တွံတေးမြို့နယ်ရှိ ကျေးရွာများသို့ စစ်တပ်နှင့်ရဲ ဝင်ရောက်ပြီး နေအိမ်အချို့ရှိ သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများကို လုယက် သွားကြောင်း ဒေသခံများထံက သိရသည်။
တွံတေးမြို့နယ်၊ ဘုရားကြီး စံပြကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာတို့မှ နေအိမ်အချို့သို့ ဝင်ရောက်ကာ ငွေသားများ၊ ရွှေထည် လက်ဝတ် ရတနာပစ္စည်းများ၊ ကင်မရာ စသည့် လူ့အသုံးအဆောင် ပစ္စည်းများ၊ စားနပ်ရိက္ခာများကို သေနတ်ပြခြိမ်းခြောက် လုယက်ယူငင်သွားကြောင်း သိရသည်။
ဘုရားကြီး စံပြကျေးရွာရှိ နေအိမ် ၁ လုံးမှ ဗီရိုအတွင်း သိမ်းဆည်းထားသည့် ငွေသား ကျပ် ၁၀ သိန်း၊ စုစုပေါင်း ၂ ကျပ် သားရှိ လက်ကောက် ၅ ကွင်း၊ ကျပ် ၉ သိန်းဝန်းကျင် တန်ဖိုးရှိ စိန်လက်စွပ် ၁ ကွင်း၊ ရွှေ ၁ ကျပ်သားရှိ လက်စွပ် ၁ ကွင်း၊ ၅ မူးသား ဆွဲကြိုး ၁ ကုံး၊ ၅ မူးသား နားကပ် ၁ ရံ၊ ၅ မူးသား လက်စွပ်မောင်းကွင်း ၁ ကွင်း၊ သိန်း ၂၀ တန်ဖိုးရှိ ကင်မရာ ၁ လုံး၊ ကျပ် ၁၀ သိန်းဝန်းကျင် တန်ဖိုးရှိ iPad ၁ လုံး၊ နာရီ ၂ လုံး တို့ကို မတ်လ ၁ရ ရက်က လုယက် ယူဆောင်သွား ကြောင်း လုယူခံခဲ့ရသူ အိမ်ရှင်ထံက သိရသည်။
အဆိုပါ အိမ်ပိုင်ရှင်က “အိမ်ထဲကို ဝင်လာပြီးတော့ ရေခဲမုန့်တွေလည်း ယူတယ်။ ပိုက်ဆံ ထည့်ထားတဲ့ အိုးပါ ယူသွားတာ။ စျေးဆိုင်မှာ စျေးရောင်းလို့ ရတဲ့ ပိုက်ဆံ ဘယ်လောက်လဲတောင် မရေရသေးဘူး။ ရေခဲမုန့် ဆိုင်ဖွင့်ထားတာကိုး။ စုစုပေါင်း သိန်း ၁၀၀ အထက်မှာပဲ ရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ဒီပစ္စည်းတွေ ပေးဆပ်လိုက်ရတာနဲ့ တန်တဲ့ အောင်မြင်မှုပေါ့။ ဒီမိုကရေစီ ရရှိတယ်ဆိုရင် ကျနော်တို့ ပစ္စည်းတွေ ဆုံးရှုံးတာ တန်တယ်လို့ပဲ သတ်မှတ်တယ်။ အလဟသတော့ မဖြစ်စေချင်ဘူးပေါ့ဗျာ။ ဓားပြကို တိုက်တာ” ဟု ပြောသည်။
မူရင်းသတင်း – ဧရာဝတီ (https://burma.irrawaddy.com/news/2021/03/18/239616.html?fbclid=IwAR22sJVMPFk54lNaXJawXW9Z74gu4yyzP0KOzFSempC3dnf6GamB1Gn1yGk )