုံစံနဲ့ ငါတို့လုပ်နေတာတွေ မှားနေပြီလို့ ပြောမယ်။ တကယ်အလုပ်လုပ်နေတဲ့ CRPH နဲ့ Dr Sa Sa တို့လိုလူမျိုးတွေကို လေလှိုင်းပေါ်မှာပဲနေတယ်၊ တာဝန်ယူနိုင်တာမရှိဘူးလို့ ပုံဖျက်တဲ့စာတွေတင်လာမယ်။
အရက်စက်ဆုံးလူသားမဆန်မှုတွေလုပ်ပြလိုက်ပေမဲ့ ကိုယ်တွေဘက်က ဘာမှအများကြီးသူတို့ကို ထိခိုက်အောင်မလုပ်လိုက်နိုင်ခဲ့ဘူး။ သူတို့ကတော့ ပန်းပန်လျက်ပဲဆိုတဲ့ ပုံမျိုးလုပ်ထားတာပါ။ မင်းတို့ငြိမ်ငြိမ်နေ၊ ကျားသနားမှပဲနွားချမ်းသာမှာဆိုတဲ့ အချိုးမျိုးနဲ့ လူတွေကို တောရိုင်းဥပဒေဆန်ဆန် အုပ်ချုပ်ပြီး စိတ်ပျက်အားလျော့ အောင်လုပ်နေတာကို လုံးဝမမေ့နဲ့ ။
အခုဘာတွေဆက်လုပ်နေကြတာလဲ
False Hope ဖြစ်အောင်လုပ်တာမဟုတ်ပေမဲ့ အခုချိန်မှာ ကမ္ဘာပေါ်ကလူအများကြီးက မြန်မာနိုင်ငံ အကြောင်းကို တကယ်အရေးတယူ လုပ်ပေးနေတာပါ။
ကိုယ်တွေအားမရလို့ သွားဖိအားပေးပေးနေတဲ့ အမေရိကန်အစိုးရသစ်ဟာ မြန်မာပြည်အရေးကိုပဲ မကြာခဏပြောနေလို့ သူ့ပြည်သူတွေကတော့ ဝိုင်းဆဲနေပါပြီ။ UN ဆိုလည်း အတူတူပဲ… ကမ္ဘာပေါ်မှာရှိနေတဲ့ အရေးတကြီး ပြဿနာတွေအများကြီးကြားထဲကနေ မြန်မာပြည်အတွက် အထူးတလည်မကြာခဏစာထုတ်နေတာကြောင့် တခြား ဒုက္ခသည်နိုင်ငံတွေကတောင် သူတို့ကိုလည်း ကြည့်ပါဦးလို့တောင် ဝင်ပြောနေကြပါပြီ။ သူတို့တွေ မြန်မာ့အရေးကို တကယ်ပဲ အသင့်အနေအထားမှာ စောင့်နေတယ်။
ဒါအမှန်တရားပါ… ဒီလိုမျိုး မြန်မာပြည်အရေးကို ဦးစားပေးနေတာဟာ နိုင်ငံသားတွေက အားကြိုးမာန်တက် သတင်းပေးပို့တာကြောင့်ပါသလို ပြည်သူရွေးကောက်ထားကြောင်းထင်ရှားတဲ့ CRPH တို့ Dr SaSa တို့ ဦးကျော်မိုးထွန်းတို့လိုလူတွေကလည်း အမျိုးမျိုးသော သံတမန်နည်းနဲ့ရအောင် တွေ့ဆုံဆွေးနွေးပေးနေလို့ပါ။
တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အနစ်နာခံပြီး ရွာလုံးကျွတ်အပျက်ခံပြီး တိုက်ပွဲဝင်နေကြပါတယ်။ မြို့လယ်ခေါင်က ကိုယ်တို့တွေတော်လှန်မှု ရပ်တန့်လိုက်တဲ့နေ့မှာ အဲ့ဒီဒေသတွေဟာ ရွာလုံးကျွတ်သေကြလိမ့်မယ်။ လက်တွေ့မှာစစ်သည်အင်အားမလုံလောက်တာကြောင့် တိုက်တိုင်းကျနေတဲ့ ဖက်ဆစ်စခန်းတွေကို ဆက်မြင်ချင်သေးရင်၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ သူရဲကောင်းတွေကို မတရားအနိုင်ကျင့်တာ မမြင်ချင်ရင်၊ ဥပဒေမဲ့ အုပ်စိုးသွားမှာကို မခံနိုင်ရင် အာဏာဖီဆန်ခြင်းကို မဆုတ်မနစ်လုပ်နေရမှာပါပဲ။
တကယ့်အဖြစ်မှန်က ဘယ်လိုရှိလဲ
-တပ်မတော်နေ့အမည်ခံပွဲဟာ အရင်ကလိုတကယ်မအောင်မြင်ခဲ့ပါဘူး။ ဘယ်သံရုံးကမှလည်း အသိအမှတ်ပြု သဝဏ်လွှာမပို့ခဲ့ပါဘူး။
-မြန်မာနိုင်ငံမှာ သံရုံး (၄၂)ခု ရှိနေတဲ့အနက် နိုင်ငံ(၈)ခုက စစ်သံတွေကပဲ ဒီပွဲကိုလာတက်ခဲ့တာပါ။
(ဒီလူတွေကလည်းဘယ်လိုလူတွေဆိုတာသိပြီးသား)
-တိုင်းရင်းသားလက်နက်ကိုင်တွေကို အဲ့ဒီပွဲတက်ဖို့ မျက်နှာချိုသွေးဖိတ်ကြားခဲ့ပေမဲ့ တကယ့်အင်အားကြီးအဖွဲ့တွေက ငြင်းဆန်ခဲ့ပြီး အဲ့ဒီနေ့မနက်ပိုင်းမှာတင် KNU က သီးမူထာတပ်စခန်းကို ဝင်သိမ်းလိုက်ပါတယ်။
-သူတို့ဘယ်လိုပဲကြိုးစားကြိုးစား နိုင်ငံတကာမှာ စစ်တပ်တစ်ခုအဖြစ်မြင်နေသေးတာကလွဲရင် တရားဝင်အာဏာရှိသူအဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး
-ကျောက်မျက်ရတနာပြပွဲလုပ်ဖို့ကြိုးစားနေပေမဲ့ အခုထိအမည်စာရင်းပေးတဲ့ လုပ်ငန်းက ၂ ခုပဲရှိပါသေးတယ်
-အောက်ခြေမှာ ဥပဒေမဲ့ ရမ်းကားသမျှသက်သေတွေဟာ ကမ္ဘာ့ဥပဒေခုံရုံးကို သက်သေအဖြစ်ဆက်တိုက် ဝင်နေပါတယ်
-သူတို့ရဲ့မိသားစုဝင်တွေဟာ အခုချိန်ထိ social media ပေါ်မှာတောင် ပြန်ပေါ်မလာရဲပါဘူး၊ လူကြားထဲလည်း မလာရဲပါဘူး။ ရှင်လျက်သေနေကြပါပြီ။ (နိုင်ငံတကာရောက်နေရင်ပိုဆိုးနေပါတယ်)
တန်လို့လား
တန်ဖိုးရှိလှတဲ့ လူပေါင်းများစွာရဲ့ အသက်ကိုပေးရတဲ့အတွက် မတန်ဘူးလို့ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ခက်ခဲလေ တန်ဖိုးကြီးလေဆိုသလို ကိုယ်တို့ရလာမယ့် ဒီမိုကရေစီဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးမားဆုံး သင်ရိုးဖြစ်လာပါလိ့မ်မယ်။ အခုကိုပဲ နိုဘယ်လ်ဆုအတွက် နာမည်စာရင်းသွင်းနေကြပါပြီ။
ကိုယ်တို့ရဲ့သူရဲကောင်းတွေဟာဘယ်တော့မှ အမေ့လျော့ခံဖြစ်သွားမှာမဟုတ်ဘူး။ သူရဲကောင်းမိသားစုဝင်တွေဟာ တစ်သက်လုံးကိုယ်တို့ရဲ့ စံပြမိသားစုတွေဖြစ်နေကြမယ်၊ သူတို့တွေ အမြဲလူကြားထဲမှာ ရင်ကော့နိုင်အောင် စောင့်ရှောက်ထားကြမယ်။
တစ်ချိန်ကျရင် သူတို့အတွက် အမှတ်တရပြတိုက်တစ်ခုပါ လုပ်ပေးဖို့ ကြိုးစားသင့်ပါတယ်။
စာထုတ်တာအပြင် ဘာတွေဆက်ဖြစ်လာမှာလဲ
ကိုယ်တို့လူငယ်တွေသိပါတယ်၊ ကျောင်းသားသမဂ္ဂတစ်ခုအနေနဲ့ စာထုတ်ဖို့ဆိုရင်တောင် အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်တွေရဲ့ သဘောထားကို ကြည့်ရပါတယ်။ စာတစ်စောင်ရဲ့နောက်မှာ အဖွဲ့အစည်းနဲ့ သက်ဆိုင်သူတိုင်းရဲ့ တာဝန်ယူ၊တာဝန်ခံခြင်းတွေရှိရပါတယ်။
အဲ့ဒီတော့ စာထုတ်ပြီးတဲ့နောက်မှာ ဒီအဖွဲ့အစည်းအားလုံးဟာ ဒီစာရဲ့နောက်ဆက်တွဲ ကောင်းမွေဆိုးမွေကို တာဝန်ခံတာဖြစ်ပါတယ်။
လူတိုင်းသိပြီးသားထဲက ကြောက်စရာကောင်းလောက်အောင် ဖြစ်နေတာတွေအရင်ကြည့်ပါ
-CDM တွေ ဒီအချိန်ထိညီညွတ်နေတာ
-ဖက်ဒရယ်တပ်မတော်ဟာ ဒီလောက်ရက်တိုတိုနဲ့ ဒီအနေအထားရောက်လာတာ
-အာဏာသိမ်းပြီး နှစ်လပြည့်လုနီးနီးအထိ အာဏာမတည်နိုင်သေးတာ
-လက်နက်ကိုင်တိုင်းရင်းသားတွေက အပစ်အခတ်ရပ်စဲရေးကို အယုံအကြည်မရှိတော့တာ
– ပြည်မနဲ့တောင်တန်းအမြင်မှန်ရလာတာ
– ဘယ်ကိုမှ ပြေးစရာမရှိအောင် နိုင်ငံတကာက ပိတ်ဆို့အရေးယူထားတာ
အဲ့ဒါတွေကအခုဖြစ်နေပြီး ဆက်လည်းဖြစ်နေဦးမှာတွေပဲ။ ဒါဟာ အာဏာရှင်တွေက မကြောက်ချင်ယောင်ဆောင်နေပြီး တကယ်ကြောက်နေတဲ့ အမှန်တရားတွေ။
ထုတ်ပြောလို့မရသေးတဲ့ အခြေအနေထဲက ကြောက်စရာတွေကရော
-ရုတ်တရက် နိုင်ငံတကာက စစ်ရေးအရ ဝင်ရောက်ပြီး ပစ်ခတ်ဖမ်းဆီးမှာ
– ICC / ICJ ကနေ ဖမ်းဆီးအရေးယူမှာ
– ပြောက်ကျားတိုက်ပွဲတွေဖြစ်လာမှာ ၊ နိုင်ငံတကာက (Anti-China) တွေက ထောက်ပံ့မှာ (ဒီနေရာမှာ ဖြတ်ပြောရရင် anti-china power ကိုကြောက်လို့ မအလတို့ဟာ အခုဆိုရင် ရုရှားကို ပိုကပ်လာပါပြီ၊ မနေ့က ပွဲမှာ တရုတ်ကတက်ရောက်ပေမဲ့ တရုတ်အကြောင်းမပြောဘဲ ရုရှားကမိတ်ဆွေစစ်လို့ပဲ ထုတ်ပြောပါတယ်)
– CRPH ကို ကမ္ဘာကအစိုးရအဖြစ်အသိအမှတ်ပြုပြီး economic flow ကို အဲ့ဒီအစိုးရက ထိန်းချုပ်လာနိုင်မှာ
အဲ့ဒါတွေအတွက်လည်း အာဏာရှင်မှာ ဖြေရှင်းနိုင်လောက်တဲ့ စွမ်းအား၊အရင်းအမြစ် ဘာမှမရှိဘူး။
အဆုံးသတ်ခြုံပြောရရင် ကိုယ်က နိုင်ငံရေးသမားမဟုတ်ဘူး။ ဒါပေမဲ့ လက်ရှိအခင်းအကျင်းနဲ့ ဖြစ်ပျက်နေတာကို သုံးသပ်ကြည့်ရင်တောင် လက်နက်အင်အားနဲ့ ရက်စက်ယုတ်မာခြင်းကလွဲလို့ ကျန်တဲ့နေရာမှာ အနိုင်ရနေတာ ပြည်သူတွေပဲ။
စိတ်ဓါတ်မကျပါနဲ့..ဖောင်ဖျက်ခဲ့ပြီးပြီပဲ အဆုံးထိဆက်သွားကြပါစို့
(ဆိုရှယ်မီဒီယာပေါ်တွင်မျှဝေထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်၍ မူရင်းရေးသားသူကို ခရစ်ဒစ်ပေး ပါသည်။)