ဒီရက်ပိုင်း ကိုယ့်တိုင်းပြည် မတည်ငြိမ်တော့မှ တစ်ခြား မတည်ငြိမ်တဲ့ တိုင်းပြည်တွေအကြောင်း ဆက်တိုက် လေ့လာ ကြည့်ဖြစ်တယ်။ အဲ့ဒီလိုလေ့လာကြည့်မိတဲ့အခါ ပထမ စိတ်မချမ်းမသာ ဖြစ်မိတယ်။ နောက်တော့ စိတ်အားတက်ကြွလာတယ်။
စိတ်မချမ်းမသာ ဖြစ်ရတာကတော့ တော်လှန်ရေးကာလနဲ့ တော်လှန်ရေးအလွန် အကွဲအပြဲကြောင့် တိုင်းပြည်တွေ ပျက်နေကြတာတွေကို သိလာရလို့ပါ။
တောင်ဆူဒန်မှာ လွပ်လပ်ရေးရလို့မှ ဝမ်းသာလို့မဆုံးခင် အာဏာလုအကွဲအပြဲ ပြည်တွင်းစစ်ကြောင့် ရေနံသိုက်ကြီး ဖင်ခုထိုင်ပြီး တစ်ပြည်လုံး ငတ်နေကြတယ်။
လစ်ဗျားမှာ ကဒါဖီကို အမေရိကန်က ဝင်ဆော်ပေးလိုက်လို့ အပြင်လူတွေကသာ အားရနေကြတာ။ တက်လာတဲ့ ယာယီအစိုးရအဖွဲ့ကို သူ့ပြည်သူက လက်မခံလို့ ဖွဲ့စည်းပုံမရှိ၊ ဥပဒေမရှိ၊ မင်းမဲ့တိုင်းပြည် ဖြစ်သွားတယ်။
ဆီးရီးယားမှာ အာဆဒ်အစိုးရက ဆန္ဒပြသူတွေကို စက်သေနတ်နဲ့ ပစ်ယုံသာမက လူတွေအစုအလိုက်အပြုံလိုက် သေစေတဲ့ ဓာတုလက်နက်တွေထိ ထုတ်သုံးတယ်။ အဲ့ဒါလည်း UN က ဘာမှ လုပ်မပေးနိုင်ဘူး။ ထုံးစံအတိုင်း တရုတ်နဲ့ ရုရှားနှောက်လို့။ ပြည်သူတွေ လက်နက်ကိုင် တော်လှန်တော့မှ CIA က လက်နက်နဲ့ စစ်ပညာ ဝင်ကူတယ်။ အီရန်နဲ့ ရုရှားက အာဆဒ်ကိုကူတယ်။
ကြားထဲမှာ မတည်ငြိမ်တာကို အခွင့်ကောင်းယူပြီး ISIS အဖွဲ့က တစ်စခန်းထလာတော့ ပြည်သူဘက်ကနေပြီး အာဆဒ်အစိုးရကို ဆော်ပေးရမယ့် အမေရိကန်က မဆော်နိုင်တော့ဘဲ ISIS ကို ပြောင်းဆော်လိုက်ရတယ်။ တော်တော်လည်း အရှက်ကွဲသွားတယ်။ သူလုပ်မှ ပိုဆိုးသွားလို့။ အဲ့ဒါကြောင့် စစ်ရေးအရဝင်တာ လက်တွေ့အလုပ်မဖြစ်ဘူးလို့ အခုနောက်ပိုင်း တွင်တွင်ပြောနေတာ။
ဆီးရီးယားနိုင်ငံ တစ်ကယ့်ကို ပရမ်းပတာဖြစ်သွားတာ အခုဆိုရင် (၁၀) နှစ်ရှိနေပြီ။ သတ်ဖြတ်မှု ကျူးလွန်သူတွေကို ICC တွေဘာတွေ တင်နိုင်လာပေမယ့် တိုင်းပြည်က မတည်ငြိမ်သေးဘူး။
ဒါတွေအားလုံးဟာ တော်လှန်ရေးကာလ အကွဲအပြဲနဲ့ တော်လှန်ရေးအလွန် အကွဲအပြဲတွေကြောင့် ဖြစ်ကြရတာ။ ဒါတွေမြင်ပြီး စိတ်ညစ်သွားမိပေမယ့် သေချာပြန်တွေးကြည့်တော့ ကိုယ်တွေနဲ့ သူတို့နဲ့က မတူဘူး။ ကိုယ်တွေမှာ အခုကတည်းက ရွေးကောက်ခံ CRPH ရှိနေသလို၊ ဒေါ်အောင်ဆန်းစုကြည်လို အများစုလေးစားနာခံတဲ့ အရှိန်အဝါကြီးသူလည်း ရှိနေတယ်။
ဖြစ်နိုင်ခြေရှိတဲ့ အကွဲအပြဲက သုံးခု။ NLD အမာခံတွေရယ်၊ မတရားမှုကို မခံနိုင်လို့ တွန်းလှန်နေကြတဲ့ ကြားနေတွေရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေရယ်။
ဒါတွေမဖြစ်ဖို့ဆိုရင် အခုကတည်းက အားလုံးက တူညီတဲ့အသံ “တစ်သံ” ထဲ ထွက်ဖို့လိုတယ်။ ဒီဘုံတူညီတဲ့ အသံကိုပဲ အာရုံပြုပြီး ကျန် မတူကွဲပြားမှုတွေကို အကုန်မေ့ထားဖို့ လိုတယ်။ ဒါဆိုရင် တော်လှန်ရေးကာလ အကွဲအပြဲ မရှိနိုင်တော့ဘူး။ CRPH ဘက်က အဲ့ဒီအသံကို “အတိအကျ” အကောင်အထည် ဖော်ပေးနိုင်ဖို့ လိုအပ်တယ်။ ဒါဆိုရင် တော်လှန်ရေးအလွန် အကွဲအပြဲ မရှိနိုင်တော့ဘူး။
တစ်ကယ်တော့ လိုချင်တဲ့ တစ်သံထဲကို ရထားပြီးသားပါ။ ၂၀၀၈ ဖျက်သိမ်းရမယ်။ ဖက်ဒရယ်ထူထောင်ရမယ်။ ဒါပါပဲ။ ဒါအရင်ကတည်းက တစ်ဖွဖွ ပြောနေတာပဲ မဟုတ်ဘူးလားဆိုရင်၊ ဘာထူးလို့လဲဆိုရင်၊ အရင်နဲ့ မတူတော့ပါဘူး။ အရင်က ခေါင်းဆောင်ပိုင်းကပဲ အချင်းချင်း ပြောနေတာပါ။ အများစုဖြစ်တဲ့ ဗမာပြည်သူတွေက စိတ်မဝင်စားလှသလို ထောက်ခံမှု သိပ်မရှိလှပါဘူး။ အခုက ထောက်ခံမှုကို အပြည့်အဝနီးပါး ရရှိထားလို့ အခြေအနေက အရင်နဲ့ ဘာမှမဆိုင်တော့ပါဘူး။ ဒီအခြေအနေကို အမိအရယူရမယ်ဆိုတာကို သက်ဆိုင်သူအားလုံးက ရည်မှန်းထားကြဖို့ပါပဲ။
ဒါကလွဲရင် တစ်ခြားကိစ္စတွေမှာ ဘယ်လိုပင် အမြင်တွေ ကွဲပြားနေပါစေ အပြန်အလှန် ခွင့်လွှတ်ပြီး အားလုံးလိုချင်ကြတာ တစ်ခုထဲပါပဲဆိုတဲ့ အသံ “တစ်သံ” ကို တစ်ညီတစ်ညာထဲ ထွက်ကြရပါလိမ့်မယ်။
ဆိုရှယ်မီဒီယာတွင် မျှဝေရေးသားထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါ၍ မူရင်းရေးသားသူ အား ခရစ်ဒစ်ပေးအပ်ပါသည်။