ပြည်သူကို မပစ်သတ်ချင်လို့ တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်မ ၇၇ က Capt. Tun Myat Aung နဲ့ New York Times သတင်းစာရဲ့ အင်တာဗျူးကို မနေ့ညက ဖတ်လိုက်ရပါတယ်။
သူ ပြောပြတဲ့အထဲမှာ ပြည်သူတွေ သိထားသင့်တဲ့အရာတွေပါဝင်ပါတယ်။ အဲဒါကြောင့် အဲဒီအင်တာဗျူးထဲက အရာတွေကို နည်းနည်း ထုတ်နှုတ်တင်ပြချင်ပါတယ်။ ဆောင်းပါးတစ်ခုလုံးကို ဘာသာပြန်ထားတာ လုံးဝမဟုတ်ပါဘူး။ ကျွန်တော့်အမြင်တွေလည်း ထည့်ထားပါတယ်။ မူရင်းဆောင်းပါးကိုပဲ ဖတ်ချင်ရင် ကွန်းမန့်ထဲမှာ ပေးထားပါတယ်။ Capt. Tun Myat Aung ဟာ ပြည်သူတွေကို စစ်သားတွေက သတ်ဖြတ်နေကြောင်း မတ်လအစောပိုင်းမှာ Facebook ဖွင့်ကြည့်ရင်း သိသွားခဲ့တယ်လို့ ဆိုပါတယ်။ (အစောပိုင်းက Facebook သုံးခွင့်မရတာမျိုး ဖြစ်နိုင်)။ အဲဒီနောက် ရက်အနည်းငယ် အကြာမှာ သူဟာ တပ်ကနေ ထွက်ပြေးသွားပြီး အခုဆို ပုန်းရှောင်နေပါတယ်။ “ကျွန်တော် စစ်တပ်ကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲဘော်ရဲဘက်စစ်သားတွေကို ကျွန်တော် ပြောချင်တာကတော့ အကယ်၍ ခင်ဗျားတို့ဟာ တိုင်းပြည်နဲ့ တပ်မတော်ကြားမှာ တစ်ခုကိုပဲ ရွေးချယ်ဖို့ ဖြစ်လာပြီဆိုရင် ကျေးဇူးပြုပြီး တိုင်းပြည်ကိုပဲ ရွေးချယ်ကြပါ”လို့ Capt. Tun Myat Aung က ဆိုပါတယ်။
New York Times ဟာ စစ်တပ်အရာရှိ ၄ ဦးခန့်နဲ့ In-depth interview တွေ လုပ်ခဲ့တာ ဖြစ်ပြီး အဲဒီထဲက နှစ်ဦးကတော့ အာဏာသိမ်းကတည်းက ထွက်ပြေးတိမ်းရှောင်နေသူတွေ ဖြစ်ပါတယ်။ ဒီအင်တာဗျူးတွေကတစ်ဆင့် မြန်မာနိုင်ငံကို နှစ် ၆၀ ခန့် အပိုင်စီးထားတဲ့ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ ရှုပ်ထွေးပွေလီတဲ့ပုံရိပ်ကို မြင်ခွင့်ရခဲ့ပါတယ်။ တပ်ထဲစရောက်ပြီဆိုတာနဲ့ စစ်သားသစ်တွေကို တပ်မတော်က စစ်သားတွေဟာ နိုင်ငံရဲ့ ကာကွယ်စောင့်ရှောက်သူ၊ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူတွေ ဖြစ်ကြပြီး တပ်မတော်သာမရှိရင် နိုင်ငံနဲ့ဘာသာဟာ တစ်စစီ ကြေမွပျက်စီးသွားလိမ့်မယ်လို့ သင်ကြားကြပါတယ်။
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် တပ်မတော်ရဲ့ အဓိက Strategy သည် အမျိုး၊ဘာသာ၊ သာသနာ ဆိုတဲ့ ဂျင်းဖြစ်ကြောင်း သိသာပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာဆိုတာ နည်းမှန်လမ်းမှန်နဲ့ တကယ် ကာကွယ်ချင်လို့ သူတို့ဟာ ဒီလိုပေါ်လစီတွေကို ရိုက်သွင်းခဲ့တာ မဟုတ်ပါဘူး။ လူတွေကို ခိုင်းလို့ကောင်းဖို့ အကြောင်းပြချက်ကောင်းတစ်ခု အမြဲလိုပါတယ်။ Nationalism (တကယ်တော့ Nationalism အတု) တို့ Religion တို့ဆိုတာ လူတွေကို မှိုင်းတိုက်လို့ အရမ်းကောင်းတဲ့ Tools တွေ ဖြစ်ပါတယ်။
ဘာသာရေးနဲ့ နိုင်ငံရေးဟာ ဆက်နွယ်နေပါတယ်။ နိုင်ငံရေး Ideology တစ်ခုပုံဖော်ဖို့ ဘာသာရေးကို အသုံးချခဲ့တာတွေ ကမ္ဘာ့သမိုင်းမှာ ရှိပါတယ်။ လူတွေစိတ်ထဲကို သူတို့ရောက်စေချင်တဲ့အရာတွေကို ဘာသာရေးက တစ်ဆင့်ပြောရင် လူတွေဟာ ပိုနားထောင်ကြပါတယ်။ ဘာသာရေး အဓိကရုဏ်း၊ လူမျိုးရေး အဓိကရုဏ်းတော်တော်များများဟာ သူတို့တွေ မျိုးစေ့ချခဲ့တဲ့ အရာတွေဖြစ်ပါတယ်။ ၂၀၁၀ ဝန်းကျင်လောက်ကတည်းက ပရော်ဂျက်တာတွေနဲ့ မူစလင်တွေ ဘယ်လိုသတ်ဖြတ်ကြောင်း ပရော်ဂျက်တာနဲ့ထိုးပြီး တရားပွဲလုပ်ခဲ့တဲ့ ဘုန်းကြီးအတုတွေ ရှိပါတယ်။ ၂၀၁၀ မတိုင်ခင်ကလည်း ဘာသာရေး၊ လူမျိုးရေးတွေကို အမြဲတမ်း ရန်တိုက်ပေးထားခဲ့တာတွေ ရှိပါတယ်။
သူတို့တွေဟာ မြန်မာလူမျိုးတွေရဲ့ အားနည်းချက်ဖြစ်တဲ့ ဘာသာရေးအပေါ် မေးခွန်းပြန်ထုတ်ခြင်း မရှိဘဲ မျက်လုံးမှိတ်ယုံကြည်တတ်ကြခြင်းကို ကောင်းကောင်း အသုံးချခဲ့တာ ဖြစ်ပါတယ်။ မေးခွန်းပြန်ထုတ်တဲ့ အလေ့အကျင့်မရှိအောင်လည်း ပညာရေးကတစ်ဆင့် စနစ်တကျ Brainwashed လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် တစ်ခါပြောဖူးသလိုပဲ Generation တစ်ခုကို ဂျင်းထည့်နိုင်ရင် နောက်ထပ် Generation ၂ ခုလောက်ထိ အဲဒီဂျင်းရဲ့ အရှိန်က မသေပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ အငယ်က အကြီးကို မေးခွန်းပြန်မထုတ်သင့်ဘဲ၊ အကြီးဘာပြောပြာ လက်ခံရမယ်ဆိုတဲ့ Culture ကြီး ရှိနေလို့ပါပဲ။ အထက်က အောက်ကို အာဏာစီးဆင်းတဲ့ပုံစံကို တပ်ထဲမှာသာမကဘဲ တစ်ပြည်လုံးမှာ ပြန့်နေအောင် လုပ်ထားတာ ဖြစ်ပါတယ်။
အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ Ideology ဟာ တစ်တိုင်းပြည်လုံးမှာ ပြန့်နေခဲ့တာ ဖြစ်ပြီး အခု Gen Z တွေ ခေတ်ရောက်မှသာ နည်းပညာတိုးတက်လာမှု၊ ဒိမိုကရေစီနဲ့ ထိတွေ့မှုတွေကြောင့် ဒီဂျင်းတွေရဲ့ အရှိန်ဟာ သေလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက တပ်ထဲက အောက်ခြေစစ်သားအားလုံးဟာ Brainwashed အလုပ်ခံထားရတဲ့အပြင် အပြင်လောကနဲ့လည်း ထိတွေ့ခွင့်မရတော့ အခုချိန်ထိ ဒီဂျင်းကို မိနေပြီး ဆန္ဒပြတဲ့ ပြည်သူအားလုံးကို ရန်သူလို့ပဲ မြင်နေကြပါတော့တယ်။ အခု ရက်ရက်စက်စက် သတ်တာတွေဟာ အဲဒီက စတာဖြစ်ပါတယ်။ သွေးဆာနေတဲ့ စိတ်တွေဟာ ကျွန်တော်တို့ ပြည်သူတွေကို ရန်သူလို့ မြင်ရာကနေ စပါတယ်။ အဲဒီလို မြင်အောင်လည်း အထက်ပိုင်းက စနစ်တကျကို ပြုစုပျိုးထောင်ထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Modern Salvery လုပ်ခြင်းပါပဲ။ ခေတ်သစ် ကျွန်ပြုခြင်းပါပဲ။ အောက်ခြေစစ်သားတွေကို အထက်ကလူတစ်စုဟာ ကျွန်တွေလိုပဲ သဘောထားပြီး သူတို့သတ်စေချင်တဲ့သူကို လိုက်သတ်ခိုင်းနေတာ ဖြစ်ပါတယ်။ ကျွန်တွေကိုတော့ မင်းတို့ဟာ တိုင်းပြည်နဲ့ဘာသာအတွက် ဟီးရိုးတွေပါဆိုပြီး ဂျင်းထည့်ထားပါတယ်။ တကယ်တော့ သူတို့အကျိုး အတွက်ပဲ ခိုင်းနေတာ ဖြစ်ပါတယ်။
အောက်ခြေစစ်သားတွေလုပ်သမျှကို အမြဲတမ်း အထက်လူကြီးက စောင့်ကြည့်နေပါတယ်။ သူတို့ပြောသမျှပဲ ယုံအောင် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ မေးခွန်းထုတ်ချင်လာတဲ့သူမရှိအောင် လုပ်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ တပ်အသိုင်းအဝိုင်းဟာ တစ်နည်းအားဖြင့် မြောက်ကိုရီးယားလိုပါပဲ။ မြောက်ကိုရီးယားလောက်တော့ တစ်နိုင်ငံလုံးကို ဂျင်းအပြည့်အဝ မထည့်နိုင်သေးဘူးပေါ့။ ဒါပေမဲ့ သူတို့ခိုင်းဖို့အတွက်တော့ လုံလောက်တဲ့ သိန်းဂဏန်းကို Brainwashed လုပ်ပြီး လူ့အဖွဲ့အစည်းနဲ့ ဝေးရာမှာ တစ်သီးတစ်သန့်ထားထားတာ ဖြစ်ပါတယ်။ အဲဒီလူတွေကို လက်နက်တပ်ဆင်ပေးထားပြီး သူတို့အကျိုးစီးပွားကိုကာကွယ်ခိုင်းထားတာ ဖြစ်ပါတယ်။
တကယ်တော့ အဲဒီလက်နက်တွေဟာလည်း ပြည်သူတွေရဲ့ ပိုက်ဆံတွေနဲ့ ဝယ်ထားတာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒီနိုင်ငံကြီးကို ပိုင်ပါတယ်။ တပ်မတော်ကလည်း မပိုင်သလို နောက် ဘယ်လို အစိုးရမှလည်း မပိုင်ပါဘူး။ ဒီနိုင်ငံက ထွက်သမျှ သယံဇာတနဲ့ ဝင်ငွေတွေကို တကယ်တမ်းမှာ ကျွန်တော်တို့ ပြည်သူတွေက ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ် ၆၀ ကြာအောင် လူတစ်စုကပဲ သယံဇာတနဲ့ ဝင်ငွေတွေကို ခိုးစားနေခဲ့တာကြောင့် ကျွန်တော်တို့ ပြည်သူတွေဟာ ဆင်းရဲတွင်းနက်နေကြရပါတယ်။ ဒါပေမဲ့ သူတို့ပါးစပ်ကတော့ အမျိုး၊ ဘာသာ၊ သာသနာဆိုတာ ဘယ်တော့မှ မချပါဘူး။
“စစ်သားတွေဟာ ဆန္ဒပြသူတွေကို ရာဇဝတ်ကောင်တွေလို့ပဲ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ တပ်မတော်ကို ဆန္ဒပြရင်၊ အမိန့်မနာခံရင် ရာဇဝတ်ကောင်လို့ပဲ မြင်လို့ ဖြစ်ပါတယ်။ စစ်သားအများစုက သူတို့တစ်ဘဝလုံး ဒီမိုကရေစီအရသာကို မခံစားဖူးပါဘူး။ သူတို့ဟာ အခုထိ အမှောင်ခေတ်ထဲမှာ နေထိုင်နေကြသူတွေဖြစ်ပါတယ်” လို့ Capt. Tun Myat Aung က ပြောပါတယ်။ ဒါ့အပြင် တပ်ထဲမှာက တစ်မိသားစုက သားနဲ့ နောက်တပ်မိသားစုက သမီးနဲ့ ပြန်ပေးစားကြတာ များပါတယ်။ မွေးလာတဲ့ မျိုးဆက်ကိုလည်း စစ်သားအဖြစ် ဆက်ပြီး တာဝန်ထမ်းဆောင်စေပါတယ်။ အရာရှိကတော်တွေကို သာမန်စစ်သားမိန်းမတွေက ဖားကြရပါတယ်။ ယောက်ျားဖြစ်သူ ရှေ့တန်းက အမြန်ဆုံး ပြန်ရောက်စေဖို့၊ သို့မဟုတ် ရာထူးတက်ဖို့ စသဖြင့် ဖားကြရပါတယ်။ ယောက်ျားဖြစ်သူ တိုက်ပွဲကျရင် တပ်ထဲက Single တစ်ယောက်ယောက်က အဲဒီကျန်ခဲ့တဲ့ မိန်းမကို ယူရပါတယ်။
တပ်ထဲမှာ ဆိုက်ဝါးကျွမ်းကျင်သူတွေလည်း ရှိပါတယ်။ ဆိုက်ဝါးထည့်ဖို့ တာဝန်ကို အဓိက ယူကြရတာပါ။ အနောက်နိုင်ငံတွေက မြန်မာကို သိမ်းပိုက်ဖို့ ကြိုးစားနေတယ်ဆိုတာမျိုးလည်း တပ်ထဲမှာ ဖြန့်ထားပါတယ်။ “အခု ပြည်သူတွေကို သတ်နေတဲ့ စစ်သားတွေရဲ့ စိတ်ထဲမှာ သူတို့ဟာ ပြည်ပရန်ကနေ သူတို့နိုင်ငံကို ကာကွယ်ပေးနေတာလို့ပဲ ထင်နေကြပါတယ်” လို့ တပ်ထဲမှာ တာဝန်ထမ်းဆောင်နေဆဲ Captain တစ်ယောက်က ပြောပါတယ်။ “ပြည်ပရန်” ဆိုတာဟာလည်း နောက်ထပ် ဂျင်းတစ်မျိုး ဖြစ်ပါတယ်။ ခွေးလည်ပတ်နဲ့ အကောင့်တွေဟာ တော်လှန်ရေးအတွက် ကြိုးစားနေတဲ့လူတွေကို နိုင်ငံခြားကပဲ ထောက်ပံ့ငွေရနေသလို လိုက်ရေးတတ်တာဟာ အဲဒီဆိုက်ဝါးဖြစ်ပါတယ်။ အခုတော့ အဲဒီအကောင့်တွေဟာ ခွေးလည်ပတ်နဲ့ မဟုတ်ဘဲ နွေဦးတော်လှန်ရေး ပရိုဖိုင်းတွေသုံးပြီး မသိမသာ စိတ်ဓာတ်ကွဲအောင် ဂျင်းထည့်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် မိုဘိုင်းလ်အင်တာနက်ကို ဖြတ်လိုက်တာဟာလည်း အဓိကအချက်က စစ်သားတွေကို အင်တာနက် ဖြတ်ချင်လို့ ဖြစ်ပါတယ်။ စစ်သားအချို့ဟာ သူတို့လုပ်ဆောင်နေရတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိလာတာကြောင့် အဲဒီပြဿနာကို နှိမ်နင်းဖို့ အင်တာနက်ဖြတ်ပြီး စစ်သားတွေကို အပြင်လောကနဲ့ စည်းတားလိုက်တာ ဖြစ်ပါတယ်။ စစ်သားအများစုဟာ အပြင်လောကနဲ့ အဆက်အသွယ်မရှိတာကြောင့် တပ်မတော်သည်သာ သူတို့ရဲ့ တစ်ခုတည်းသော ကမ္ဘာဖြစ်နေကြပါတယ်။ အဆုံးသတ်ရရင်တော့ ဒီအောက်ခြေစစ်သားအများစုဟာ ဆေးမမီတော့တဲ့ Brainwashed အနေအထားဖြစ်နေကြပြီ ဆိုတာပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့ကို ရန်သူလို့ မြင်နေလို့ မျက်လုံးနီကြီးတွေနဲ့ ရက်ရက်စက်စက် သတ်နေကြတာ ဖြစ်ပါတယ်။ သူတို့ဘဝတွေဟာ တပ်ထဲမှာ စုတ်ပြတ်သတ်နေပေမဲ့လည်း သူတို့ဟာ လူတစ်စုကို အရိုးကြေကြေ အရေခမ်းခမ်း ကာကွယ်ပေးနေကြအုံးမယ်ဆိုတာပါပဲ။ ရန်သူအကြောင်းကို ပိုသိလာပြီဆိုတော့ သူတို့ကို ဘယ်လိုနည်းနဲ့ တိုက်ရင် အကျိုးရှိမှာ မဟုတ်ဘူး၊ ဘယ်လိုနည်းနဲ့ တိုက်မှ ရမယ်ဆိုတာကို စဉ်းစားချင့်ချိန် နိုင်ကြပါစေ။
ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေရေးသားထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်၍ မူရင်းရေးသားသူကို ခရစ်ဒစ်ပေးပါသည်။